သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်ဝါဒ အားပေးမှုနိုင်ငံစာရင်းထဲ ကျူးဘားကိုပယ်ထုတ်


ကျူးဘားနိုင်ငံအလံ
ကျူးဘားနိုင်ငံအလံ

အမေရိကန်နဲ့ ကျူးဘားနှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်စတဲ့ ခြေလှမ်းတခုအနေနဲ့ အကြမ်းဖက်ဝါဒကို အားပေးတဲ့နိုင်ငံစာရင်းကနေ ကျူးဘားနိုင်ငံကို အမေရိကန်ပြည်ထောင်စုက ပယ်ဖျက်ပေးလိုက်ပါတယ်။

ဧပြီလတုန်းက သမ္မတအိုဘားမားက ကျူးဘားသမ္မတ Raul Castro နဲ့ တွေ့ဆုံပြီးမကြာခင်မှာပဲ ကျူးဘားကို အကြမ်းဖက်ဝါဒအားပေးတဲ့နိုင်ငံစာရင်းကနေ ပယ်ဖျက်ဖို့ရှိတဲ့အကြောင်း သမ္မတအိုဘားမားက ကြေညာခဲ့တာပါ။ ဒါကို အမေရိကန်လွှတ်တော်က ၄၅ ရက်အတွင်း ကန့်ကွက်ပယ်ချခွင့်ရှိပေမယ့်လို့ လွှတ်တော်က မကန့်ကွက်ခဲ့ပါဘူး။ နှစ်ဘက် သံရုံးတွေကို ဘယ်တော့ဖွင့်ဖြစ်မလဲဆိုတာတော့ ခုအချိန်အထိ အချိန်သတ်မှတ်ချက်မရှိသေးပါဘူး။ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်သံတမန်တွေအနေနဲ့ ကျူးဘားနိုင်ငံက နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ လွတ်လွတ်လပ်လပ်နဲ့ တွေ့နိုင်ဖို့နဲ့ အခြား ဒီမိုကရေစီအစီအစဉ်တွေ ဆောင်ရွက်နိုင်ဖို့ တောင်းဆိုနေတဲ့အပေါ် ကျူးဘားနိုင်ငံဘက်ကတော့ တွန့်ဆုတ်နေပါတယ်။

သမ္မတအိုဘားမားရဲ့ ကျူဘားနဲ့ပတ်သက်တဲ့မူဝါဒကို လွှတ်တော်က ပြန်လည်သုံးသပ်မှု အချိန်သက်တမ်းကုန်ဆုံးသွားတဲ့အတွက် ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုအားပေးတဲ့နိုင်ငံစာရင်းကနေ နိုင်ငံခြားရးဝန်ကြီး ဂျွန်ကယ်ရီက အခုသောကြာနေ့မှာ တရားဝင်ပယ်ဖျက်ပေးလိုက်တာပါ။ ဒါပေမယ့်လည်း ကျူးဘားနိုင်ငံရဲ့ မူဝါဒနဲ့လုပ်ရပ်တွေအပေါ်မှာတော့ အမေရိကန်ဘက်က သဘောကွဲလွဲစရာတွေ ဆက်ရှိနေပြီး စိုးရိမ်မကင်းဖြစ်စရာတွေလည်း ဆက်ရှိနေတယ်လို့ လည်း ကြေညာထားပါတယ်။ ကျူးဘားကို အကြမ်းဖက်အားပေးတဲ့နိုင်ငံစာရင်းကနေ အမေရိကန်က ပယ်ဖျက်ပေးခဲ့တာကြောင့် ကျူးဘားအနေနဲ့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာအဖွဲ့အစည်းတွေထံက ငွေချေးယူနိုင်သလို အခြားကမ္ဘာ့ငွေကြေးဈေးကွက်တွေနဲ့လည်း ထိစပ်လာနိုင်ခွင့် ရှိပြီဖြစ်ပါတယ်။

XS
SM
MD
LG