သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ


အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ
အမေရိကန်ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု မြန်မာပြည်သူတွေအတွက် အကျိုးရှိ

အမေရိကန်ပြည်ထောင်စုက ငွေကြေးကုမ္ပဏီတွေကို ကြပ်ကြပ်မတ်မတ် ကွပ်ကဲရေး ဆိုင်ရာ ဥပဒေမူကြမ်း တရပ်ကို မနေ့က အမေရိကန် အောက်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ နောက်အပတ်ထဲမှာ သမ္မတ အိုဘားမား လက်မှတ် ရေးထိုးပြီး ရင်တော့ ဒီဥပဒေ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ဒီဥပဒေ အတည်ဖြစ်သွားရင် မြန်မာနိုင်ငံ သားတွေအတွက်လဲ အကျိုးဖြစ်နိုင်တယ်လို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးက ပြောပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်နိုင်တယ် ဆိုတာကိုတော့ ကိုကစောဝါးက အခုလို ရှင်းပြပါတယ်။

“မနေ့ကမှ အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းပေါ့လေ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် ကနေပြီးတော့ Wall Street Reforming Consumer Production Act ဆိုတဲ့ ဥပဒေမူကြမ်းဟာ ကျနော်တို့ မြန်မာပြည်သားတွေအတွက် အင်မတန်ကိုပဲ အကျိုးကျေးဇူး ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးတွေက မြန်မာပြည်မှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံနေတာကို ဗမာပြည်အစိုးရက ငွေကြေး ဘယ်လောက်ရနေလဲဆိုတာကို မြန်မာပြည်သူပြည်သားတွေ မသိနိုင်ပါဘူးခင်ဗျ။ ဒါပေမဲ့ ဒီဥပဒေကြီး အတည်ပြုလိုက်ပြီဆိုရင် ဗမာပြည်မှာ ရင်းနှီးမြှုပ်နံှနေတဲ့ကုမ္ပဏီတွေဟာ သူတို့ ဗမာစစ်အစိုးရကို ငွေကြေးဘယ်လောက်ပေးရလဲဆိုတာကို သူတို့က အမေရိကန် အစိုးရကို အသိပေးရမှာပါခင်ဗျ။ အဲဒီလို အသိပေးတဲ့အချိန်မှာ ကျနော်တို့ Earth Rights Organization က ဒီ အခြေအနေ အကြောင်းအချက်တွေကို Information တွေကို ယူပြီးတော့ ကျနော်တို့အနေနဲ့ ဗမာပြည်သူပြည်သားတွေကို အသိပေးနိုင်တဲ့ အတွက် ဗမာပြည်သူပြည်သားတွေဟာ ဘယ်လိုကုမ္ပဏီမျိုးတွေမှာ ဘယ်လို ဘယ်လောက်ငွေကြေးရတယ်ဆိုတာကို သိနိုင်မယ်ဆိုရင် မြန်မာပြည်သားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။”

၂၀၀၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့ငွေကြေး အကျပ်ရိုက်မှု ပြဿနာ နောက်တခါ မကြုံရလေအောင် ကာကွယ်ဖို့ ရည်ရွယ်တဲ့ ဒီဥပဒေ မူကြမ်းဟာ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကို ပိုပြီး ကြပ်ကြပ်မတ်မတ် ထိန်းကွပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ အမေရိကန် ကုမ္ပဏီတွေရဲ့ ငွေစာရင်းရှင်းတမ်းတွေကို သိနိုင်ယုံတင်မက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ တခြား နိုင်ငံတွေက နိုင်ငံခြား ကုမ္ပဏီကြီးတွေရဲ့ ငွေကြေးရှင်းတမ်းတွေကိုလဲ တဖက်တလှမ်းကနေ သိနိုင်မှာဖြစ်တယ်လို့ ကိုကစောဝါးက ထောက်ပြပါတယ်။

“ဒီမူက အမေရိကန် ကုမ္ပဏီတခုတည်းကိုသာ အကျိုးသက်ရောက်မှု မကပါဘူးခင်ဗျ၊ အခြား တရုတ်တို့၊ ပြင်သစ်ကုမ္ပဏီ တိုတယ်လ်တို့မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်ကော်ပရေးရှင်းတွေက အမေရိကန်နိုင်ငံရဲ့ စတော့ပ်အိပ်စ်ချိန်းမှာ ရှိနေတဲ့အတွက် ဒီကုမ္ပဏီတွေကလည်း အမေရိကန်နိုင်ငံကို အသိပေးရမှာ ဖြစ်တဲ့အတွက် ဥပမာအားဖြင့် ရှယ်ဗလွန်တို့ကတော့ သေချာပြီ။ ဒါကတော့ အမေရိကန် ကုမ္ပဏီဖြစ်တဲ့အတွက်။ ဒါပေမယ့် Total တို့ CMPC တို့ China ကုမ္ပဏီတွေက သူတို့က ဒီအမေရိကန်နိုင်ငံမှာ သူတို့ရဲ့ရှယ်ယာတွေကို ရောင်းနိုင်ဖို့အတွက် ယူအက်စ် အိပ်စ်ချိန်းမှာ ဝင်ပါထားတယ်ခင်ဗျ။ ဝင်ပါထားတယ်ဆိုတော့ ဒီဥပဒေက ယူအက်စ် စတော့ အိပ်စ်ချိန်းမှာ ဝင်ပါထားတဲ့ ကုမ္ပဏီတိုင်းက အမေရိကန်အစိုးရကို ငွေစာရင်းတွေကို အသိပေးရမယ်လေ။ ဆိုတော့ သူတို့တွေကလည်း ဒီ အမေရိကန် အစိုးရကို သူတို့ ဗမာပြည်ကို ငွေဘယ်လောက်ပေးလဲ၊ ဗမာစစ်အစိုးရကို ငွေဘယ်လောက်ပေးလဲဆိုတဲ့ ငွေစာရင်းကို သူတို့ တင်ပြရပါလိမ့်မယ်။”

ခုချိန်မှာ မြန်မာနိုင်ငံသားတွေဟာ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘာမှမသိကြသလို သဘာ၀ သံယံဇာတ အရင်းအမြစ်တွေ ပေါကြွဝတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေကတော့ ဒီကရတဲ့ အကျိုးအမြတ်ကို ခံစားရလေ့ မရှိပါဘူး။ ဒါကြောင့် ဒီဥပဒေ မူကြမ်း အတည်ဖြစ်သွားမယ် ဆိုရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမဏီတွေကနေ မြန်မာစစ်အစိုးရ ဘယ်လောက် ဝင်ငွေ ရနေတယ်ဆိုတာတွေကို ဖော်ထုတ်နိုင်မှာဖြစ်သလို ပြည်သူတွေ ဒီအကြောင်းတွေကို သိလာခြင်းအားဖြင့် မြန်မာစစ်အစိုးရ အနေနဲ့ လူထုအတွက် အကျိုးပြုမှု တစုံတရာ လုပ်လာနိုင်တဲ့ တွန်းအားဖြစ်လာဖို့လဲ ကိုကစောဝါးက မျှော်လင့်ပါတယ်။

“ဗမာပြည် စစ်အစိုးရကြီးဟာ အများသိတဲ့အတိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေဘာတွေကို သူတို့ တည်ဆောက်နေတယ်။ ဒါပေမဲ့ တကယ်တန်းတွက်ကြည့်လိုက်ရင် ဒီငွေကြေးတွေဟာ တိုင်းသူပြည်သားတွေအတွက် အနည်းဆုံးတော့ နည်းနည်းပါးပါး ရောက်သင့်တယ်။ ဒီ ရှယ်ဗရွန်းက ပေးတဲ့ပိုက်ဆံတို့ တိုတယ်လ်က ပေးတဲ့ ပိုက်ဆံတို့ ဒီငွေကြေးအများကြီးတွေဟာ တိုင်းသူပြည်သားတွေဆီမရောက်ဘဲ ဒီဘာမဟုတ်တဲ့ မလုပ်သင့်တဲ့ဟာတွေ ဒီစစ်အစိုးရကို အာဏာခိုင်မြဲဖို့အတွက်ပဲ ဖြစ်နေတော့ ကြည့်ရတာ ကျနော်တို့ တော်တော်လေးကို စိတ်မကောင်းဖြစ်နေပါတယ်။ အခုကြည့်မယ်ဆိုရင် ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ဒုက္ခရောက်နေလဲ ကျနော်တို့ မျက်မြင် တွေ့နေရပါတယ်။ ဒါတွေကို ကြည့်နေရတာ စိတ်မချမ်းသာတဲ့အတွက် အနေအထားတခုမှာ ကျနော်တို့ ဘာအကောင်းဆုံးလုပ်နိုင်မလဲ၊ ဒီလိုသာ ကုမ္ပဏီတွေက ငွေကြေးရှင်းတမ်းတွေကို တင်ပြရမယ်ဆိုရင် အနည်းဆုံးတော့ ဗမာပြည်သူပြည်သားတွေ ဒီအနေအထားကို သိမယ်ဆိုရင် စစ်အစိုးရက အနည်းဆုံးတော့ တခုခု လုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ချင်ပါတယ်ခင်ဗျ။”

နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Earth Rights International ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကို ကစောဝါးကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG