သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကာလ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်ဖို့ ကုလ တိုက်တွန်း


မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေချိန်မှာပဲ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကလည်း အခြေအနေတွေ တိုးတက်မှုရှိအောင် ကမ္ဘာနဲ့အဝန်း ဆောင်ရွက်ဖို့ ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်နေချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံစိုက်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက တိုက်တွန်းလိုက်တာပါ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ ပြောဆိုနေကြတာတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာကို ကမ္ဘာကနေ အထူးသတိထား စောင့်ကြည့်သွားဖို့၊ အထူးသဖြင့်ကတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရေး အာမခံချက် ရှိစေဖို့ လိုအပ်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီ ပီလေး (Navi Pillay) က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်ငန်းစဉ်ထဲက ဘေးဖယ်ခံထားရမယ့် အခြေအနေတွေ ကြုံနေရသူတွေ၊ ခြိမ်းခြောက် နှောင့်ယှက်မှုနဲ့ တိုက်ခိုက်မှုခံရမယ့် အဖြစ်တွေကို အကာအကွယ် ပေးသွားဖို့ လိုတယ်လို့ ကော်မရှင်နာ မင်းကြီးက ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ဂျနီဗာမြို့မှာ လာမယ့် တနင်္လာနေ့ကစလို့ သီတင်း ၃ ပတ်ကြာ ကျင်းပဖို့ ရှိနေတဲ့ ညီလာခံမှာ ပြောဖို့ရှိတဲ့ မိန့်ခွန်း တစိတ်တပိုင်းအဖြစ် ထည့်သွင်းထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားဖို့ ကုလသမဂ္ဂကို တိုက်တွန်းမှုတွေ ရှိနေချိန်မှာပဲ အခုလို နောက်ထပ် လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကော်မရှင်နာ မင်းကြီးရဲ့ စိုးရိမ်မကင်းဖြစ်သံ ထွက်ပေါ်လာတာပါ။

ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းဖို့ တိုက်တွန်းမှုတွေရဲ့ နောက်ဆုံး တိုးတက်မှု အခြေအနေ အစီရင်ခံစာ တစောင်ကိုတော့ ရှေ့တပတ်ထဲ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် လက်ခံစဉ်းစားဖို့ မျှော်လင့်ထားတဲ့အကြောင်း အတွင်းရေးမှူးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန် ဟတ်က် (Farhan Haq) က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်က သတင်းစာ ရှင်းလင်းပွဲအတွင်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင်ကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လက်ခံရရှိမယ်လို့ အတွင်းရေးမှူးချုပ် အနေနဲ့ မျှော်လင့်ထားပါတယ်။ ဒါက အပြီးသတ် အစီရင်ခံစာတော့ မဟုတ်ပါဘူး။ ဒါကြောင့် စက်တင်ဘာ ၁၅ ရက်နေ့ကြရင်တော့ အနည်းနဲ့အများ ဆိုသလို ထပ်ပြီး သိရမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံး အစီရင်ခံစာကတော့ ဇန်နဝါရီလမှာ ထွက်ပေါ်လာမှာပါ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှု မြောက်မမြောက် ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြီးခဲ့တဲ့ မတ်လထဲမှာတုန်းကပဲ သူ့ရဲ့ အစီရင်ခံစာထဲမှာ အကြံပြုခဲ့တဲ့နောက် ဒီအဆိုကို ဝိုင်းဝန်းထောက်ခံဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းမှုတွေ ရှိခဲ့တာပါ။

အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန် ဟတ်က်ကတော့ အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂထဲက အဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေကြား အရင် ဆွေးနွေးသွားကြဖို့ ရှိတယ်လို့ ဆိုပါတယ်။

“အခြေခံအားဖြင့် လူ့အခွင့်အရေးကောင်စီ အပါအဝင် ကုလသမဂ္ဂရဲ့ ယန္တရားထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မစ္စတာ ကင်တားနားရဲ့ အမြင်အပေါ်မှာ နောက်ထပ် ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာကို စဉ်းစားသွားကြမှာ ဖြစ်ပါတယ်။”

လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူ ကင်တားနားရဲ့ အကြံပြုချက်ကို ဒီလထဲ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ရာမှာ ထည့်သွင်းသွားနိုင်ရေး မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ဆော်သြနေကြပါတယ်။ အမေရိကန် ပြည်ထောင်စုကတော့ ဒီအဆိုပြုချက်ကို ထောက်ခံကြောင်း ပြီးခဲ့တဲ့ လထဲမှာပဲ ကြေညာခဲ့တာပါ။

ဒီလိုပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတွေကို ဦးဆောင် ရေးဆွဲလေ့ရှိတဲ့ ဥရောပသမဂ္ဂ (EU) ကလည်း ထောက်ခံမှုပေးဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တဲ့နောက် အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဟန်ဂေရီနိုင်ငံကလည်း ဒီတပတ်ထဲမှာပဲ ပူးပေါင်း ပါဝင်လာခဲ့တာပါ။ အခုဆိုရင်တော့ ကုလသမဂ္ဂက ကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေး တိုက်တွန်းမှုကို ထောက်ခံတဲ့ နိုင်ငံတွေအဖြစ် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျ၊ ချက်သမ္မတ၊ စလိုဗက်ကီးယား၊ ဟန်ဂေရီတို့ အပါအဝင် အနည်းဆုံး ၇ နိုင်ငံအထိ ရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG