သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းခေါင်းဆောင်ဆိုသူကို လွှဲပေးဖို့ တူရကီသမ္မတတောင်းဆို


အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ မူဆလင်တရားဟောဆရာ Fethullah Gulen က တူရကီနိုင်ငံမှာ သောကြာနေ့က အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ သူ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်ပါတယ်။

တချိန်က Gulen နဲ့ မဟာမိတ်ဖြစ်ခဲ့သူ တူရကီသမ္မတ Recep Tayyip Erdogan ကတော့ သောကြာနေ့က သူ့ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်အခြေစိုက် တရားဟောဆရာ Gulen အပေါ် ထောက်ခံသူတွေကို အပြစ်တင်ထားတာပါ။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ Gulen ကို ဖမ်းဆီး ဒါမှမဟုတ် လွှဲပြောင်းပေးဖို့ - တူရကီသမ္မတ က အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကို တောင်းဆိုခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဘာသာရေးဆရာ Gulen ရဲ့ Hizmet လှုပ်ရှားမှုဟာ သတင်းမီဒီယာ၊ ရဲနဲ့ တရားရေးဌာန အပါအဝင် တူရကီ လူမှုအသိုင်းအဝိုင်းမှာ သြဇာလွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

ပန်ဆာဗေးနီးယားပြည်နယ်မှာ လက်ရှိ နေထိုင်နေတဲ့ တရားဟောဆရာ Gulen ကတော့ - စစ်အာဏာ သိမ်းဖို့ ကြိုးပမ်းမှု ဆိုတာကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း စနေနေ့က ပြောဆိုခဲ့သလို နောက်ကွယ်မှာ သူပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း အခိုင်အမာ ငြင်းဆန်ခဲ့ပါတယ်။

ဒါ့အပြင် တူရကီမှာရှိတဲ့ သူ့ကိုထောက်ခံသူတဦးဦးက သမ္မတ အာဒိုဝမ်ကို ဖြုတ်ချဖို့ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်ခဲ့သလား ဆိုတာကိုလည်း သူမသိခဲ့ကြောင်း Gulen က ပြောဆိုခဲ့ပြီး၊ သူဟာ ၁၉၉၉ ခုနှစ်မှာကတည်းက တူရကီကနေ ထွက်ခွာလာသူ၊ အခုအခါမှာ တူရကီမှာ သူကို လက်ရှိ ထောက်ခံနေသူတွေဟာ ဘယ်သူတွေလဲဆိုတာတောင် သူ မသိဘူးလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ - အာဏာသိမ်းမှုကို Gulen က ရှုတ်ချခဲ့ပြီး - လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကသာ အစိုးရတွေကို တင်မြှောက်ရမှာဖြစ်ပြီး၊ အင်အားသုံးလို့ မရဘူးလို့လည်း ပြောဆိုခဲ့တာပါ။ တူရကီနိုင်ငံ၊ တူရကီလူထုနဲ့ နိုင်ငံတွင်းမှာ လတ်တလော ရှိနေသူတွေ အားလုံးအတွက်ရော - အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ အတွက်ကိုပါ ဘုရားသခင်ထံ ဆုတောင်းတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကတော့ - Gulen ကို လွှဲပြောင်းပေးဖို့ မေတ္တာရပ်ခံချက်ကို စဉ်းစားမှာဖြစ်ပေမဲ့ - Gulen ရဲ့ မှားယွင်းတဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဘက်လိုက်မှုမရှိတဲ့ အထောက်အထားကို တင်ပြနိုင်မှသာ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG