သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သံအမတ်ကြီး ကချင်ဒုက္ခသည်ကူညီရေး ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေး


ကန်သံအမတ်ကြီး ကချင်ဒုက္ခသည်စခန်းကိုသွားရောက်စဉ် (U.S. Embassy Rangoon)
ကန်သံအမတ်ကြီး ကချင်ဒုက္ခသည်စခန်းကိုသွားရောက်စဉ် (U.S. Embassy Rangoon)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို လေ့လာရေး ခရီးစဉ်ရောက်ရှိနေပြီး ဒီကနေ့မှာ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBCနဲ့ တွေ့ဆုံခဲ့ပြီး စစ်ပွဲတွေရပ်တန်ရေးနဲ့ စစ်ရှောင်ဒုက္ခသည် အရေးကို အလေးထားဆွေးနွေးခဲ့ပါတယ်။

အမေရိကန်သံအမတ်ရဲ့ ဒီလ ၂၅ ရက်ကစတင်တဲ့ ခရီးစဉ်မှာ ကချင်ပြည်နယ်အစိုးရ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့သလို ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သံအမတ်ကြီး Scot Marciel ရဲ့ ခရီးစဉ်ဟာ ၂၅ ရက်နေ့ကစတင်တဲ့ ၃ရက်ကြာ ခရီးစဉ်အတွင်းမှာ ပြည်နယ်အစိုးရအပါအဝင် ဘာသာရေး၊ နိုင်ငံရေး၊ လူမှုအသင်းအဖွဲ့တွေ၊ စစ်ရှောင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းတွေ၊ ကချင်ပြည်နယ်အတွင်းမှာအကူအညီပေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကချင်နှစ်ခြင်းခရစ်ယာန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBCရဲ့ ဒေသအသီးသီးက ဘာသာရေးခေါင်းဆောင်တွေနဲ့ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ရာမှာ စစ်ပွဲတွေ ရပ်တန့်ရေးနဲ့ ဒုက္ခသည်စခန်းတွေဆီ လူမှုထောက်ပံရေးတွေ ပို့ဆောင်ရေးကို ဆွေးနွေးခဲ့တယ်လို့ KBC က သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလပ်ဆမ်ဆွန်က အခုလို ပြောပါတယ်။

“သူကတော့ စစ်ဖြစ်တာကိုတော့ စိတ်မကောင်းဘူးပေါ့နော် ၊ အဲဒါတော့မဖြစ်သင့်ဘူးပေါ့နော်။ နောက်တပတ် နေပြည်တော်မှာ တပ်မတော်အရာရှိတွေနဲ့ တွေ့တဲ့အခါမှာ သူ ပြောပြမယ်ဆိုပြီးပြောတယ်။ နောက်ပြီးထောက်ပံ့ရေးပစ္စည်းတားမြစ်တာလည်း ဒါသဘောမကျဘူးပေါ့ မဖြစ်သင့်ဘူးပေါ့။ နောက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လည်း လူထုဆောင်ရွက်မှသာ ပပြောက်မယ်ဆိုတဲ့အကြောင်းတွေပြောတယ်။”

တနင်္လာနေ့က ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံနဲ့ တွေ့ဆုံစဉ်မှာ စီးပွားရေးပိတ်ဆို့မှု၊ NCA ခေါ် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်အရေး၊ စစ်ရှောင်ဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့ကြကြောင်း ဒေါက်တာခလပ်ဆမ်ဆွန်က ပြောပါတယ်။

“အဓိကတော့ ဒီမိုကရစီဖြစ်ပေါ်ဖို့အတွက် Sanction ကို တင်းကျပ်ဦးမယ်ဆိုပြီးတော့ပြောတယ်။ Sanction ကတော့ လုပ်သင့်ရင်တော့ ဆက်လုပ်မယ်ဆိုတဲ့အပိုင်းတွေရှိတယ်။ NCA နဲ့ ပတ်သက်လို့လည်း သူတို့ NCA ထိုးပြီးမှပဲ ငြိမ်းချမ်းရေး ဆက်လက်ပြောဖို့လိုတယ်ဆိုတဲ့အကြောင်းတွေပြောတယ်။”

ဝိုင်းမော်မြို့က စစ်ရှောင်စခန်းကို သွားရောက်ချိန်မှာတော့ ငြိမ်းချမ်းရေး အောင်မြင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီသွားမှာ ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်သံ အမတ်ကြီး Scot Marciel ဟာ KIO အဖွဲ့နဲ့ ညနေပိုင်း ၃နာရီလောက်မှာ တွေ့ဆုံခဲ့သလို ညနေပိုင်းမှာတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်က ပြန်လည်စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ အခုချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့အထိ KIO ထိန်းချုပ်ရာလိုင်ဇာဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပြီး ဒီရက်ပိုင်းတွေအတွင်း မှာတော့ ပြန်လည်ငြိမ်သက်နေခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG