သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စစ်ရေးလေ့ကျင့်မှုရပ်လျှင် မြောက်ကိုရီးယား နျူစမ်းသပ်မှုရပ်မည်


အမေရိကန်ဘက်က နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို မလုပ်ဘဲ ဆိုင်းငံ့ထားမယ်ဆိုရင် မြောက်ကိုရီးယားကလည်း သူ့ရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ရပ်ဆိုင်းပေးဖို့ အသင့်ပဲလို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက စနေနေ့ AP သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

ဒါဟာ အနောက်တိုင်းသတင်းဌာနတခုနဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Su Yong ရဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းတခု ဖြစ်ပါတယ်။ သူ့နိုင်ငံကို ကာကွယ်ဖို့ နျူကလီးယားလက်နက် ထုတ်လုပ်ရေး ကြိုးစားနေရအောင် အမေရိကန်က လုပ်ဆောင်နေတာဆိုတဲ့ မြောက်ကိုရီးယားရဲ့ အရင်ကတည်းက ရပ်တည်ချက်ကို သူက ထပ်ပြီး ပြောကြားခဲ့တာပါ။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်နေမှုတွေ ရပ်ဆိုင်းပစ်မယ်ဆိုရင် မြောက်ကိုရီးယားဘက်ကလည်း သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေ ရပ်ဆိုင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

စနေနေ့က မြောက်ကိုရီးယားရဲ့ ရေအောက်ကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုဟာ အောင်မြင်မှု ရှိပုံမရဘူးလို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ သူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်ပြီး ပစ်လွှတ်ခဲ့တာလို့ ပြောပါတယ်။ ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုတရပ်လို့လည်း မြောက်ကိုရီးယားအစိုးရ KCNA သတင်းမှာ ဖော်ပြပါတယ်။

ဒီစမ်းသပ်ပစ်လွှတ်မှုကို ရေငုပ်သင်္ဘောကနေ ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲက စနေနေ့က ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယား စစ်တပ်ကို အနီးကပ် စောင့်ကြည့်နေသလို ကာကွယ်ဖို့ လုံးဝ အသင့်အနေထားကို ယူထားတယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာလည်း မြောက်ကိုရီးယားဘက်က ပင်လယ်ပြင်ထဲကို ဒုံးကျည်တွေ တခြားလက်နက်တွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါဟာ မြောက်ကိုရီးယားကို ကျူးကျော် ဝင်ရောက်မှုတွေ လုပ်လာမှာအတွက် ကာကွယ်ဖို့ ကြိုတင်လေ့ကျင့်တာလို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။

XS
SM
MD
LG