သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့တိုးမြှင့်မှုကြောင့် မြန်မာ့စီးပွားရေးအပြောင်းအလဲ မရှိ


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတခုဖြစ်တဲ့ the National Emergencies Act အမေရိကန် အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွတ်ပြီး နောက်ထပ် တနှစ်သက်တမ်းတိုး လိုက်တာကြောင့် မြန်မာပြည်ရဲ့ လက်ရှိစီးပွားရေးအပေါ် ထူးထူးခြားခြား ပြောင်းလဲလာဖု့ိ မရှိနိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်နဲ့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ထားတဲ့ စာရင်းကနေ ဖြေလျော့လိုက်တဲ့ အထဲမှာ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း နဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အပါအဝင် အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင် ဘဏ် သုံးခုတို့ကို ပါဝင်ပါတယ်။ အင်းဝဘဏ်နဲ့ မြဝတီဘဏ်တို့ကိုတော့ ဘဏ်လုပ်ငန်းတွေအတွက် လုပ်ငန်းလိုင်စင် လုပ်ခွင့်ပေးခဲ့ပါတယ်။

ဒီလိုဖြေလျော့တာတွေရှိပေမဲ့ မူလက ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှု စာရင်းထဲမှာပါတဲ့ Steven Law နဲ့ Asia World ကုမ္ပဏီ တို့အပြင်၊ သူတို့အနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုကို ထပ်တိုးလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုဖြစ်တဲ့ အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွတ်သက်တမ်းတိုးလိုက်တဲ့အပေါ်အငြိမ်းစား ဗဟိုဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က အခုလို သုံးသပ်ပါတယ်။

“လျော့ပေါ့ပေးတယ်ဆိုတော့ ဒါကြိုဆိုရမှာပေါ့ ။ တဘက်က ပြန်ကြည့်ရင်တော့လည်း ဒီ Sanction ပေါ့နော် ဒီပိတ်ဆို့မှုကြီးက ဆက်ရှိနေသေးတဲ့သဘောဆိုတော့ အမေရိကန်ဘဏ်တွေက ဒီမြန်မာနိုင်ငံကို လာဖို့အလားလာ နည်းသွားတယ်။ အမေရိကန်ဘဏ်တွေ ကမြန်မာနိုင်ငံကို မလာဘူးဆိုရင် ဥရောပတိုက်မှာရှိတဲ့ အင်္ဂလန်တို့ဘာတို့ပေါ့လေ ၊ အဲဒီမှာရှိတဲ့ ဘဏ်တွေက လာမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း အမေရိကန်ဘဏ်တွေရဲ့ အခြေအနေကိုကြည့်နေတာကို အမေရိကန်ဘဏ်တွေကလည်း အနောက်နိုင်ငံ ဘဏ်တွေမလာဘူးဆိုရင် ဒီနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း ဒါ များများလာမှာ မဟုတ်ဘူးလေ။”

နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာလည်း အရင်အခြေအနေကနေ ပြောင်းလဲလာ ဖွယ်မရှိသေးနိုင်ကြောင်း ဦးသန်းလွင်က ဆက်ပြောပါတယ်။

“နိုင်ငံခြားသုံးငွေကိုင်ဆောင်ခွင့်ရထားတဲ့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ ပြည်ပနဲ့ ဆက်သွယ်တဲ့အခါမှာ အမေရိကန်ဘဏ်တွေနဲ့ပဲဖြစ်ဖြစ် တခြားဘဏ်တွေနဲ့ဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ ဥပမာ- ငွေသွင်းခြေမှု အပိုင်းမှာကျတော့ ကျတော်တို့က တဆင့်ခံပါမယ်။ ဥပမာဆိုပါစို့ စင်င်္ဂပူဘဏ်တွေကနေ တဆင့်သွားရလိမ့်မယ်။ အခုလည်း ဒီအတိုင်းဆက်သွားရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ sanction ကရှိနေတာကို ။ အဲလိုပဲ ဆက်သွားနေရရင်တော့ ကျနော်တို့အရင်အတိုင်းပဲ မြန်မာနိုင်ငံအတွက်ကတော့ ဒါ လိုအပ်တာထက်ပိုပြီးတော့ ငွေကုန်ကြေးကျများမယ်ပေါ့ဗျာ။ များမယ်ဆိုတော့ နစ်နာမယ့်သဘောရှိတယ်။”

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ)ကတော့ ဖြေလျော့မှုမှာ ဘဏ်တချို့ပါဝင်လာတာကြောင့် နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ဆောင်ရွက်ရာနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှအတိုင်းအတာတရပ်အထိ ပြောင်းလဲလာနိုင်ကြောင်း ရှုမြင်ပါတယ်။

“ခါတိုင်း ငွေပေးငွေယူကိစ္စတွေက ခက်ခက်ခဲခဲရှိနေတာကနေပြီးတော့ အခုဆိုရင် MFTB တို့ နောက်ဆုံး အင်းဝတို့ မြဝတီတို့ပါတယ်ဆိုတော့ ဒီငွေပေးငွေယူကိစ္စတွေ မြန်ဆန်ချောမွေ့သွားနိုင်တယ်။ ကုန်သွယ်ရေး ရင်းနှီးမြုပ်နှံမှုတွေပိုပြီးတော့ ကောင်းလာမယ်ပေါ့နော်။ အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ရကိုင်ရတာလွယ်အောင် ပိုလုပ်ပေးလိုက်တယ်လို့မြင်တယ်။ ဒါလည်း အဓိကတော့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေက lobby လုပ်ကြတာပေါ့လေ။”

ဒီအပြောင်းအလဲတွေဟာ မြန်မာပြည်စီးပွားရေးကို ထူးထူးခြားခြား သက်ရောက်မှုမရှိနိုင်ဘူးလို့လည်း သုံးသပ်ပါတယ်။

“အစိုးရဲ့ အပြုအမှုကို ပြောင်းလဲဖို့လို့ရည်ရွယ်ပြီးပေမယ့် တကယ်တန်းခံရတာကတော့ အောက်ခြေလူတန်းစားပေါ့နော်။ အပေါ်မှာကတော့ လွတ်နေတာတွေ အများကြီးပဲရှိတယ်လေ။ တကယ်တန်းခံရတာကတော့ အောင်ခြေလူတန်းစားပဲလေ ။ အခုနည်းနည်းပေါ့နော် အောက်ခြေလူတန်းစားခံရတာလေး နည်းနည်းလေးလျော့သွားမယ်၊ နည်းနည်းလေးသက်သာမယ်လို့ ဆရာတို့ကတော့ မျှော်လင့်ပါတယ်။”

UMFCCI ခေါ် မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရဲ့ အတွင်းရေးမှုး ဦးအေးလွင်က အခုလို သုံးသပ်ပါတယ်။

“စီးပွားရေးဆိုင်ရာ ငွေကြေးဆိုင်ရာဘဏ်တွေကို ခွင့်ပြုတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်တွေက နိုင်ငံတကာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး မူလအတိုင်း ဘဏ်ရဲ့ facility တွေ ၊ system တွေအတွက် Payment တွေအားလုံးက အလွယ်တကူ စိတ်ချစွာလုပ်နိုင်တဲ့အတွက် အသေးစား၊ အလတ်စားတွေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့ အခြေအနေတော့ရှိပါတယ်။”

တချိန်တည်းမှာလည်း ဖြေလျော့လိုက်တဲ့ အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ဆက်စပ်နေတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေလည်း အကျိုးရှိလာနိုင်မယ်လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးတို့ရဲ့အတူကျင်းပတဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ပြီး နောက်ထပ် ၁ နှစ် ထပ်မံသက်တမ်းတိုးလိုက်ပေမဲ့ နိုင်ငံကို ထိခိုက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေ မြင်တွေ့လာရပေမယ့်လို့ အုပ်ချုပ်ရေးပိုင်းကို အရပ်ဖက်က လုံး၀ ချုပ်ကိုင်နိုင်ဖို့ အခြေအနေမရှိသေးတာနဲ့ အခြားသော လူ့အခွင့်အရေးအခြေအတွေကြောင့် ဒီ ဥပဒေကို ဆက်ပြီး သက်တမ်းတိုးထား ရတာဖြစ်တယ်လို့လည်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG