သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံရပ်ခြား လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ရန်ကုန်ရုံးခွဲ ဖွင့်


မြန်မာလယ်ယာရှု့ခင်းအတွင်း လယ်သူမများ လယ်စိုက်နေစဉ်။

ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့အတွက်ရည်ရွယ်ပြီး အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မြို့မှာ ရုံးခွဲသစ်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံရပ်ခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန FAS က ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလကုန်လောက်ပိုင်းမှာ စပြီး လုပ်ငန်းစဉ်တွေ လုပ်ကိုင်တော့မှာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍမှာ ပူးတွဲလုပ်ဆောင်ဖို့အတွက် အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မြို့မှာ ရုံးခွဲသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့စားနိပ်ရိက္ခာဖူလုံရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ လယ်သမားတွေ၊ ထုတ်လုပ်သူတွေ အတူပူးပေါင်းကြဖို့ရည်ရွယ်ထားတယ်လို့ နိုင်ငံခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာန FAS အုပ်ချုပ်ရေးမှူး Phil Karsting က အခုလို ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ နှစ်နိုင်ငံကြား စီးပွားရေးပေါ်လစီတွေ၊ နည်းပညာတွေ ဖလှယ်ကြမှာပါ။ အခုလို မြန်မာနိုင်ငံမှာ ရုံးခွဲလာဖွင့်ဖြစ်လို့ စိတ်လှုပ်ရှားမိပါတယ်။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၁၅၀ ကျော် Land-grant university တွေ ဖွင့်ခဲ့တဲ့အချိန်လောက်ကတည်းက ကျွန်တော်တို့ဟာ လယ်သမားတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေ ကောင်းမွန်တဲ့ ထုတ်ကုန်တွေ ရရှိဖို့၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်အောင် ပျိုးထောင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့၊ ကမ္ဘာ့စားနပ်ရိက္ခာဖူးလုံရေးအတွက် ပံ့ပိုးနိုင်အောင် ရည်ရွယ်တာပါ။ အခု မြန်မာနိုင်ငံမှာလည်း ဒီလိုရည်ရွယ်ချက်တွေ အကောင်အထည်ဖော်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။”

ဒီနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး မိတ်ဆက်လိုက်တာပါ။ ရုံးခွဲကို ရန်ကုန်မြို့ အမေရိကန်သံရုံးထဲမှာပဲ ဖွင့်လှစ်မှာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းလောက်ကစပြီး လုပ်ငန်းစဉ်တွေကို စတင်သွားမှာလည်းဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ နှစ်နိုင်ငံ လယ်သမားတွေ၊ ထုတ်လုပ်သူတွေရဲ့ အဓိက လိုအပ်ချက်တွေကို နားထောင်ပြီး ပူးတွဲလုပ်ကိုင်ဖို့ ကြိုးစားသွားမယ်လို့ Phil Karsting က ဆက်ပြောပါတယ်။

“ပထမဦးဆုံးတော့ ကျွန်တော်တို့တွေ တွေ့ဆုံပြီး လိုအပ်ချက်တွေ၊ ဖြစ်ချင်တာတွေ၊ နှစ်နိုင်ငံကြား စိုက်ပျိုးရေးကဏ္ဍ ပျိုးထောင်နိုင်ဖို့ ဆွေးနွေးပြောဆိုကြရမှာပါ။ ဒီလို နှစ်ဦးနှစ်ဖက် ပြောဆိုတာတွေကို နားထောင်ဖို့က ပထမဦးဆုံးလုပ်ရမယ့် အလုပ်ပါ။ ပြီးရင်တော့ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမယ့် ကဏ္ဍတွေကို ရွေးချယ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက လယ်သမားတွေ၊ စိုက်ပျိုးထုတ်လုပ်သူတွေအတွက် ကောင်းမွန်တဲ့ သိပ္ပံနည်းပညာကို အခြေခံပြီး စည်းကမ်းပြည့်ဝတဲ့ ကုန်သွယ်မှုကို အသုံးပြုဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့တော့ မြန်မာ့စိုက်ပျိုးရေးကဏ္ဍရဲ့ လိုအပ်ချက်တွေကို လေ့လာပြီး ကျွန်တော်တို့ဌာနနဲ့ ဘယ်လို ပူးတွဲလုပ်ကိုင်ကြမလဲဆိုတာကို အရင်အဖြေရှာရမှာဖြစ်ပါတယ်။”

အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားလယ်ယာစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန FAS အနေနဲ့ နိုင်ငံပေါင်း ၁၇၁ နိုင်ငံချိတ်ဆက်ပြီး စိုက်ပျိုးရေးကဏ္ဍတိုးချဲ့နိုင်ရေးအတွက် ဆောင်ရွက်နေတာပါ။ FAS နဲ့ တွဲဖက်လုပ်ကိုင်တဲ့ နိုင်ငံတွေရဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ အားကောင်းလာဖို့၊ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့၊ စိုက်ပျိုးရေးကဏ္ဍတိုးတက်စေတဲ့ ဝန်းကျင်တစ်ခုဖြစ်လာဖို့ အားပေးကူညီနေတာပါ။ ဒါ့အပြင် စိုက်ပျိုးရေးကဏ္ဍတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေဖို့ ပညာသင်အစီအစဉ်၊ နှီးနှောဖလှယ်ရေးအစီအစဉ်တွေကိုလည်း ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

XS
SM
MD
LG