သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီလေဆိပ် ဗုံးခွဲတိုက်ခိုက်မှု နိုင်ငံတကာပြစ်တင်ရှုတ်ချ


တူရကီလေဆိပ် ဗုံးခွဲတိုက်ခိုက်မှု
တူရကီလေဆိပ် ဗုံးခွဲတိုက်ခိုက်မှု

တူရကီနိုင်ငံမှာ မနေ့က ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၁ ယောက်သေဆုံးပြီး ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တဲ့အတွက် ကမ္ဘာတဝန်းကနေ ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုလိုက်ကြပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း အင်္ဂါနေ့က တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှု ုဖြစ်ပါတယ်လို့ အချိန်မဆိုင်းဘဲ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

Republican သမ္မတလောင်းအဖြစ်သေချာသလောက်ဖြစ်နေတဲ့ Donal Trump ကတော့ ဒီတိုက်ခိုက်မှုဟာ သိပ်ကိုဝမ်းနည်းစရာကောင်းကြောင်း၊ ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုရဲ့ အပြင်ဘက်မှာသာထားရှိဖို့ အဘက်ဘက်က အတတ်နိုင်ဆုံးဆောင်ရွက်မှဖြစ်မယ်လို့ သူ့ရဲ့ Twitter အင်တာနက်စာမျက်နှာ ကနေ ဖေါ်ပြ လိုက်ပါ တယ်။ Donald Trump က မူဆလင်တွေအားလုံး အမေရိကားကို ဝင်ရောက်ခွင့်ပိတ်ပင်ရမယ်လို့ ပြောခဲ့ဘူးပေမဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ နိုင်ငံတွေကလာတဲ့ မူဆလင်တွေကိုသာ ပိတ်ပင်မှာဖြစ်တယ်လို့ မကြားခင်က လေသံလျှော့ခဲ့ပါတယ်။

Democratic သမ္မတလောင်းအဖြစ်သေချာသလောက်ဖြစ်နေတဲ့ Hillary Clinton ကတော့ တူရကီပြည်သူတွေအပေါ် စာနာပါကြောင်းအလေးအနက်ပြောဆိုလိုက်ပြီး၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကြမ်းဘက်ခြိမ်းခြောက်မှုကို ကာကွယ်ကြဖို့ အတွက် အရှေ့အလယ်ပိုင်းနဲ့ ဥရောပက မဟာမိတ်တွေနဲ့ အတူ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ကြဖို့ဆော်သြလိုက်ပါတယ်။ အစ္စတန်ဘူလ်မြို့ကို တိုက်ခိုက်မှုဟာ ကမ္ဘာတဝန်း အကြမ်းဖက်ဝါဒအင်အားစုတွေနဲ့ အစွန်းရောက် အသေခံအကြမ်းဖက်ဝါဒကို တိုက်ဖျက်မယ့် အမေရိကန်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ပိုပြီး စွမ်းအားဖြည့်ပေးလိုက်တာပါဘဲ။ ဒါကြောင့် အမေရိကန်အနေနဲ့ တုန့်ဆိုင်းနောက်ဆုတ်နေလို့ မဖြစ်ဘူးဆိုတာကို သတိပေးလိုက်တာ လည်းဖြစ်ပါတယ်လို့ Hillary Clinton ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၊ ဂျာမန်ဝန်ကြီးချုပ် Angela Markel, ပြင်သစ်သမ္မတ Francois Hollande, Belgium ဝန်ကြီးချုပ် Charles Michel တို့အပါအဝင် ကမ္ဘာတဝန်း ခေါင်းဆောင်တွေက တူရကီအကြမ်းဖက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေကို ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်မှုကို အပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG