သုံးရလွယ်ကူစေသည့် Link များ

လိုငွေပြဘတ်ဂျက်စနစ် ပြင်ဖို့လို


ပြည်ထောင်စုလွှတ်တော်

နိုင်ငံရဲ့ဘတ်ဂျက်သုံးစွဲတာမှာ လိုငွေပြဘတ်ဂျက်သုံးစွဲမှုပုံစံကို ကျင့်သုံးလာတဲ့စနစ်ကို ပြင်ဆင်ဖို့ လိုအပ်နေပြီလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြလာကြပါတယ်။ လက်ရှိဘတ်ဂျက်လိုငွေပြမှုတွေကိုလည်းလျှော့ချဖို့ အစိုးရကိုတောင်းဆိုမှုတွေလည်း လုပ်လာပါတယ်။ ဘတ်ဂျက်လိုငွေ မရှိအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုလည်း ရဲရဲဝံ့ဝံ့နဲ့လုပ်ဆောင်ဖို့ကိုလည်း အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ဘတ်ဂျက်သုံးစွဲဖို့ ခွဲဝေယူတာမှာ ပိုပိုသာသာတင်ပြကာ မသုံးဖြစ်မှပြန်ပေးတာမျိုးတွေကိုမလုပ်ကြဖို့ ဝန်ကြီး ဌာနတွေကို တိုက်တွန်းလိုက်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက စုစည်းတင်ပြပေးထားပါတယ်။

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၆ ခုနှစ်အတွင်း အစိုးရက သုံးစွဲဖို့တင်ပြလာတဲ့စာရင်းတွေအပေါ်မှာ ပြန်လည်ပြင်ဆင် ရေးဆွဲပြီး လိုငွေလျှော့ချ သုံးဖို့ တင်ပြဆွေးနွေး မှုတွေရှိခဲ့ပါတယ်။ ဒီ၂၀၁၆ ခုနှစ်အတွင်း အစိုးရက သုံးစွဲဖို့တင်ပြလာတဲ့ ငွေကြေးစာရင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က ရေးဆွဲခဲ့တဲ့ နှစ်တနှစ်အတွင်းသုံးစွဲမယ့် ငွေကြေးစာရင်းဖြစ်ပါတယ်။။ မြန်မာနိုင်ငံဟာ ၁၉၈၈ ထဲက ဒီနေ့အထိ လိုငွေပြ ဘတ်ဂျက်နဲ့သာ နှစ်စဉ် သုံးစွဲခဲ့ တာပါ။ ဒီလို သုံးစွဲနေတဲ့အပေါ်မှာ ပြန်လည်စမ်းစစ်ဖို့လိုအပ်နေပြီဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ အခုပြနေတဲ့ ဘတ်ဂျက်လိုငွေတွေကို လျှော့ချသုံးစွဲဖို့ လိုအပ်နေပြီလို့ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ဦးအောင်မင်းတင်ပြခဲ့ပါတယ်။

လက်ရှိ ဘတ်ဂျက်သုံးစွဲဖို့ ခွဲဝေယူတာမှာလည်းဝန်ကြီးဌာနအချို့ဟာ အမှန်တကယ်သုံးရမှာထက်ပိုပိုသာသာတင်ပြတာတွေရှိတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။ ဒီလို ပိုတင်ပြတာကြောင့် အရေးပေါ်သုံးစွဲရမယ့်နေရာတွေမှာ မသုံးဖြစ်တာတွေရှိခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ငါးနှစ်တာ ကာလအတွင်းမှာ ခွင့်ပြုခဲ့တဲ့ ဘတ်ဂျက်တွေအပေါ်မှာ နှစ်စဉ် ဘီလီယံ နှစ်ထောင်ကျော်လောက် ပြန်လည်ပြီးတော့ အပ်နှံတာ တွေ့ရပါတယ်။ ပိုငွေတွေ ပြန်လည်အပ်နှံခြင်းရဲ့အဓိက အကြောင်းရင်းကတော့ ဘတ်ဂျက်ခွဲဝေမှုမှာ အားနည်းချက်တွေ ဖြစ်နေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဘတ်ဂျက်တွေကို ဘူဖေးစားသလို မကုန်နိုင်မခန်းနိုင်ယူထား၊ ကုန်အောင်မသုံးနိုင်ရင် ပြန်အပ်မယ်။ တကယ်လိုတဲ့လုပ်ငန်းတွေကျတော့ ငွေမရခဲ့ဘူး။ မသုံးနိုင်ခဲ့ပါဘူး။ ဒီလိုပဲ နှစ်ပေါင်းများစွာ ဖြစ်ပျက်နေခဲ့တာပါ။ အဓိက-ကတော့ ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲမှုမှာ အားနည်းချက်တွေ ဖြစ်နေတာလို့ ကျနော်တို့ သုံးသပ်ရရှိပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ငွေကြေးဖောင်းပွမှုအခြေအနေအရ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဘတ်ဂျက်လိုငွေကို လျှော့ချခွင့်ပြုသင့်ပါကြောင်း သဘောထား မှတ်ချက် ပြုအပ်ပါတယ်။”

ဘတ်ဂျက်လိုငွေမရှိအောင် စီးပွားရေးပြုပြင်ပြောင်းလဲမှု တွေလုပ်မယ်ဆိုလည်း အစိုးရအနေနဲ့ ရဲရဲဝံ့ဝံ့ဆောင်ရွက်ဖို့ လွှတ်တော်က တိုက်တွန်းလိုက်ပါ တယ်။ တချို့ဝန်ကြီးဌာနတွေအနေနဲ့ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်ဖို့ တင်ပြလာပြီး ဥပဒေတွေရေးဆွဲပြီးမှ လိုငွေပြလာရင် အစိုးရရဲ့ သီးသန့်ရန်ပုံငွေထဲက ပြန်လည်သုံးစွဲဖို့ တင်ပြတောင်းဆိုတာတွေရှိတယ်လို့ လွှတ်တော်က ပြောပါတယ်။ ဒါတွေဟာ ဥပဒေနဲ့ညီညွှတ်ခြင်း မရှိတာကြောင့် အစိုးရကိုသတိပေးခဲ့ ပါတယ်။ အသေးစား အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးလာအောင် ဘဏ်ချေးငွေရနိုင်ရေး မြန်မြန်လုပ်ပေးဖို့ အစိုးရကို တင်ပြခဲ့တာတွေလည်း ရှိပါတယ်။

ဥပဒေနဲ့မကိုက်ညီတဲ့နည်းလမ်းတွေနဲ့ ဘတ်ဂျက်သုံးစွဲနေတဲ့ဌာနတွေရှိနေကြောင်း အစိုးရဘတ်ဂျက်သုံးစွဲမှုအပေါ် ဥပဒေကြမ်းကော်မတီက ဦးမြတ်ဉာဏစိုးကလည်း အခုလို ထောက်ပြခဲ့ပါတယ်။

“ပြည်သူ့ဘဏ္ဍာဖြစ်တဲ့အတွက် စိစစ်ချွေတာသုံးစွဲဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။ နောက်တချက်ကတော့ ဘဏ္ဍာငွေ ရ/သုံးဆိုင်ရာ ဥပဒေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ငွေစာရင်းခေါင်းစဉ်တွေဖွင့်ပြီး ရန်ပုံငွေထားရှိသုံးစွဲနေတဲ့ ဌာနတွေ ရှိပါတယ်။ ဒီဟာတွေဟာ ဥပဒေကြောင်းအရလည်း ဥပဒေနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့ ဒီလို စာရင်းတွေ ဖွင့်လှစ်ထားရှိ သုံးစွဲနေတာတွေကို စိစစ်တွေ့ရှိရင် အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းကိုလည်း တင်ပြလိုပါတယ်။”

ဒီဘတ်ဂျက်သုံးစွဲမှု ပြင်ဆင်တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေထပ်မံဆွေးနွေးဦးမှာပါ။ ပြီးမှသာအတည်ပြုမှာဖြစ်ပါတယ်။ လွှတ်တော်ရဲ့ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီနဲ့ ဥပဒေကြမ်းကော်မတီတို့ကပဲ သုံးစွဲမယ့်ဘတ်ဂျက်အပေါ်ထောက်ပြခဲ့တာပါ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဒီဘတ်ဂျက်ခွဲဝေမှုအပေါ် ဝေဖန်မှုတွေ တော်တော်လေးရှိခဲ့ပါတယ်။ လက်ရှိ ဒီနှစ်မှာတော့ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ ၄,၀၀၀ ကျော် ပေါ်နေပါတယ်။ ဘတ်ဂျက်လိုငွေပြဆုံးကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ပဲဖြစ်တယ်လို့ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက ထုတ်ဖော်ပြောဆိုထားပါတယ်ရှင်။

XS
SM
MD
LG