သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရလုပ်ရပ်တွေ အမေရိကန် မျက်ခြေမပြတ် စောင့်ကြည့်


စစ်အစိုးရကိုဒဏ်ခတ်မှု သက်တမ်းတိုးတာဟာ အမေရိကန်ရဲ့ မြန်မာ့အရေးမူဝါဒကို ပြသလိုက်တာဖြစ်ပြီး ဒီထက်ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်သေးတာဟာ စောင့်ကြည့်နေတာသာဖြစ်တယ်လို့ မြန်မာ့အရေး အကဲခတ်တွေကပြောလိုက်ပါတယ်။

သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မေလ (၂၀) ရက်နေ့မှာ မြန်မာစစ်အစိုးရအပေါ် အမေရိကန်အစိုးရက အရေးပေါ် ကြေညာချက် စတင်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လုပ်ကိုင်နေတဲ့ အတိုက်အခံတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်နေတာကြောင့် အမေရိကန်က ရင်နှီးမြုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ပိတ်ပင်တဲ့ ဥပဒေတရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

နောက်ထပ်တက်လာတဲ့ သမ္မတ George W. Bush လက်ထက်မှာလည်း ၂၀၀၃ နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အမိန့်ပြန်တမ်းတွေ ထုတ်ပြန်ပြီး စစ်အစိုးရနဲ့ အပေါင်းပါတွေကို ပြည်ဝင်ခွင့် တားမြစ်ပိတ်ပင်တာနဲ့တကွ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

အသစ်တက်လာတဲ့ သမ္မတ ဘရက် အိုဘားမားလက်ထက် ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလက်ထက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံမူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ (၇) လကြာ သုံးသပ်မှုတွေနောက်ပိုင်း စီးပွားရေး ဒဏ်ခတ်ဖို့အပြင် တိုက်ရိုက်ဆက်ဆံရေးမူနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂညီလာခံကို တက်ရောက်လာတဲ့ မြန်မာ ကိုယ်စားလှယ်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell က နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပေမယ့် ၂၀၁၀ နှစ်ဆန်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့လူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရအောင် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် မေလ (၉) ရက်နေ့က မြန်မာစစ်အစိုးရ သဘောထားအမှန်ကို သိရဖို့အတွက် Mr. Kurt Campbell မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။

Mr. Campbell အပြန်ခရီးမှာတော့ မြန်မာစစ်အစိုးရကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်းနဲ့ ဒီရွေးကောက်ပွဲအတွက် အဖွဲ့အစည်းအားလုံးပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ မေလ (၁၄) ရက်နေ့မှာတော့ သမ္မတ Obama ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး မြန်မာစစ်အစိုးရအပေါ် အရေးယူ ဒဏ်ခတ်မှုကို တနှစ်သက်တမ်းတိုးခဲ့ပါတယ်။ အခုလို အရေးယူဒဏ်ခတ်မှုကို သက်တမ်းတိုးလိုက်တာ အမေရိကန်အစိုးရမူဝါဒ ဆက်လက်ကိုင်စွဲထားတဲ့သဘောကို ထင်ရှားအောင် ပြသလိုက်တာလို့ မြန်မာ့အရေးစောင့်ကြည့်လေ့လာနေတဲ့ Indiana တက္ကသိုလ် ဥပဒေကျောင်းက ဒေါက်တာ အန်ဒရူး ငွန်ကျူံးလျန် ("Andrew" Ngun Cung Lian) က ပြောဆိုလိုက်ပါတယ်။

အိုဘားမားအစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးလုပ်ထားတဲ့ ပေါ်လစီက အရေးယူမှု ဒဏ်ခတ်မှုကိုလည်း မရုတ်သိမ်းဘူး၊ ဒါပေမဲ့ ဘုချ် အစိုးရလက်ထက်က အရေးယူမှုကိုလုပ်ပြီး နအဖနဲ့ စကားမပြောဘူး။ ဒါပေမဲ့ အိုဘားမားရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီထဲမှာ အရေးလည်ယူမယ်၊ တဆက်တည်းမှာ သူတို့ နအဖနဲ့ စကားပြောမယ်ဆိုတဲ့ နှစ်ဖက်ခွပေါ်လစီနဲ့ သွားနေတာ။ တဘက်မလုပ်ရင် တဘက်နဲ့လုပ်မယ်ဆိုတဲ့ ပေါ်လစီသွားနေတာ။ Hillary Clinton နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့နောက်ပိုင်း ဥပမာ အီရန်နိုင်ငံ၊ ဗမာနိုင်ငံမျိုးတွေနဲ့ dialogue လုပ်မယ်၊ စကားပြောမယ် ပြဿနာကို အဲဒီလိုဖြေရှင်းမယ်လို့ မဲဆွယ်ကာလတုန်းက အသိပေး ပြောခဲ့တဲ့အတိုင်း မြန်မာပြည်ကို အရေးယူဒဏ်ခတ်မှုနဲ့လုပ်မယ်၊ တဆက်တည်းမှာ စကားပြောမယ်။ တကယ်လို့ ဗမာပြည်ဘက်က သူတို့စကားပြောတာကို နားထောင်ပြီးတော့ အပေးအယူလုပ်ချင်တယ်ဆိုရင် အရေးယူမှုကို အခြေအနေအရ ပြန်ရုတ်သိမ်းမယ်။ တကယ်လို့ ဗမာပြည်နဲ့ Kurt Campbell တို့စကားပြောနေလို့ ဗမာပြည်ဘက်က ဘာမှအရေးယူ ဆောင်ရွက်မှုမရှိဘူးဆိုရင် လက်ရှိအရေးယူမှုအတိုင်း ဆက်လုပ်မယ်။ လိုအပ်လို့ရှိရင် ဒီထက်ပြင်းထန်တဲ့ အရေးယူမှုကို လုပ်ဖို့ နှစ်ဖက်ခွသွားတာ သူတို့ အခု လုပ်ထားတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ပေါ်လစီလို့ ကျနော်တွေ့ပါတယ်။

မြန်မာနိုင်ငံဟာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေလုပ်ဆောင်တာမျိုး မတွေ့ရသေးဘူးလို့ အမေရိကန်နိုင်ငံဘက်က ယုံကြည်ပေမယ့် အရေးယူမှုကို ဒီထက် ပြင်းပြင်းထန်ထန် မလုပ်သေးတာ စောင့်ကြည့်နေတဲ့ သဘောလို့လည်း မြင်ပါတယ်။

သူတို့အနေနဲ့ စောင့်ကြည့်မယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအထဲက နိုင်ငံရေး အနေအထား ပြောင်းလဲမှုတွေ နောက်ပြီးတော့ နအဖဘက်က ပြောထားတဲ့အရာတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူနဲ့တွေ့တုန်းက ပြောထားတဲ့စကားတွေ အဲဒါတွေပေါ် မူတည်ပြီးတော့ နောက်တဆင့်မှာ စကားထပ်ပြောမလား၊ ဒီထက်ပိုတယ့် အရေးယူမှုကို လုပ်မလားဆိုလား တခုခုတော့ ဖြစ်လာလိမ့်မယ် ကျနော်ကတော့ ယူဆပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG