သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု လူငယ်သဘာဝ ပုဂ္ဂိုလ်ရေးမကျေနပ်မှုလို့ ပြည်ထဲရေးပြော


ဦးကိုနီလုပ်ကြံခံရမှု ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ
ဦးကိုနီလုပ်ကြံခံရမှု ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ဖမ်းဆီးရမိထားတဲ့ ဇေယျာဖြိုးနဲ့ လွတ်မြောက်နေတဲ့ အောင် ဝင်းခိုင်တို့ရဲ့ လူငယ်ဘာ၀ ပုဂ္ဂိုလ်ရေး မကျေနပ်မှုမှာ အခြေခံတယ်လို့ ယူဆကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်း က ပြောဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကတော့ ကွင်းဆက်ေ တွကို စဉ်ဆက်မပြတ် ဖော်ထုတ်သွားဖို့ ကြိုးစားနေကြောင်း ပြောဆိုပါတယ်။ ဒီသတင်း ကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဦးကိုနီလုပ်ကြံသတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ပထမဦးဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မြို့က မူးယစ်ဆေးဝါးပြတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်း၊ ကြည်လင်းကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ် ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်နဲ့ တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်ကြောင်း ရှင်းလင်း ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက စစ်ဆေး တွေ့ ရှိချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

သတင်းစာရှင်းပွဲတွင် တွေ့ရသည့် ရဲချုပ်ဇော်ဝင်း
သတင်းစာရှင်းပွဲတွင် တွေ့ရသည့် ရဲချုပ်ဇော်ဝင်း

“ဇေယျာဖြိုးဟာ ၂၀၁၆ ခုနှစ် ဧပြီလဆန်းမှာ အောင်ဝင်းခိုင်နှင့် ဦးဇော်သက်ထွန်း တို့နဲ့ အတူ တာမွေမြို့နယ် မော်ဒန်လဘက်ရည်ဆိုင်မှာ မကြာခဏ ၃ဦးတွေ့ဆုံစဉ်မှာ လူမှု ကွန်ယက်များမှာ တွေ့နေကြရတဲ့ ဦးကိုနီရဲ့ ပြောဆိုလုပ်ကိုင် ဆောင်ရွက်နေမှု များကို ပြောဆိုဆွေးနွေးခဲ့ကြ ပြီးတဲ့အခါမှာတော့ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။ ဇေယျာဖြိုးနဲ့ အောင်ဝင်းခိုင် တို့ဟာ ဘော်ဒါလဘက်ရည်ဆိုင်က အပြန် ကားပေါ်မှာ အောင်ဝင်းခိုင်က ဦးကိုနီကို ရှင်းပစ်မှကောင်းမယ်လို့ ပြောခဲ့ကြောင်း ….”

အဲဒီနောက်မှာတော့ အောင်ဝင်းခိုင်က သူ အကိုဖြစ်သူ အောင်ဝင်းဇော်ကတဆင့် ကြည်လင်းကို လုပ်ကြံစေခဲ့ကြောင်း ထည့်သွင်းရှင်းလင်း ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအပေါ် အခြေခံပြီး လုပ်ကြံတယ်ဆိုတဲ့အပေါ် ရဲတပ်ဖွဲ့ရဲ့ အမြင်ကို သတင်းထောက် တဦးက မေးမြန်း ရာမှာတော့ ရဲချုပ်ဇော်ဝင်းက အခုလို ပြောဆိုပါတယ်။

“လတ်တလော တွေ့ရှိချက်အရတော့ ကျနော်တို့ ပေါ်ပေါက်နေတာကတော့ သူ့ရဲ့ ပြုမှုဆောင်ရွက်ချက် အသွားအလာ အနေအထိုင် အပြော အဆိုတွေပေါ် မူတည်ပြီးတော့မှ လူငယ်ပီပီ ပုဂ္ဂိုလ်ရေးအရ မကြေနပ်ချက်ကလေးတွေနဲ့ ဖြစ်တယ်ဆိုတဲ့ evidence အစလေးတော့ ရနေ တယ်လို့ပြောလို့ရတယ်၊ သူ့မှာတွေ့တဲ့ evidence အစနလေးကိုပဲ ကျနော်တို့ ထုတ်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ တကယ့်ကျယ်ကျယ် ပြန့်ပြန့် ကတော့ အောင်ဝင်းခိုင်ကို ရလာတဲ့အခါမှာ ကျနော်တို့ ရုပ်လုံးပေါ်ဖို့ .. ဒီထက် ရုပ်လုံးပေါ် တဲ့အချိန် ပြောပြနိုင် လိမ့်မယ်လို့ ဖြေကြားလို ပါတယ်”

ပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန် သတင်းစာရှင်းလင်းပွဲ
ပြည်ထဲရေးဝန်ကြီးဌာန ရန်ကုန် သတင်းစာရှင်းလင်းပွဲ

ဦးကိုနီကို လုပ်ကြံမှုမှာ လူငယ်ဘာ၀ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံကြောင်း ပြောဆို ထားတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး တခြား ပါဝင် ပတ်သက်သူတွေ မရှိတော့ဘူးလား ဆိုတဲ့ အမေးကိုတော့ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားပါတယ်။

“ အခု အောင်ဝင်းခိုင် မမိမချင်း အောင်ဝင်းခိုင်မိရင် ဘာဆက်လုပ်ရမလဲ၊ ဒီကြား .. ဇေယျာဖြိုးနောက်မှာ ဘာတွေ ဆက်ရှိနိုင်မလဲ ဆိုတာတော့ ကိုယ်တို့က စဉ်ဆက်မပြတ် လုပ်နေရမှာပဲ။ အဲဒါကြောင့် တချို့ဟာလေးတွေ ငါတို့ မပြောနိုင်သေးဘူးဆိုတဲ့ ကိစ္စလေးတွေ .. ပြောနေခြင်းပဲ ဖြစ်ပါတယ်။ အခုအခြေအနေ အရတော့ ငါတို့က ရသလောက်လေးကို ထုတ်ပြန်တာပဲဖြစ်တယ်။ နောက်ထပ် ဘာတွေဆက်ရှိ နိုင်တယ် ဆိုတာတော့ အကိုတို့က ဆက်စုံစမ်းနေရမှာပဲ။ ဒီဟာ ရပ်ထားလို့မရဘူး ရပ်ထားလို့ ရတဲ့ ကိစ္စမဟုတ်ဘူး ”

လောလောဆည် ဖမ်းဆီးရမိ တရားခံ ၃ ဦးအပြင် အမျိုးသား ၇၁ ဦး၊ အမျိုးသမီး၂ ဦး စုစုပေါင်း ၇၃ ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်းလည်း ရှင်းလင်း တင်ပြခဲ့ပါတယ်။ သတင်းစာဆရာ- နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးစည်သူအောင်မြင့် ကတော့ လူငယ်ဘာ၀ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် လုပ်ကြံတယ်ဆိုတဲ့ အပေါ်အခုလို သုံးသပ် ပါတယ်။

“ လူငယ်သဘာ၀ ဆိုတာကတော့ ဘယ်လိုလုပ် သွားလက်ခံမလဲ၊ သူတို့တွေက အငြိမ်းစား အရာရှိကြီးတွေလေ။ လွတ်နေဆဲ တယောက် အောင်ဝင်းခိုင်ဆိုရင် တပ်မတော်မှာ သူက ဒုဗိုလ်မှူးကြီး အဆင့်လောက်လေ၊ အဲဒါ နည်းတဲ့ရာထူးကြီး မဟုတ်ဘူး။ အယ် လူငယ်လို့ သုံးနှုန်းတာ၊ အဲဒါတွေကတော့ ဒီအမှုနဲ့ပတ်သက် ပြီးတော့မှ ပြည်သူလူထုတွေရဲ့ နားလည်မှုထဲမှာ လူငယ် သဘောသဘာ၀ ဘာညာဆိုရင် ဒါ နားလည်မှု လွဲစေနိုင်တဲ့ စကားလုံး အသုံးအနှုန်းပေါ့။ အဲဒီတချက်ကတော့ အဲလိုမြင် ပါတယ် ”

နောက်တချက် အနေနဲ့လည်း သူက အခုလို ဆက်ပြောပါတယ်။

“ ဒုတိယ တချက်ကတော့ တကယ့်တကယ် ဖြစ်သွားတဲ့ ဖြစ်ရပ်ကို သေချာပြန်ကြည့် လိုက်ရင်၊ သေချာ စီစဉ်တဲ့ပုံတွေ ပေါ်တယ်လေ။ ငွေကြေး သုံးစွဲမှုတွေ ရှိမယ်၊ နောက် ပြီးတော့ လေဆိပ်လိုနေရာမျိုးမှာ လုပ်ဖို့ သူတို့ကြံစည်တယ်။ နောက်အဲဒီမှာ လက်နက်တွေ.. လက်နက်တွေပါ ဝယ်ရမယ်ဆိုတဲ့ ကိစ္စတွေလည်း ပါလာတယ်။ လုပ်ကြံမယ့်သူကို ဘယ်မှာလေ့ကျင့်စေသလဲ၊ ကြံစည်တဲ့ကာလကလည်း .. သူတို့ တိုင်ပင်တာက ဒီ ၂၀၁၆ ဧပရယ်တို့ ဘာတို့ အဲသလိုမျိုး ပြောတာကိုး၊ ပြောတော့ ကာလ ကလည်း အကြာကြီးပဲလေ၊ ဒါတွေ အချက်အလက်တွေ အများကြီး ရှိသေးတယ်လေ။ ကျနော်တို့ အခု ကနဦးသတင်းတွေ တက်လာသလိုမျိုး .. လဘက်ရည်ဆိုင်မှာ စကား တခွန်း နှစ်ခွန်းပြောမိပြီးတာနဲ့ ဒီလောက်ကြီး ကြံစည်လိုက်တယ် ဆိုတဲ့ဥစ္စာက ပြည်သူ လူထုကို ကြေနပ်စေလောက်တဲ့.. အမှုကို သေချာ ဟိုဟာ ဖြစ်စေလောက်တဲ့ အနေအထား မျိုးတော့ မတွေ့ရဘူး ”

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ သိန်းထောင်နဲ့ချီ သုံးစွဲခဲ့ကြောင်းလည်း သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့ သတင်းစာ ရှင်းလင်း ပွဲမှာတော့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့ တက်ရောက် ရှင်းလင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG