သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးကျည်ပစ်မှု ကုလ ရှုတ်ချ


ကြာသပတေးနေ့က နျူကလီယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ TV သတင်းကို ကြည့်နေတဲ့ တောင်ကိုရီးယားစစ်သည်တဦး။ (၀၈-၂၅-၁၆)
ကြာသပတေးနေ့က နျူကလီယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကြည့်ရှုနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ TV သတင်းကို ကြည့်နေတဲ့ တောင်ကိုရီးယားစစ်သည်တဦး။ (၀၈-၂၅-၁၆)

မြောက်ကိုးရီးယားနိုင်ငံက အခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်လိုက်တဲ့လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တညီတညွှတ်တည်း ရှုတ်ချလိုက်ကြပါတယ်။

ဒီလို ပြင်းထန်တဲ့ရှုတ်ချချက်ကို မြောက်ကိုးရီးယားရဲ့ အဓိကမဟာမိတ် တရုတ် ကလည်း ထောက်ခံထားတာပါ။ မြောက်ကိုးရီယားအပေါ် အနီးကပ် စောင့်ကြည့် သွားမှာ ဖြစ်သလို သိသာထင်ရှားတဲ့ နောက်ထပ် အရေးယူဆောက်ရွက်ချက်တွေ လုပ်သွားမယ်လို့ သောကြာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် (၁၅) နိုင်ငံရဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဘယ်လိုအရေးယူမှုမျိုးတွေလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထား ပါဘူး။

ဒေသတွင်း တင်းမာမှုတွေတိုးလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုကြောင့် ကနဦးမှာ တရုတ်နိုင်ငံရဲ့သဘောတူညီမှု မရခဲ့ပေမယ့် တရုတ်နဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ ဒီကြေငြာချက်ကို အတည်ပြုလိုက်နိုင်တာပါ။

မြောက်ကိုးရီးယားနိုင်ငံဟာ ရေငုပ်သင်္ဘောတစင်းပေါ်ကနေ အင်္ဂါနေ့တုန်းက ဂျပန်နိုင်ငံဘက်ကို ဒုံးကျည်ပစ်လွှတ်ခဲ့တာပါ။ ဒါဟာ မြောက်ကိုးရီးယား အတွက် ရေထဲကနေ ပထမဆုံး အောင်အောင်မြင်မြင် ပစ်လွှတ်လိုက်တာဖြစ်သလို ပြီးခဲ့တဲ့လတွေအတွင်း ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အာခံပြီး မြောက် ကိုရီးယားက ဆက်တိုက်လုပ်ဆောင်နေတဲ့ နောက်ဆုံး စမ်းသပ်ပစ်လွှတ်မှုဖြစ်ပါတယ်။ ဒါဟာ ခွင့်လွှတ်နိုင်စရာမရှိတဲ့ အဆင်အခြင်မဲ့တဲ့ အပြုအမူဖြစ်ပြီး ဂျပန်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

ကုလသမဂ္ဂနဲ့ သူ့ရဲ့မဟာမိတ်တွေက မြောက်ကိုးရီးယားရဲ့ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုကို ကုလသမဂ္ဂရဲ့ဆုံးပြဌာန်းချက်ကို ချိုးဖောက်တယ်ဆိုပြီး လုံခြုံရေး ကောင်စီမှာ ဆွေးနွေးကြတာဟာ ဆိုးရွားတဲ့ရန်စမှုဖြစ်သလို အပြစ်မဲ့သူကို အပြစ်ရှိကြောင်း စွပ်စွဲလိုက်တာမျိုးဖြစ်တယ်လို့ မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနအရာရှိ Jon Min Dok ကစနေနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG