သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် မောင်တောအခြေအနေ ကုလစိုးရိမ်


ရခိုင်ပြည်နယ် မောင်တောဒေသက မူဆလင်များ တိမ်းရှောင်နေကြစဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောဒေသက မူဆလင်များ တိမ်းရှောင်နေကြစဉ်။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

မောင်တောအကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ မလုံမ လောက်ဖြစ်လာမယ့် အခြေအနေကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က စိုးရိမ်မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ထောက်ပံမှုလုပ်ငန်းတွေကို WFP ကပြန် စတင်နေပြီး လုံခြုံရေး တင်းကြပ်ထားတဲ့ မောင်တောဒေသက အကာအကွယ်မဲ့နေ သူတွေကို ထောက်ပံ့ ကူညီနိုင်ဖို့ WFP က အသင့်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကိုပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတခုဖြစ်တဲ့ WFP ရဲ့ ကူညီထောက်ပံ့မှု အစီအစဉ်တွေ ပြန်ပြီး စတင်နိုင်ဖို့ မြန်မာတပ်မတော်နဲ့ အစိုးရဘက်က ပြန်ပြီးခွင့်ပြုခဲ့ပေမဲ့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေရဆဲပဲလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ လူထုအတွက် စားနပ်ရိက္ခာနဲ့ သူတို့ရဲ့ အာဟာရ အခြေအနေ ဆုတ်ယုတ်ကျဆင်းလာမယ့် အလားအလာကိုWFP အနေနဲ့ စိုးရိမ်မကင်းဖြစ်မိ ပါတယ်။"

အောက်တိုဘာလ (၂၆)ရက် ဗုဒ္ဓဟူးနေ့က ဘူးသီးတောင်မြို့ပေါ်မှာ အကာအကွယ် ကင်းမဲ့နေတဲ့ အိမ်ထောင်စုတွေထဲက လူဦးရေ ၂၀,၀၀၀ ကို ပုံမှန်ငွေကြေးထောက်ပံ့မှု ပြန်စတင်ခဲ့ပါတယ်။

ဒါအပြင် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေလုပ်နေတဲ့ ဘူးသီးတောင်၊ မောင်တောဒေသ မှာ လက်ရှိ WFP ရဲ့ အစီအစဉ်တွေကို ပြန်ပြီး မစတင်နိုင်သေးပေမဲ့ စားနပ်ရိက္ခာထောက်ပံရေးအတွက် WFP က အဆင်သင့်ရှိနေကြောင်း ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

"ဘူးသီးတောင် ဒေသမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးအမေတွေနဲ့ အပါအဝင် အဟာရဓါတ်ချို့တဲ့နေတဲ့ကလေး ဦးရေ စုစုပေါင်း ၁၇,၀၀၀ အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပုံမှန်ဖြန့်ဝေတဲ့ အစီအစဉ်ကို ပြန်စနိုင်ဖို့ WFP အနေနဲ့ အဆင်သင့်ဖြစ်နေပါတယ်။ ဒါအပြင် မောင်တော မြို့နယ်ကို အစိုးရက သွားခွင့်ပြုတဲ့အချိန်မှာ စားနပ်ရိက္ခာမလုံမလောက်ဖြစ်နေတဲ့ နောက်ထပ် လူဦးရေ ၅၀,၀၀၀ အတွက် အစားအစာတွေပုံမှန်ဖြန်ဝေတဲ့ အစီအစဉ်ကို ပြန်ပြီးစတင်ဖို့ WFP က အဆင်သင့်ဖြစ်နေပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် တဦးကို မောင်တောဒေသ အခြေအနေတွေကို လာရောက်ကြည့်ရှု့ဖို့ မြန်မာအစိုးရက စီစဉ်နေကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က မနေ့က ပြောဆိုချက် အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီရဲ့ သဘောထားကို ဗွီအိုအေက မေးမြန်းခဲ့ပေမဲ့ သူက ပြန်ပြီး ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေဘာတွေဖြစ်နေသလဲဆိုတာ မှန်မှန်ကန်ကန် တိတိကျကျ သိရဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို သွားရောက်ကြည့်ရှုခွင့်ပြုဖို့ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ယန်ဟီလီက မြန်မာအစိုးရကို တိုက်တွန်းခဲ့တာပါ။

ယမ်ဟီးလီ သတင်းစာရှင်းလင်းပွဲ
ယမ်ဟီးလီ သတင်းစာရှင်းလင်းပွဲ

တဖက်မှာလည်း နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခြေအနေတွေကို သွားရောက်ကြည့်ရှုနိုင်အောင် မြန်မာအစိုးရက စီစဉ်တဲ့နေရာမှာ ဟန်ပြပုံစံမျိုး မဟုတ်ပဲ လွတ်လွတ်လပ်လပ် စုံစမ်းခွင့်ပြုသင့်ကြောင်း ဝေဖန်ထောက်ပြ မှုတွေ ရှိနေပါတယ်။

အောက်တိုဘာလ (၉)ရက်နေ့ကဖြစ်ခဲ့တဲ့ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုအပြီး အကြမ်းဖက်သူတွေကို လိုက်လံဖမ်းဆီးတဲ့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသ တလျောက်မှာ နယ်မြေရှင်းလင်းရေးတွေကို မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာအစိုးရ ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒါပေမဲ့ မြန်မာတပ်မတော်ဘက်က အပြစ်မဲ့ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိူးဖောက်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြနေကြ ပါတယ်။မြန်မာအာဏာပိုင်တွေဘက်ကတော့ သူတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမရှိဘူးလို့ ငြင်းဆိုထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ရင် သူတို့ကိုယ်တိုင်အရေးယူသွားမှာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG