သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထူးအကြံပေး မြန်မာ့အရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံရောက်


မစ္စတာ ဗီဂျေး နမ်ဘီယာ (Mr. Vijay Nambiar) ဟာ မြန်မာ့အရေး ဆွေးနွေးဖို့အတွက် အာရှကို ခရီးထွက်ခဲ့ရာမှာ အိန္ဒိယနဲ့ စင်ကာပူအပြီး ဒီနေ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကုလသမဂ္ဂ ဌာနချုပ်က အတည်ပြု ပြောကြားပါတယ်။ ဒီခရီးစဉ်မှာတော့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မရှိဘူးလို့လည်း သိရပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပဖို့ နီးကပ်လာတဲ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာကြား နျူကလီးယား ဆက်ဆံရေး သတင်းတွေကြောင့် နိုင်ငံတကာရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေ တိုးလာချိန်မှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် တာဝန်ကို ပေးထားခြင်း ခံရသူ မစ္စတာ ဗီဂျေး နမ်ဘီယာဟာ အခုလို မြန်မာစစ်အစိုးရအပေါ် လွှမ်းမိုးမှု ရှိနိုင်မယ့် အိမ်နီးချင်း ၃ နိုင်ငံတို့ကို သွားရောက်တာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီ အိုကဘဲ (Marie Okabe) က လက်ရှိ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

“အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီယာဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အတွက် အိန္ဒိယ၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာတော့ သူဟာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ဂေါင်ကျားအပြင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး လျူဂျန်မင်းနဲ့လည်း တွေ့ဖို့ရှိပါတယ်။”

မစ္စတာ ဗီဂျေး နမ်ဘီယာဟာ တရုတ်နိုင်ငံကို ဒီနေ့ ဆိုက်ရောက်ဖို့ ရှိပါတယ်။ သူ ပထမဦးဆုံး သွားရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှာတော့ နိုင်ငံခြားရေး အတွင်းဝန် နေရူး ပါမာရားအပြင် အမျိုးသား လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှစ်ဖ် ရှန်ကာ မင်နွန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူကို ဇွန်လ ၉ ရက်နေ့က ဆိုက်ရောက်ခဲ့စဉ် နိုင်ငံခြားရေးဝန်ကြီး ဂျော့ချ် ယိုး (George Yeo) နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့လည်း ကုလသမဂ္ဂက အတည်ပြုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်ဟောင်း နိုင်ဂျီးရီးယား နိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ကို ဒီနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့ကစလို့ ဆူဒန် ဒါဖောဒေသဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက်ပိုင်း အတွင်းရေးမှူးချုပ်ရဲ့ အရာရှိချုပ် မစ္စတာ ဗီဂျေး နမ်ဘီယာကို မြန်မာနိုင်ငံအရေး အတွင်းရေးမှူးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအရ ကြားဝင် ဆောင်ရွက်ပေးဖို့ တာဝန်ပေးထားတာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ ဒီနှစ် မတ်လက အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံများနဲ့ ဆွေးနွေးခဲ့စဉ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲများဟာ အုပ်စုအားလုံးတို့ ပါဝင်ပြီး ထင်သာမြင်သာ ရှိဖို့အပြင် မြန်မာလူထုတရပ်လုံး တည်ငြိမ်ရေး၊ ဒီမိုကရေစီ ရရှိရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အလေးပေး ဆောင်ရွက်သင့်တယ်လို့ အဓိကထား တင်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ပြန်လွှတ်ပေးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများမှာ တိုင်းရင်းသား လူနည်းစု အပါအဝင် အရေးပါတဲ့ အုပ်စု အားလုံးတို့ ပါဝင်ခွင့် ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan) လက်ထက်ကတည်းက လက်ထောက် အတွင်းရေးမှူးအဆင့်မှာ ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံဖွား ဗီဂျေး နမ်ဘီယာကို မစ္စတာ ဘန်ကီမွန်းက သူ့ရဲ့ အရာရှိချုပ်အဖြစ် ၂၀၀၇ ခုနှစ်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ့အရင် သူဟာ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး၊ ပါကစ္စတန်၊ တရုတ်၊ မလေးရှား၊ အာဖဂန်နစ္စတန်နဲ့ အယ်လ်ဂျီးရီးယား နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်အဖြစ်လည်း ထမ်းဆောင်ခဲ့သူဖြစ်လို့ ဝါရင့် သံတမန်ရေး အတွေ့အကြုံရှိသူလို့ ဆိုနိုင်ပါတယ်။

လက်ရှိခရီးစဉ်မှာတော့ မစ္စတာ နမ်ဘီယာ အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ မရှိဘူးလို့လည်း ပြောခွင့်ရက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG