သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာ ရွေးကောက်ပွဲကိစ္စ နိုင်ငံခြားရေးဝန်ကြီး ကာကွယ်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။ စက်တင်ဘာ ၂၈၊ ၂၀၁၀။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။ စက်တင်ဘာ ၂၈၊ ၂၀၁၀။

နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်း ၃,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားနေပါတယ်လို့ မြန်မာစစ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ ဒီ ရွေးကောက်ပွဲတွေကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံတကာကသိအောင် ပြောဆို လှုံ့ဆော်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စက်တင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့က မိန့်ခွန်းပြောကြားခဲ့တာပါ။ ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ တခြား အကြောင်းအရာတွေနဲ့ အတူ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကိစ္စကိုလည်း အဆုံးသတ်မှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်နိုင်ခွင့်ရှိတဲ့ အခြေအနေတွေ ဖန်တည်းပေးမထားဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန် ပြောဆိုနေကြတာတွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ချေပ ပြောဆိုခဲ့ပုံရပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ၊ ကိုယ်စားလှယ်ပေါင်း ၃,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် အားလုံး ပါဝင်မှု ရှိပါတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။ စက်တင်ဘာ ၂၈၊ ၂၀၁၀။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ်။ စက်တင်ဘာ ၂၈၊ ၂၀၁၀။

“ဒီယှဉ်ပြိုင်မှု ပမာဏကိုကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေးပါတီများ အနေနဲ့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများ အနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်ရွေးချယ်ဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”

အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရွေးကောက်ပွဲတွေကိုလည်း အစီအစဉ်တကျ အောင်မြင်အောင် ကျင်းပသွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ တဆက်တည်းမှာပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ် ဆိုတာကိုလည်း သူက အာမခံ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ ဘယ်လို အခက်အခဲမျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့နိုင်ငံ ပြည်သူများရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်နိုင်မယ့် လွတ်လပ်ပြီး မျှတတဲ့ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ တနေ့တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း လူ့အခွင့်အရေးဆိုင်ရာ အခမ်းအနားတခုမှာ စကားပြောခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေနဲ့ အချိန်ကိုက်ပြီး ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီက ကြီးမှူးပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ စုဝေးပွဲတခု လုပ်ခဲ့ကြတာပါ။ အဲဒီမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့သူကတော့ အကျဉ်းကျ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ပါ။ သူက ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ စည်းရုံးလှုပ်ရှားရေးမှူးတဦး အနေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

“လူတော်တော်များများရဲ့ စိတ်ထဲမှာ သူတို့စဉ်းစားတာက ရွေးကောက်ပွဲ ပြီးတဲ့အခါကြရင် အခြေအနေတွေ အားလုံး ကောင်းသွားမယ်၊ ကျမတို့နိုင်ငံ အကုန်လုံး ကောင်းသွားမယ်လို့ ထင်ကြတယ်ဆိုတော့ သူတို့ကို အဓိကထားပြီး ပြောပြတာ ဒီရွေးကောက်ပွဲ ပြီးသွားရင် နိုင်ငံ့အခြေအနေ ကောင်းလာဖို့ ဆိုတာ လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရဆိုတဲ့ ဥစ္စာကို ပြောင်းလဲသွားမယ့်ဟာ တခုက အင်္ကျီပဲ ပြောင်းလဲသွားမှာ။ စစ်အစိုးရ အင်္ကျီကနေ အရပ်သားအင်္ကျီ ပြောင်းလဲရုံပဲရှိမယ်။ ဘာမှ ပြောင်းလဲဖို့ မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ အခြေခံဥပဒေမှာပါတဲ့ ဥပဒေတွေ အကုန်လုံးက နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ ထည့်ထားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြဲ အကျဉ်းချထားဖို့ဆိုတဲ့ဟာ ရှိပြီးသားဆိုတာ သူတို့ကို သေချာ ပြောပြခဲ့တယ်။”

မဝေနှင်းပွင့်သုန်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အတိုက်အခံ လေဘာပါတီရဲ့ ပါတီညီလာခံမှာလည်း မြန်မာနိုင်ငံ အခြေအနေတွေကို ပြောဆိုခဲ့ပါသေးတယ်။ အဲဒီညီလာခံမှာ သူစကားပြောပြီးတဲ့အခါ တက်ရောက်လာကြတဲ့ ဗြိတိန် လေဘာပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။

ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီကတော့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိက ဦးတည်ချက်ထား လုပ်ဆောင်နေတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ဂျီနီဗာမှာလုပ်တဲ့ အစည်းအဝေးကို ကမ္ဘာတဝန်း ခရစ်ယာန် ဘုရားကျောင်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီအဖွဲ့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အားစိုက်ပြီး တွန်းအားပေး လုပ်ဆောင်သွားမယ့်အကြောင်း ကတိပေးခဲ့ကြတယ်လို့ မဝေနှင်းပွင့်သုန်က ပြောပါတယ်။

“သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်နေတဲ့အခါကြတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ အရမ်းလည်း နားလည်မှုရှိတယ်။ ကျမတို့ စကားပြောပြီးတဲ့ အချိန်မှာ သူတို့တုံ့ပြန်တာ ဘာလဲဆိုတော့ သူတို့အနေနဲ့ အရင်က သူတို့ လုပ်သင့်သလောက် မလုပ်တဲ့ဟာကို အရမ်းဝမ်းနည်းတဲ့အကြောင်း ကျမတို့ကို တောင်းပန်တယ်။ အဲဒီအတွက်လည်း သူတို့ ကတိပေးတယ်။ သူတို့ ရှေ့မှာ ပိုပြီးတော့ လုပ်သွားမယ်၊ ပြီးတော့ ပိုပြီးတော့ နားလည်အောင် နေ့တိုင်း ဖြစ်နေတဲ့ကိစ္စတွေ အကုန်လုံးကို သူတို့ စဉ်ဆက်မပြတ် လေ့လာပြီးတော့ နားထောင်နေမယ်၊ သတင်းမှာပဲဖြစ်ဖြစ်။ ပြီးတော့ အမြဲတမ်း လေ့လာနေမယ်၊ တခုခုလုပ်ဖို့ အမြဲတမ်း ကြိုးစားနေမယ်လို့ သူတို့ဘက်က ကတိတခုတော့ ကျမတို့ ရခဲ့တယ်။”

Burma Campaign UK အဖွဲ့က စည်းရုံး လှုပ်ရှားရေးမှူး မဝေနှင်းပွင့်သုန် ပြောသွားတာ ဖြစ်ပါတယ်။

သူနဲ့အတူ အဲဒီအစည်းအဝေးမှာ စကားပြောခဲ့သူ နောက်တဦးကလည်း Burma Campaign UK အဖွဲ့ကပဲ စည်းရုံးလှုပ်ရှားရေးမှူး တဦးဖြစ်တဲ့ မမေရီလှပါ။ သူကတော့ မြန်မာနိုင်ငံ၊ လူမျိုးစု တိုင်းရင်းသား ဒေသတွေ၊ အထူးသဖြင့် ကရင်လူမျိုးစုတွေရဲ့ ဒေသတွေမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ပြောခဲ့တယ်လို့ မမေရီလှက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG