သုံးရလွယ်ကူစေသည့် Link များ

တူရကီမှာ ထောင်ကျ ၃၀,၀၀၀ ကျော် လွှတ်ပေးဖို့ရှိ


တူရကီ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အဖမ်းခံရတဲ့ စစ်သားတဦး

တူရကီနိုင်ငံမှာ ထောင်ကျနေသူတွေထဲက ပြစ်ဒဏ် နှစ်နှစ်အောက် ဆက်ပြီးကျခံဖို့ ကျန်သေးသူ အကျဉ်းသား ၃ သောင်း ၈ ထောင်ကို လွှတ်ပေးဖို့ စီစဉ်နေပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်တခုထဲမှာ အကျဉ်းသားတွေလွှတ်ပေးမယ့်ကိစ္စ လည်း ပါလာတာပါ။ မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး မကြာသေးခင် သီတင်းပတ်တွေအတွင်း ဖမ်း ထားတဲ့ လူ ထောင်ပေါင်းများစွာကို ထောင်ထဲမှာထားဖို့ နေရာရလာအောင် လက်ရှိ ထောင်ကျတွေကို လွှတ်ပေးဖို့စီစဉ်တာပါ။

အမိန့်ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တူရကီ တရားရေးဝန်ကြီး Bekir Bozdag က ဒီကနေ့မနက်ပိုင်းမှာ Twitter ကနေ ဆက်တိုက် လို ရေးတင်တာပါ။ အခုလိုလွှတ်ပေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ သတ်မှတ်ချက်တွေနဲ့ လွှတ်ပေးတာသာဖြစ်တယ် လို့လည်း သူက သတိပေးထားပါတယ်။

ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး၊ ထိန်းကွပ်ကြပ်မတ်တဲ့နည်းနဲ့ လွှတ်ပေးပြီးတော့ ကျန်နေသေးတဲ့ ပြစ်ဒဏ်ကို ထောင် ပြင်ပမှာ ဆက်ကျခံသွားရမှာပါလို့ ၀န်ကြီး Bozdag က Twitter မှာရေးပါတယ်။ ဒီအစီအစဉ်ဟာ အကျဉ်းသားတွေအတွက်၊ သူတို့မိသားစုတွေအတွက်၊ ကျနော်တို့လူထုနဲ့တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ကျနော် မျှော်လင့်ပါတယ်ဆိုပြီးတော့လည်း တရားရေးဝန်ကြီးက ရေးပါတယ်။

ထောင်ဒဏ် နှစ်နှစ်အောက်ပဲ ကျန်တော့တဲ့ အကျဉ်းသားတွေသာမက ပြစ်ဒဏ်ရဲ့ထက်ဝက်ကျော်ကို ကျခံပြီးသား အကျဉ်းသား တွေအနေနဲ့လည်း အယူခံဝင်ခွင့်ရမှာပါ။ လူသတ်မှု၊ အကြမ်းဖက်ဝါဒဆိုင်ရာပြစ်မှု၊ မိသားစုတွင်း နှိပ်စက်ညှဉ်းပန်းမှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ထောင်ကျနေသူတွေတော့ ဒီအမိန့်ထဲမှာ အကျူံးမ၀င်ပါဘူး။

XS
SM
MD
LG