သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲအလွန် အာရှနဲ့ဆက်ဆံရေး အလားအလာ


မကြာခင်ကျင်းပဖို့ ရှိနေတဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ရလဒ်တွေဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဘက်ခြမ်းက တိုင်းပြည်တွေအထိ အကျိုးဆက်တွေ ရိုက်ခတ်လာနိုင်တာကြောင့် အများကစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ အရပ်သားစစ်စစ် အစိုးရတရပ် တက်လာတဲ့ မြန်မာနိုင်ငံ၊ စစ်တပ်က အုပ်ချုပ်ထားတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွေ အနေနဲ့ရော အမေရိကန် သမ္မတရွေးကောက်ပွဲကနေ ဘာတွေများမျှော်လင့်နိုင်မလဲ ဆိုတာကိုတော့ ဗွီအိုအေ ဝိုင်းတော်သား ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတရွေးပွဲ ရလဒ်တွေဟာ ဘုရင်နတ်ရွာစံခဲ့ပြီးနောက် နိုင်ငံရေးအရ မရေမရာ အခြေအနေကြုံနေရတဲ့ ထိုင်းနိုင်ငံ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံတို့လို အလှမ်းဝေးလှတဲ့ တိုင်းပြည်တွေအထိ သက်ရောက်မယ့် အလားအလာတွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဘုရင်မင်းမြတ် ကွယ်လွန်ပြီးနောက် တနှစ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ် ကျင်းပနေကြပါပြီ။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့အတွက် အနောက်နိုင်ငံတွေက ရင်းရင်းနှီးနှီး ဆက်ဆံဖို့ ခက်ခဲနေတဲ့ အချိန်မှာပဲ တိုင်းပြည်မှာ သြဇာကြီးမားလှတဲ့ ဘုရင်နတ်ရွာစံသွားတဲ့အတွက် ထိုင်းနိုင်ငံရေး ရှေ့အနာဂတ်အပေါ် မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း ကတော့ မကြာသေးခင်နှစ်တွေမှာပဲ စစ်တပ်ရဲ့အုပ်ချုပ်မှု အဆုံးသတ်ပြီး အရပ်သား အစိုးရတက်လာတဲ့ မြန်မာနိုင်ငံနဲ့ အရပ်သားအုပ်ချုပ်မှု တခန်းရပ်ပြီး စစ်တပ်က အုပ်ချုပ်နေတဲ့ ထိုင်းနိုင်ငံတို့ရဲ့ နိုင်ငံရေးနောက်ခံတွေက အမေရိကန်နဲ့ ဆက်ဆံရေးမှာ အရေးပါလိမ့်မယ်လို့ မြင်ပါတယ်။

“ပြောရမယ်ဆိုရင် အမေရိကန်ရွေးကောက်ပွဲက နိုင်ငံတော်တော်များများက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အနေအထားရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအနေနဲ့လည်း ကျနော်တို့အပေါ်အကျိုးသက်ရောက် မှုတွေ ရှိတယ်လို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ဒီမိုကရက်ပါတီပေါ့ ဟီလာရီကလင်တန် တက်လာရင်တော့ သူနဲ့ လက်ရှိ ကျနော်တို့ဆီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ က ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးမူရှိတယ် ။ နောက်တခုကတော့ ဒီမိုကရက်ပါတီအနေနဲ့ သူတို့က မြန်မာနိုင်ငံအရေးက သူတို့ရဲ့ သံတမန်ရေးအောင်မြင်မှုအနေနဲ့ သူတို့ပြောထားတဲ့အနေအထားမှာဆိုတော့ ကျနော်တို့နဲ့ ဆက်ဆံရေးပိုပြီးတော့ နီးစပ်လာဖို့ ရှိတဲ့အနေအထားလို့ထင်ပါတယ်။ ထိုင်းနိုင်ငံ အနေအထားကတော့ အခုလက်ရှိ ဘုရင်ကြီး ကွယ်လွန်သွားတဲ့ ကိစ္စရော သူတိုရဲ့ နိုင်ငံရေးမှာ လိပ်ခဲ တည်းလည်း အခြေအနေပေါ့ ဆိုတော့ ဒါတွေက နောက်ထပ် အခြေအနေတစုံတရာအထိ ရှိနိုင်သေးတယ်လို့ထင်တယ် အဲဒီအနေအထားမှာတော့ သူတို့ဘက်က အားနည်းချက်ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ထင်တယ်။”

တကယ်တော့ ဗီယက်နမ်စစ်ကာလအတွင်း အမေရိကန် စစ်အခြေစိုက်စခန်းတွေ ဖွင့်လှစ်ခဲ့ချိန်ကစလို့ ထိုင်းနိုင်ငံဟာ အမေရိကန်အတွက် ဒေသတွင်းမှာ အရေးကြီးတဲ့ မဟာမိတ်တဦးအဖြစ် ရပ်တည်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ အစိုးရကို အမေရိကန်က စစ်ဘက်ဆိုင်ရာ အကူအညီတချို့ ဖြတ်တောက်ခဲ့တဲ့အထိ ဆက်ဆံရေးမှာ အဖုအထစ် တချို့လည်း ရှိခဲ့တာပါ။ ဒါပေမဲ့လည်း အာရှဒေသရဲ့ လတ်တလော ပထဝီဝင်နိုင်ငံရေး အခြေအနေအရ အမေရိကန် သမ္မတရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် သမ္မတသစ်တဦး အနေနဲ့ ဒေသတွင်းက အဓိကမဟာမိတ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ရှေရှည်မဟာမိတ် ဖြစ်လာနိုင်ချေရှိတဲ့ မြန်မာနိုင်ငံတို့နဲ့ ဆက်လက်ပြီး ရင်းရင်းနှီးနှီး ဆက်ဆံနိုင်တဲ့ အလားအလာတွေလည်း ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးအကဲခတ် ဦးဇော်မင်း က သုံးသပ်ပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်က ကျနော်တို့ အာရှဘက်ကိုကြည့်တဲ့အခါမှာ သူက အမြဲတမ်း အချက် ၂ ချက်ပဲ ကြည့်တယ်။ တချက်က စီးပွားရေးမျက်စိ၊ နောက်တချက်က လုံခြုံရေးမျက်စိပေါ့။ အဲဒါနဲ့ပဲ ကြည့်တယ်ဆိုတော့ ကျနော်ထင်ပါတယ် အခုထိုင်းနဲ့ ဆက်ဆံရေးကို အမေရိကန်က တတ်နိုင်သလောက်တော့ အရင်တုန်းကလို စိုတဲ့လက် မခြောက်နဲ့လို့ သွားဖို့မြင်တယ်။ အခုက ဖိလစ်ပိုင်နဲ့ က ဆက်ဆံရေးမကောင်းဘူး။ အခုလက်ရှိဖိလစ်ပိုင်သမ္မတနဲ့ အမေရိကန်နဲ့ က ရှင်းရှင်းပြောရရင် မပြေလည်ဘူးပေါ့ဗျာ။ အဲဒီအချိန်မှာ ထိုင်းနဲ့ မြန်မာတို့နဲ့ ပတ်သက်ပြီးတော့ မပြေလည်အောင် လုပ်မယ့်အနေအထားမျိုးတော့ အမေရိကန်ဘက်မှာမှရှိဘူးလို့တော့ ယူဆတယ်။”

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား အစိုးရကတော့ အာရှဒေသမှာ ချိန်ခွင်လျှာညှိမယ့် မူဝါဒအရ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံမှုတွေ တိုးမြှင့်လာခဲ့တာပါ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန် ကိုယ်တိုင်ဟာလည်း နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်မှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံခဲ့တာတွေဟာ အောင်မြင်မှုတခုအဖြစ် အစဉ်တစိုက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြိုင်ဘက်ဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့် သာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် မြန်မာအပါအဝင် အာရှဒေသအပေါ် အာရုံစိုက်ပါဦးမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ဦးအောင်သူငြိမ်း ကပြောပါတယ်။

“ဒီ Trump အနေနဲ့ကတော့ သူကကျနော်တို့ရဲ့ အာရှနဲ့ ပတ်သက်တဲ့ Policy ကိစ္စတွေ သိပ်ပြောတာဆိုတာတော့ မတွေ့ဘူးပေါ့နော်။ ဆိုတော့ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံကတော့ အလေးထားတဲ့ နိုင်ငံတခုအဖြစ်ဆက်ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အရှေ့တောင်အာရှရေး ရာ ကျနော်တို့ သံတမန်ရေးကိစ္စတွေမှာကျတော့ Trump ဘက်က ဒီလောက်ကြီးအလေးထားပါ့မလား။ စိတ်ဝင်တစားရှိပါ့မလား ဒီလိုတော့ စဉ်းစားစရာရှိပါတယ်။”

အစဉ်အလာအားဖြင့် ဒေသတွင်းမှာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေတဲ့အစိုးရက တရုတ်နိုင်ငံနဲ့ ဆက်ဆံလာနေချိန်မှာ၊ မြန်မာအစိုးရသစ်ကတော့ တချိန်က စစ်အစိုးရတွေလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးအရ တရုတ်နိုင်ငံကို မှီခိုအားထားခဲ့ရတာတွေကို လျှော့ချဖို့ကြိုးပမ်းနေတာပါ။ ဒါကြောင့်လည်း အမေရိကန်မှာ နောက်တက်လာမယ့် သမ္မတသစ်တဦး အနေနဲ့ ဒေသတွင်းမှာ သြဇာကြီးမားလာနေတဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့အတွက် မြန်မာနဲ့ ထိုင်းတို့လို မိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ပြီးလက်တွဲဖို့ လိုမယ်လို့ နိုင်ငံရေးလေ့လာသူ ဦးဇော်မင်း ကတွက်ပါတယ်။

“ကျနော်က ဒီလိုစည်းစားကြည့်တယ် တခါတလေကျရင် ကျနော်သာ Donald Trump ဆိုရင် ကျနော်သာ သမ္မတဖြစ်ပြီဆိုရင် ကျနော်က တရုတ်ရဲ့တက်လာတဲ့ ပါဝါကိုလည်း ချိန်ထိုးရမယ်ဆိုပြီး ကျနော်ပြောခဲ့ဖူးတယ်ပေါ့ Donald Trump ပြောခဲ့ဖူးတယ်။ ကျနော်သာ Donald Trump နေရာမှာ သမ္မတဖြစ်လာမယ်ဆိုရင် မြန်မာနဲ့ ထိုင်းကို ပိုဦးစားပေးပြီးတော့ ပါးပါးနပ်နပ်ပေါင်းမှာပဲ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ကို balance လုပ်ဖို့အတွက် မြန်မာလည်း အရေးကြီးတယ်၊ ထိုင်းလည်းအရေးကြီးပါတယ်။ အခုက လောလောဆယ် ဖိလစ်ပိုင်နဲ့ မိတ်ပျက်နေတယ်ဆိုတော့ မြန်မာနဲ့ ထိုင်းက ဘာပဲပြောပြော လောလောဆယ် ဘယ်သူပဲ အုပ်ချုပ် ကျနော်ထင်တယ် အမေရိကန်အတွက်ဒါက ဒီ ၂ နိုင်ငံက အရေးတော့ ဒီဒေသထဲမှာပါတယ်လို့ ကျနော်ယူဆတယ်။”

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ သမ္မတလောင်း ၂ ဦးအနက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကလင်တန် အနိုင်ရခဲ့မယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ တဦးအဖြစ် သမိုင်းမှတ်တိုင်တင်နိုင်မှာ ဖြစ်သလို၊ ပြိုင်ဘက် ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်း ထရမ့် အနိုင်ရခဲ့မယ် ဆိုရင်တော့ အစိုးရရာထူးတာဝန်တွေ တခါမှ မထမ်းဆောင်ဖူးတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် စီးပွားရေးသမားတယောက် ပထမဆုံးသမ္မတ ဖြစ်လာတာကို တွေ့ကြရမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG