သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလက မြန်မာ့အရေး အစိုးရသစ်၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ပါ ပူးပေါင်းဆောင်ရွက်မည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ မနက်ပိုင်းက အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ (Aung Myo Min)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ မနက်ပိုင်းက အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ (Aung Myo Min)

မြန်မာနိုင်ငံအရေးဟာ ကုလသမဂ္ဂအတွက် အရေးပါနေဆဲဖြစ်တာမို့ အစိုးရသစ်နဲ့ရော၊ အရပ်ဖက် အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီကနေ့ မနက်ပိုင်းက အရပ်ဖက်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆို သွားပါတယ်။ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေဘက်က တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က ပေးပို့ထားပါတယ်။

မြန်မာပြည်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ မြန်မာပြည်က လူ့အခွင့် အရေးလှုပ်ရှားသူ ၁၃ဦးတို့ ဒီကနေ့ သြဂုတ် ၃၁ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ ပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဘက်ပေါင်းစုံက ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ လက်တွေ့ မြေပြင်အခြေအနေမှာ ဖြစ်နေတဲ့ လူ့ အခွင့်အရေး အခြေအနေတွေကို ပိုနားလည်သွားသလို မြန်မာပြည်အရေးနဲ့ ပတ်သက်လို့ အစိုးရသစ်နဲ့ ရော အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက် သွားမယ့်အကြောင်း ပြောဆိုသွားတယ်လို့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

“အခုအချိန်မှာအစိုးရသစ်က လုပ်ဆောင်မှုတွေရှိတယ်။ လူတွေမှာ မျှော်လင့်ချက်အရမ်းကြီးတယ်။ အဲဒီအချိန်မှာလုပ်နိုင်ဖို့အတွက် တက်နိုင်သမျှနည်းလမ်းပေါင်းစုံကို ကျနော်တို့ ကုလသမဂ္ဂကနေ ပံ့ပိုးသွားသလို အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍအရေးကြီးတဲ့အကြောင်း သဘောပေါက်တယ်။ ကျနော်တို့ဆန္ဒတွေ၊ ကျနော်တို့ လုပ်ဆောင်ချက်တွေ ၊ ကျနော်တို့နဲ့ ပူးပေါင်းနိုင်မယ့်နည်းကိုလည်း ကုလသမဂ္ဂကအမြဲတမ်းပေးပါတယ်။ လုပ်ဆောင်မယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအရေးဟာ လက်ရှိ ကုလသမဂ္ဂရဲ့ လက်ရှိလုပ်ဆောင်နေသော ၊ အရေးပါသော အရေးတယူလုပ်ဆောင်မယ့်စာရင်းထဲမှာ ဆက်လက်ရှိနေတုန်းပဲလို့ တင်ပြသွားပါတယ်။”

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာ မင်းကြီးရုံးကို မြန်မာပြည်မှာ ဖွင့်လှစ်နိုင်ဖို့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ တင်ပြသွားမယ်လို့လည်း ပြောဆိုသွားကြောင်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ၁နာရီကြာတွေ့ ဆုံခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းတွေဘက်က မြေယာကိစ္စအပါအဝင် စစ်ဘေးရှောင်ဒုက္ခသည်တွေအရေး၊ ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့် အရေး ချိုးဖောက်မှု စတာတွေ ဆွေးနွေးကြပါတယ်။

မစ္စတာဘန်ကီမွန်းနဲ့ တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ကိုဘိုကြည်က သူ့ရဲ့ ဆွေးနွေးတင်ပြမှုနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ တွေ့တာက အားလုံးပေါင်း ၁၃ ဖွဲ့ပေါ့နော်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေပေါ့။ အဲဒီမှာ ကျနော်ကတော့ နိုင်ငံရေး အကျဉ်းသားကိစ္စပြောတယ်။ နောက် နှိပ်စက်ညှင်းပန်းမှု ကိစ္စဆိုင်ရာတွေပြောတယ်။ နောက် အကျဉ်းထောင် ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ကိစ္စတွေ ကျနော်ကတော့ အချက် ၃ ချက်ကို တင်ပြပါတယ်။ မြန်မာနိုင်ငံ မှာ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကတော့ သူတော်တော်များကိုကြားသိသွားတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ၁၃ ဖွဲ့ထဲမှာ issue ပြောင်းစုံပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စတော်တော်များများကို ကျနော်တို့ ပြောခဲ့ကြပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် တိုက်တွန်းပေးဖို့ အဓိက တင်ပြခဲ့တယ် ငြိမ်းဖောင်ဒေးရှင်းက ဇခုန်နန်ရော်က ပြောပါတယ်။

“၂၁ရာစု ပင်လုံ ညီလာခံမှာ ဆုံးဖြတ်ချက်တိုင်းဟာ လုပ်ဆောင်ချက်အားလုံးဟာ ပူးတွဲဆိုတဲ့ သဘောတရားကို အမြဲတမ်းမပျက် ဆုပ်ကိုင်ထားဖို့ လိုအပ်တယ်။ အစိုးရက Institution ကြီးတယ် တရားဝင်အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီတော့ သူ့မှာက ဌာနပေါင်းစုံနဲ့ back up ကောင်းကောင်းနဲ့ ငွေကြေးတောင့်တောင့်တင်းတင်းနဲ့ လုပ်နိုင်တာဖြစ်တဲ့အတွက် နေရာတကာမှာ အစိုးရကြီးပဲ ဆုံးဖြတ်ချက် ချသွားမယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေက အောင့်သီးအောင့်သက်နဲ့ လိုက်ရတဲ့ အခြေအနေ မျိုးဆိုရင် ဒီဟာက ရေရှည်သွားရမယ့် ခရီးမှာက အဆင်မပြေနိုင်ဘူး။ ဒါကြောင့် ဘာလေးပဲ လုပ်လုပ် ပူးတွဲလုပ်တယ်ဆိုတဲ့ အသံတသံကို ပူးတွဲလက်ကိုင်ထားနိုင်ဖို့အတွက်လည်း encourage လုပ်ပေးပါလို့ ကျမတို့ ပြောခဲ့ပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းဟာ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ၂၁ရာစု ပင်လုံ ညီလာခံကို တက်ရောက်ဖို့ မြန်မာပြည်ကို ရောက်ရှိနေတာဖြစ်ပြီး သမ္မတဦးထင်ကျော်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG