သုံးရလွယ်ကူစေသည့် Link များ

တူရကီနဲ့ နှစ်နိုင်ငံဆက်ဆံရေး အပြည့်အ၀ ပြန်လည်ထားရှိဖို့ ရုရှားလိုလား


တူရကီနိုင်ငံနဲ့ ဆက်ဆံရေး အပြည့်အဝ ပြန်လည်တည်ဆောက်ဖို့ ရုရှားသမ္မတ Vladimir Putin က သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့တော့ အချိန်ယူရလိမ့်မယ်လို့ တူရကီသမ္မတ Recep Tayyip Erdogan နဲ့ ရုရှားနိုင်ငံ Saint Petersburg မြို့မှာ ဆွေးနွေးအပြီးမှာ သမ္မတ Putin က ပြောကြားခဲ့ပါတယ်။

တူရကီနဲ့ ရုရှားနိုင်ငံကြား အရင်ကရှိခဲ့တဲ့အတိုင်း ဒေါ်လာ ဘီလီယံ ၁၀၀ တန်ဖိုးကုန်သွယ်မှုကို ပြန်လည်ရနိုင်အောင် လုပ်သွားမယ်လို့ သမ္မတ အာဒိုဝမ်က ပြောခဲ့သလို ၂ နိုင်ငံကြား လေယာဉ်ခရီးစဉ်တွေ ပြန်လည် ပြေးဆွဲနိုင်ဖို့ အရှိန်မြှင့် လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့နဲ့ တူရကီအတွက် ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံတည်ဆောင်နိုင်ရေး ညှိနှိုင်းမှုတွေ လုပ်သွားဖို့လည်း သူ့ဘက်က အဆင်သင့်ဖြစ်နေပြီလို့ တူရကီသမ္မတက ဆိုခဲ့ပါတယ်။

ဆီးရီးယားပဋိပက္ခနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်ရနိုင်ရေးအတွက် နောက်ထပ်တွေ့ဆုံဆွေးနွေးကြဖို့လည်း ခေါင်းဆောင် ၂ ယောက် သဘောတူခဲ့ ကြပါတယ်။ ဆီးရီးယားစစ်ပွဲမှာ ရုရှားက ဆီးရီးယားသမ္မတ Assad ဘက်က ထောက်ခံပြီး အစိုးရတပ်တွေဘက်က ကူညီ တိုက်ခိုက်ပေးနေတာပါ။

တူရကီကတော့ Assad တပ်တွေကို တိုက်ခိုက်နေသူတွေဖက်ကို ထောက်ခံနေတာဖြစ်ပါတယ်။ တူရကီမှာ မအောင်မြင်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက် အာဏာသိမ်းမှုကို အားပေးထောက်ခံတယ်လို့မသင်္ကာသူ သောင်းနဲ့ချီကို ဖမ်းဆီး အလုပ်ဖြုတ်တာတွေ လုပ်နေတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုတွေကို တော်တော်လေး ရင်ဆိုင်နေရတာပါ။

အဲဒီလို အခြေအနေမှာ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ကြိုးစားနေတာလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆီရီးယားနယ်စပ်မှာ ရုရှားတိုက်လေယာဉ်ကို တူရကီက ပြစ်ချခဲ့ပြီးနောက် ရုရှားနဲ့ တူရကီနိုင်ငံကြားမှာ ဆက်ဆံရေး တော်တော်လေး တင်းမာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG