သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပူးပေါင်းလုပ်ဆောင်မှုအားနည်းလို့ မြန်မာစစ်အစိုးရအပေါ် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက်


ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘနကီမွန်း (စက်တင်ဘာ ၂၃၊ ၂၀၁၀)
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘနကီမွန်း (စက်တင်ဘာ ၂၃၊ ၂၀၁၀)

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး အကျပ်အတည်းကိုရော လက်နက်ကိုင် ပဋိပက္ခတွေကိုပါ နှစ်ခုစလုံး ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်ရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာအစိုးရဟာ ပျော့ပြောင်းလာတဲ့ လက္ခဏာအချို့ တွေ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ဖမ်းဆီးထားတာကြောင့် စိုးရိမ်စရာ အခြေအနေ ရှိနေတုန်းပဲလို့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာ သိသာအထင်ရှားဆုံး လုပ်ရပ်အနေနဲ့ အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုမယ်လို့ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် မနေ့က အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာထဲမှာ ထည့်သွင်း ရေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြုံနေရတဲ့ အဓိက ပြဿနာ နှစ်ရပ်ကိုလည်း အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့တယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ Martin Nesirky ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းရော လက်နက်ကိုင် ပဋိပက္ခကိုပါ နှစ်ခုစလုံး ကျော်လွှားနိုင်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ရော အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေး ကိစ္စတွေပါ။ ဒါတွေဟာ မြန်မာနိုင်ငံအနေနဲ့ တပြိုင်နက်တည်း ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေ ဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။”

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်အောင် လုပ်ပေးဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းကောင်းတွေ စတင်ဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို အတန်တန် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရဖက်က ဒီတောင်းဆိုမှုတွေကို လျစ်လျူပြုခဲ့တာအပြင် အတွင်းရေးမှူးချုပ်ရုံးနဲ့ ဆက်စပ်ပြီး နိုင်ငံတကာက ကျေနပ်လာအောင် အပြောင်းအလဲတွေ မလုပ်နိုင်ခဲ့တာတွေအတွက် စိတ်ပျက်စရာပါပဲလို့ အတွင်းရေးမှူးချုပ်က အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး အင်အားစုတွေအကြား စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပေါ်လာဖို့ ဆောင်ရွက်မယ့် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူး ကိုယ်စားလှယ်ဟာလည်း မြန်မာနိုင်ငံတွင်းကို မသွားရောက်နိုင်ခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရဖက်က ပျော့ပြောင်းလာတဲ့ လက္ခဏာအချို့ ရှိတယ်လို့ မစ္စတာဘန်ကီမွန်းက ယူဆပုံရပါတယ်။ ဒီလို ပျော့ပြောင်းလာတဲ့ လက္ခဏာတွေ တွေ့လာရပေမဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများ ဆက်ဖမ်းထားတာကိုတော့ အတွင်းရေးမှူးချုပ်က မနှစ်လို့ဘူးလို့ ပြောခွင့်ရသူ Martin Nesirky က ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ အချို့နေရာတွေမှာ ပျော့ပြောင်းလာတယ် ဆိုတဲ့ လက္ခဏာတွေ ရှိလာပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဆက်ထားတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ထိန်းသိမ်းထားတာဟာ အလွန် စိုးရိမ်စရာအခြေအနေအဖြစ် ဆက်ရှိနေတုန်းပါပဲ ဆိုတာကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။”

မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်မှု အလားအလာ ကောင်းတွေ အတွက် အရေးကြီးတဲ့ စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဟာ အားလုံး ပါဝင်နိုင်ဖို့၊ အားလုံး လက်ခံနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ပိုပြီးလိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်အတိုင်း ယုံကြည် လက်ခံလောက်တဲ့ အရပ်သား အုပ်ချုပ်မှုစနစ်တရပ် ပေါ်ထွန်းဖို့ ဗဟိုစံနစ်နဲ့ နိုင်ငံတော်မူဝါဒ ချမှတ်ရေးပိုင်းမှာ ပြည်သူအများ ပါဝင်လာနိုင်ဖို့ အပြောင်းအလဲတွေ လုပ်သွားဖို့ လိုမယ်လို့လည်း အတွင်းရေးမှူးချုပ်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ကျရင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ စတင်တော့မှာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် လုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပေမဲ့ စစ်တပ်က အာဏာမလွဲှခဲ့ပါဘူး။ အခု ရွေးကောက်ပွဲကိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးပါလို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG