သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအပေါ် အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှု အသစ် ချမှတ်

  • ဗွီအိုအေ (မြန်မာဌာန)

လူအမြောက်အမြား သေစေတဲ့ လက်နက်တွေကို ထုတ်လုပ် ပြန့်ပွားမှုတွေကို ကန့်သတ်နိုင်ဖို့ ရည်ရွယ်ပြီး အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ် အရေးယူသွားတော့မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ၀န်ကြီးတွေ ဆိုးလ်မြို့တော်မှာ ထူးထူးခြားခြား တွေ့ဆုံရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ကြေညာချက်ကို အလေးထား ပြောဆိုခဲ့တာပါ။

မတ်လထဲမှာတုန်းက တောင်ကိုရီးယား ရေငုပ်သင်္ဘော ချိုနန် နစ်မြုပ်ခဲ့မှုကို တုံ့ပြန်တဲ့ အနေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်ဖို့ အစီအစဉ်တွေအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပြစ်ဒဏ်ခတ် အရေးယူမှုတွေဟာ မြောက်ကိုရီးယား လူထုကို မရည်ရွယ်ကြောင်း ၀န်ကြီး ကလင်တန်က ပြောဆိုခဲ့တာပါ။

ပိတ်ဆို့ဒဏ်ခတ်မယ့် အစီအစဉ်တွေဟာ မြောက်ကိုရီးယားက မတည်ငြိမ်မှုတွေဖြစ်အောင် လုပ်နေတာ၊ တားမြစ်ထားတဲ့ ပစ္စည်းတွေကို တင်ပို့နေတာတွေနဲ့ ရန်လိုတဲ့ မူဝါဒတွေ ရှိနေတာတွေအပြင် မြောက်ကိုရီးယား ခေါင်းဆောင်တွေအတွက် ဇိမ်ခံပစ္စည်းတွေ ရနေတာတွေကို ကန့်သတ်ဖို့သာ ရည်ရွယ်ထားတာလို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအပေါ် နောက်ထပ် ရန်လိုတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာမယ်ဆိုရင် လေးနက်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရလိမ့်မယ် ဆိုပြီးတော့လည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးထားတဲ့ ကြေညာချက် တစောင်ကို ဒီကနေ့မှာပဲ ပူးတွဲ ထုတ်ပြန်ခဲ့ကြပါတယ်။

XS
SM
MD
LG