သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်စကားပြော


ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်း ဆက်သွယ် စကားပြောနေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်း ဆက်သွယ် စကားပြောနေစဉ်။ (ဇူလိုင် ၁၇၊ ၂၀၁၂)

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာရှိတဲ့ မွတ်စလင်တွေ အပေါ် အကြမ်းဖက်မှုတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးလိုက်ကြောင်း OHCHR ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid al- Hussein က ပြောကြားခဲ့ပါတယ်။ သောကြာနေ့ကထုတ်ပြန်ခဲ့တဲ့ OHCHR ရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ အစီရင်ခံစာ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ Zeid al- Hussein တို့ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး ပြောပြမှာပါ။

လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid al- Hussein
လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Zeid al- Hussein

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခဲ့တာနဲ့ပတ်သက်လို့ သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ ရိုက်တာသတင်းဌာနကို လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီး Zeid al- Hussein က အခုလိုပြောပါတယ်။

"ပြီးခဲ့တဲ့ နာရီဝက်လောက်ကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို အဆုံးသတ်စေဖို့ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ်မှာ ပြင်းပြင်းထန်ထန်ဖိအားပေးနိုင်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုဖို့ ကျနော်သူ့ကို တိုက်တွန်းခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ သူ့ဘက်ကလည်း ကျနော့်ကို အကြောင်းပြန်ပါတယ်။ နောက်ထပ် သတင်းအချက်အလက်တွေ သူတို့လိုအပ်လိမ့်မယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

အစီရင်ခံစာမှာ လုံခြုံရေးတပ်တွေဘက်က ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အထိတင်ဖို့ သူတို့ စဉ်းစားနေကြောင်း Zeid al- Hussein က အခုလိုပြောပါတယ်။

"ဒီစွပ်စွဲချက်တွေဟာ အတော့်ကို ပြင်းထန်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ ပြစ်မှုကျူးလွန်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေကို ကျနော်တို့ အဖွဲ့ကနေ တွေ့ဆုံမေးမြန်းခဲ့တဲ့ အချက်အလက်တွေပေါ်မှာ အခြေခံ ထားတာပါ။ ဒါကြောင့် နောက်ထပ် စုံစမ်းစစ်ဆေးဖို့ ဒါမှမဟုတ် ကော်မရှင် လိုမျိုး၊ နိုင်ငံတကာ စုံစမ်းစစ်ဆေးအဖွဲ့လိုမျိုး လိုအပ်တာကတော့ သေချာပါတယ်။ ICC လို နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ ဒီဖြစ်ရပ်တွေကို ကိုင်တွယ်နိုင်ဖို့အခြေအနေထိ ကျနော်တို့ စဉ်းစားနေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအတွက်လည်း အခွင့်အလမ်းတွေရှိနေပါတယ်။"

မနှစ်အောက်တိုဘာလ နောက်ပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက် ၆၆,၀၀၀ လောက် ရှိသွားပြီဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီအစီရင်ခံစာအတွက် သက်သေ အထောက်အထားတွေဖြစ်တဲ့ ကျည်ဆံနဲ့ ဓါး ဒဏ်ရာရခဲ့သူတွေရဲ့ ဓါတ်ပုံတွေ၊ မီးရှို့ခံရပုံတွေ အပြင် သေနတ်ဒင် ဒါမှမဟုတ် ဝါးတုတ်နဲ့ ရိုက်ခံထားရသူတွေရဲ့ ဓါတ်ပုံတွေကို စုံစမ်းစစ်ဆေးသူတွေက ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခိုင်ခိုင်မာမာ တုန့်ပြန်ဖို့ Zeid al- Hussein က တိုက်တွန်းလိုက်ပြီး ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ သူက အခုလိုပြောပါတယ်။

"ကြီးမားပြီး လေးနက်တဲ့ ဒီစွပ်စွဲချက်တွေကို အခိုင်အမာ တုန့်ပြန် ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာကို ကိုင်တွယ်ပေးဖို့ တောင်းခံလာမယ်ဆိုရင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် လူ့အခွင့်အရေးကောင်စီနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကျနော်တို့ မဖြစ်မနေဆွေးနွေးရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီလိုဖြစ်ရပ်မျိုးတွေ တရက်ပြီးတရက် ထပ်မဖြစ်စေဖို့ အကြမ်းဖက်မှုတွေရှိနေတဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ အလေးထားတိုက်တွန်းနေပါတယ်။"

OHCHR ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ စွပ်စွဲချက်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေထဲက စုစုပေါင်း အယောက် ၂၂၀ ကို တွေ့ဆုံမေးမြန်း ထားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ် (၉)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ရဲကင်းစခန်းတချို့ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတပ်တွေဘက်က ပြင်းထန်တဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြသူတွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG