သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားပပျောက်ရေး သက်ဆိုင်ရာနိုင်ငံတွေ ခိုင်မာစွာဆောင်ရွက်ဖို့ ကုလတိုက်တွန်း


ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ UNICEF အကြီးအကဲ Anthony Lake တို့ ကလေးစစ်သားပပျောက်ရေး ဆွေးနွေးပွဲမှာ လက်စွဲနှုတ်ဆက်စဉ်။
ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ UNICEF အကြီးအကဲ Anthony Lake တို့ ကလေးစစ်သားပပျောက်ရေး ဆွေးနွေးပွဲမှာ လက်စွဲနှုတ်ဆက်စဉ်။

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးတွေကို နှိပ်စက်ညှဉ်းပန်းအကျဉ်းချ စတဲ့ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတဲ့အတွက် ဒီချိုးဖောက်မှုတွေကို အဆုံးသတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေမှာ ကလေးငယ်တွေ ပါဝင်နေရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အင်္ဂါနေ့တုန်းလုပ်ခဲ့တဲ့ အခြေအတင် ဆွေးနွေးပွဲမှာ မစ္စတာ ဘန်ကီမွန်းက အခုလို မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေအနေနဲ့ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို တိုးတက်အောင် လုပ်ချင်တယ်ဆိုရင် ကလေးငယ်တွေကို အကာအကွယ်ပေးကြပါလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Leila Zerrougui ကလည်း ကလေးစစ်သားပပျောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ ပဋိပက္ခအခြေအနေတွေ ဆိုးရွားမှုကြောင့် ကလေးတွေအပေါ် ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ ကလေးစစ်သား ပပျောက်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ အကြံပြုဆောင်ရွက်မှုတွေအတိုင်း လုပ်ဆောင်ခဲ့ကြတဲ့အတွက် တိုးတက်မှုတွေရှိခဲ့တယ်လို့လဲ ပြောကြားပါတယ်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့မှာ ကလေးစစ်သားစုဆောင်း အသုံးပြုတဲ့ အရေအတွက် သိသိသာသာကျဆင်းသွားတယ်လို့ ပြောသွားပါတယ်။ ကလေးစစ်သား လုံးဝ ပပျောက်ရေးအတွက် သက်ဆိုင်ရာအစိုးရတွေနဲ့ ထောက်ပံ့ကူညီနိုင်သူတွေအနေနဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို အပြည့်အဝ ဆောင်ရွက်ပေးကြဖို့အတွက် အထူးကိုယ်စားလှယ် လေလာ ဇရူဂိုက တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံက အပါအဝင် ကလေးစစ်သား အသုံးပြုတယ်ဆိုတဲ့ စာရင်းဝင် လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ကုလသမဂ္ဂက ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကလေးစစ်သား ပပျောက်ရေးအတွက် လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေကို သဘောတူ လက်မှတ်ထိုးပြီး လက်တေ့ွ ဆောင်ရွက်ခဲ့တဲ့ထဲက နီပေါလ်၊ သီရိလင်္ကာ၊ Chad, Ivory Coast လို့လဲသိကြတဲ့ Côte d’Ivoire နဲ့ ယူဂန်ဒါနိုင်ငံတွေက ပဋိပက္ခမှာပါဝင်နေတဲ့ အဖွဲ့အစည်း ၉ ခုကိုတော့ စာရင်းထဲကနေ ပယ်ဖျက်ပေးခဲ့တယ်လို့ အထူးကိုယ်စားလှယ် Leila Zerrougui က ပြောကြားခဲ့ပါတယ်။

ကလေးစစ်သားတွေရှိနေဆဲ နိုင်ငံတွေမှာ အဓိကတာဝန်ရှိတာဟာ အစိုးရတွေဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Leila Zerrougui က လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG