သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းတင်ကွယ်လွန်ခြင်း ဆုံးရှုံးမှုအဖြစ် လုပ်ဖော်ကိုင်ဘက်တွေ ရှုမြင်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်အား ပါတီအစည်းအဝေးတစ်ခုမှာ တွေ့ရစဉ်။ (ဧပြီ ၂၈၊၂၀၀၉)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်အား ပါတီအစည်းအဝေးတစ်ခုမှာ တွေ့ရစဉ်။ (ဧပြီ ၂၈၊၂၀၀၉)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ တနင်္လာနေ့ နံနက် ၆ နာရီခွဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှု ခံယူနေရင်း ကွယ်လွန်သွားတာပါ။ ဦးဝင်းတင် ကွယ်လွန်မှုအပေါ်မှာ သူနဲ့အနီးကပ်နေခဲ့ကြတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ စာနယ်ဇင်း အသိုင်းအဝိုင်း ထင်ရှားသူတွေကလည်း ယူကျုံးကြမရ ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားအစီအစဉ်နဲ့ သူ့ကို ချစ်ခင် လေးစားသူတွေက ဘယ်လို သဘောထားတွေ ရှိနေလဲ ဆိုတာကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က စုစည်းတင်ပြပေးထားပါတယ်။

ဆရာဦးဝင်းတင် အခုလို ကွယ်လွန်ခဲ့တာဟာ အရင်စစ်အစိုးရလက်ထက် ထောင်တွေထဲမှာ ဆိုးဆိုးရွားရွား နေထိုင်ခဲ့ရတဲ့ အနေအထားတွေကြောင့် ကျန်းမာရေး ခြွတ်ခြုံကျလာခဲ့ရတာဖြစ်တဲ့အကြောင်း အဖွဲ့ချုပ်ရဲ့ နာယကလည်းဖြစ်၊ ဦးဝင်းတင်နဲ့ ကာလအတော်ကြာ အတိုက်အခံပါတီမှာ အတူ ဦးဆောင်ခဲ့တဲ့ မိတ်ဆွေကောင်းလည်းဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက ပြောပါတယ်။

“ဘဘဦးဝင်းတင် ဆုံးရှုံးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အင်မတန်မှ အဖိုးတန်တဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ့နော်။ အများကြီး ဆုံးရှုံးနစ်နာပြီး ဝမ်းနည်းကြေကွဲရပါတယ်။ နောက်ပြီးတော့လည်း ဦးဝင်းတင်က တလျှောက်လုံးမှာ စာပေလောကတလျှောက်လုံး တိုင်းကျိုးပြည်ကျိုး ပြုလာတဲ့ပုဂ္ဂိုလ်၊ တချိန်မှာလည်းပဲ အင်မတန်သြဇာကြီးတဲ့ ဟံသာဝတီသတင်းစာကြီးရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ သတင်းစာအယ်ဒီတာချုပ်လည်း တာဝန်ထမ်းဆောင်လာခဲ့တာ အင်မတန်မှပဲ သူ့ခေတ်သူ့အခါနဲ့ ပြောင်ပြောင်မြောက်မြောက်တွေ လုပ်ခဲ့တာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့လည်းပဲ ပြည်သူ့အကျိုးပြုစာတွေ ရေးခဲ့တာလည်း အများကြီးပေါ့။ နောက်ပြီး အဖွဲ့ချုပ်စတည်ထောင်ကတည်းက ပါလာတာ။ ပါလာပြီးတော့ တတ်သိပညာရှင်၊ ဗဟိုအဖွဲ့ ခေါင်းဆောင်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အဖွဲ့အစည်းကနေပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးပြီးတော့ ပါရှိလာကြတဲ့အထဲမှာလည်းပဲ သူက အဓိကပါလာတဲ့ ခေါင်းဆောင်တစ်ယောက်ပဲလေ။”

ဆရာကြီး ဦးဝင်းတင်ဟာ သူ့ရဲ့ (၈၄) နှစ်မြောက် မွေးနေ့ပွဲအပြီး Green Cross ဆေးရုံမှာ သီတင်းပတ်နဲ့ချီ ဆေးကုသခံနေရာကနေ ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့ဲ ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ပါတယ်။ ဝိတိုရိယဆေးရုံမှာလည်း ICU တင်ခဲ့ရပြီး ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသမှု ခံယူအပြီး ဆေးကုသမှုခံယူခဲ့တဲ့ ၁ လနဲ့ သီတင်း ၁ ပတ် အကြာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့တာပါ။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ဇာတိဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မြန်မာနိုင်ငံဖြတ်သန်းခဲ့တဲ့ ဒီမိုကရေစီ ခရီးကြမ်းကာလမှာ စစ်အစိုးရကို ဒူးမထောက် လက်မမြောက် တိုက်ပွဲဝင်ခဲ့သူအဖြစ် ဒီမိုကရေစီလိုလားတဲ့ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုကိုလည်း ခံယူထားသူဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ ၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ စတင် ထူထောင်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရတဲ့ နောက်ပိုင်း မန္တလေးမြို့မှာထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာမှာ အယ်ဒီတာချုပ်အဖြစ် ၁၀ နှစ်နီးပါး လုပ်ကိုင်ခဲ့ပြီးတဲ့နောက် ဟံသာဝတီ ဦးဝင်းတင်အဖြစ် လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။

သတင်းစာ ဆရာ ဘဝ၊ နိုင်ငံရေးသမားဘဝတွေမှာ အတူ ဖြတ်သန်းခဲ့ဖူးတဲ့ သတင်းစာဆရာ ၊ စာရေးဆရာကြီး မောင်မိုးသူကတော့ အဘ ဦးဝင်းတင် ဆုံးပါးခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ကြယ်ပွင့်တစ်ပွင့် ကြွေလွင့်မှုအဖြစ် အသိအမှတ်ပြု ပြောခဲ့ပါတယ်။

“စာရေးဆရာဘဝလည်းအတူတူ၊ အရေးအခင်းမှာလည်း အတူတူပေါ့နော်၊ နိုင်ငံရေးလုပ်တော့လည်းအတူတူ၊ ထောင်ကျတော့လည်းအတူတူ အခုနောက်ဆုံး ထောင်တွေရှင်းထုတ်တော့လည်း အတူတူလွတ်ကြတာပေါ့။ အဲဒါကတော့ဗျာ- ကျနော်တို့အကုန်လုံး ဆုံးရှုံးတာပဲပေါ့။ လူပုဂ္ဂိုလ်အရရော၊ တိုင်းပြည်အတွက်ရော၊ နိုင်ငံရေးအရရော အားလုံးဆုံးရှုံးတာပေါ့။”

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူတွေအတွက် ရဲရဲရပ်တည်မှုတွေနဲ့အတူ စာနယ်ဇင်းသမား ဘဝကနေ နိုင်ငံရေးမုန်တိုင်းတွေကြားမှာ ရဲရဲတင်းတင်း ဖြတ်သန်းခဲ့ရင်းနဲ့ စစ်အစိုးရရဲ့ ရက်စက်မှုအမျိုးမျိုးကြားက ထောင်တွင်းမှာ ဘဝရဲ့ အကောင်းဆုံးအချိန်တွေကိုလည်း ပေးဆပ်ခဲ့ရပါတယ်။

အဘဦးဝင်းတင်လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်မရောက်ခင်မှာ အခုလို ကွယ်လွန်ခဲ့တဲ့အပေါ် ဒီမိုကရေစီ တိုက်ပွဲဝင်ရဲဘော်တစ်ဦး လမ်းတစ်ဝက်မှာတင် ကျဆုံးသွားတာအဖြစ် ဝမ်းနည်းတယ်လို့လည်း စာရေးဆရာကြီး တက္ကသိုလ်စိန်တင်က ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းမှာ အမြင့်မားဆုံး သူရဲကောင်းတစ်ယောက် ကျဆုံးသွားခြင်းလို့ ယူဆပါတယ်။ ဦးဝင်းတင်နဲ့ယှဉ်နိုင်တဲ့ ဒီမိုကရေစီသူရဲကောင်းရယ်လို့ မြန်မာနိုင်ငံ ဒီမိုကရေစီသမိုင်းမှာတော့ ကနေ့အထိ မရှိသေးဘူးလို့ ပြောချင်ပါတယ်။ ဦးဝင်းတင်ရဲ့ ဇွဲ၊ သတ္တိ၊ မာန်တွေဟာ ဘယ်သူမှ တုနှိုင်းမမီတဲ့ အခြေအနေကို ရောက်လာပြီးတော့ ဒူးမထောက် လက်မမြောက်ဆိုတဲ့ ဝါဒကို လက်ကိုင်ထားပြီးတော့ ကွယ်လွန်သေဆုံးသွားတဲ့အထိ ဒီမိုကရေစီဘက်က ရပ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။”

ဆရာကြီးဦးဝင်းတင်ဟာ စာပေ၊ ပန်းချီ၊ သဘင်ဂီတ၊ နိုင်ငံရေး၊ ဆောင်းပါး စာတမ်း ဝေဖန် သုံးသပ်ချက် အစရှိတာတွေ အမြောက်အများ ရေးသားခဲ့သူဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့မှာ ဦးဝင်းတင် ဖမ်းဆီးခံခဲ့ရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသလို ထောင်တွင်းမှာ ထပ်တိုး နှစ်ရှည်ထောင်ဒဏ်တွေ အကြိမ်ကြိမ် ချမှတ်ခံထားရပြီး အကျဉ်းထောင်သက်တမ်း စုစုပေါင်း ၁၉ နှစ်နီးပါးကြာ ထောင်ထဲမှာ နေထိုင်ခဲ့ရတယ်လို့လည်း နိုင်ငံရေးအကျဉ်းသားအရေး ကူညီသူတွေက ပြောပါတယ်။
ဆရာဦးဝင်းတင်ဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ရဲ့ ကြွင်းကျန်တဲ့ ရုပ်ကလာပ်ကို ရေးဝေးသုဿန် ရေခဲတိုက်မှာ ထားရှိထားပေမယ့် ဈာပန အခမ်းအနားကို အများပြည်သူ ဂါရဝပြုနိုင်ကြဖို့ ရန်ကုန်မြို့၊ ပြည်လမ်း ယုဒသန်ခမ်းမမှာ သူ့ရဲ့ဓာတ်ပုံနဲ့အတူ ၃ ရက် ကြာ ထားရှိမှာဖြစ်ပါတယ်။ ဧပြီလ ၂၃ ရက်နေ့မှာ အသုဘအခမ်းအနားကျင်းပမှာဖြစ်ပြီး ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှာ မဟုတ်ဘဲ ဂူသွင်းမှာဖြစ်ကြောင်း ဈာပန အခမ်းအနား စီစဉ်သူတွေက ပြောပါတယ်။
XS
SM
MD
LG