သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ကွေ့ ရေနံယိုဖိတ်မှု ထိရောက်စွာ ပိတ်နိုင်ပြီ


မက္ကဆီကို ပင်လယ်ကွေ့ထဲမှာ ယိုစိမ့်ထွက်နေတဲ့ ရေနံတွင်းကို ရပ်သွားအောင် ကြိုးပမ်းနေတာတွေ ပြီးခါနီးပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။ ရေနံ ထပ်ထွက်စရာအကြောင်း မရှိတော့ရုံမက ယိုထွက်ပြီးသား ရေနံတွေလည်း မရှိတော့ဘူးလို့ အိမ်ဖြူတော် အရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကန့်တ် ကလိုင်း (Kent Klein) အိမ်ဖြူတော်ကနေ သတင်းဆောင်းပါး ပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ယိုထွက်နေတဲ့ ရေနံတွင်းကို ပိတ်ပြီးပြီလို့ BP ကုမ္ပဏီရဲ့ ရေနံတူးစင် ပေါက်ကွဲပြီး ၁၀၆ ရက် အကြာမှာ သမ္မတ ဘရက်ခ် အိုဘားမားက အလုပ်သမားအဖွဲ့ တဖွဲ့ကို ပြောပါတယ်။

“ယိုထွက်နေတဲ့ ရေနံတွင်းကို ရပ်ဖို့ ကြိုးစားနေတာတွေ ရပ်သွားပြီဆိုတဲ့ သတင်းဟာ အလွန့်ကို ကြိုဆိုရမယ့် သတင်း ဖြစ်ပါတယ်။ ပိတ်ဆို့တဲ့ နည်းနာက ကောင်းကောင်း ပိတ်ထားနိုင်ပုံ ရပါတယ်။”

BP ကုမ္ပဏီကြီးက နောက်ဆုံးတွင်းကို ပိတ်ဆို့ဖို့ ကြိုးစားခဲ့တာဟာ အသေပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်လို့ အစိုးရရဲ့ အရေးယူ ဆောင်ရွက်ရေး အကြီးအကဲ ကမ်းခြေစောင့် တပ်များရဲ့ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး သပ်ဒ် အယ်လန် (Thad Allen) က အိမ်ဖြူတော်မှာ ပြောပါတယ်။

“တွင်းထဲက ထွက်နေတာက တည်ငြိမ်သွားတဲ့ အခြေအနေကို အခြေခံအားဖြင့်တော့ ကျနော်တို့ ရောက်သွားပါပြီ။ ဒါကြောင့် ဘေးပတ်ဝန်းကျင်ကို နောက်ထပ် ရေနံ ထပ်မထွက်နိုင်တော့ဘူးလို့ ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်နိုင်ပါပြီ။ တကယ်လို့ လမ်းလွှဲတွင်းတတွင်း ဖြစ်ပေါ်လာခဲ့ရင် အဲဒီရေနံတွင်း လုံး၀ အသေဖြစ်သွားနိုင်မယ့် အလားအလာက များလာပါလိမ့်မယ်။”

လမ်းလွှဲတွင်းက စပြီး အလုပ်လုပ်တာနဲ့ ခု ပိတ်ဆို့နေတဲ့အလုပ် ပြီးဆုံးသွားပါလိမ့်မယ်လို့ အယ်လန်က ပြောပါတယ်။ ဒီအခါမှာတော့ ယိုထွက်နေတဲ့တွင်းကို ရွှံ့၊ ဘိလပ်မြေတွေနဲ့ ပိတ်ဆို့လိုက်မှာ ဖြစ်ပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ထဲမှာ ယိုထွက်သွားခဲ့တဲ့ ရေနံတွေရဲ့ ၄ ပုံ ၃ ပုံဟာ ပင်လယ်ရေမျက်နှာပြင်မှာ မရှိတော့တာကို အစိုးရရဲ့ လေ့လာချက်တွေက ပြသနေပါတယ်လို့ အမျိုးသား သမုဒ္ဒရာနဲ့ လေထု စီမံခန့်ခွဲရေးဌာန အကြီးအကဲ ဂျိန်း လူဘ်ချန်ကို (Jane Lubchenco) က ဒီ သတင်းစာ ရှင်းလင်းပွဲမှာပဲ ပြောကြားပါတယ်။

ကျန်နေသေးတဲ့ ရေနံတွေကို တခြား သမုဒ္ဒရာရဲ့ နေရာတွေကို သမုဒ္ဒရာ ရေစီးကြောင်းတွေက သယ်သွားဖွယ် မရှိဘူးလို့ လူဘ်ချန်ကိုက ပြောပါတယ်။ ဒါပေမဲ့ ခုလို ယိုထွက်လာတဲ့ ရေနံတွေကြောင့် ပင်လယ်ကမ်းစပ်တွေနဲ့ တောရိုင်းသဘာ၀ ထိခိုက်ခဲ့တာကတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေနိုင်တယ်လို့ သူက ဆိုပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ ရေနံတွင်းကနေ ပင်လယ်ကွေ့ထဲကို ရေနံစည်ပေါင်း ၅,၀၀၀,၀၀၀ နီးပါး ထွက်သွားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းပါတယ်။

ဒီဘေးအန္တရာယ် ရှင်းသွားအောင် သန့်ရှင်းရမယ့် အလုပ်တွေနဲ့ ဘယ်လောက် ပျက်စီးခဲ့တယ် ဆိုတာကို အကဲဖြတ်ရမယ့် အလုပ်တွေကတော့ အများကြီး ရှိသေးတာကို သမ္မတ အိုဘားမားနဲ့ တခြား တာဝန်ရှိသူတွေက အလေးထား ပြောကြပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ရေလုပ်ငန်းကို မှီခိုပြီး အသက်မွေးနေကြရတဲ့ ပြည်သူတွေကို သူ ဆက်လက်ပြီး ကူညီမယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

ဘယ်လိုပဲဖြစ်စေ လုပ်ငန်းမှာ ခုလို အချိုးအကွေ့ ဖြစ်ပေါ်လာခဲ့တဲ့ သတင်းကတော့ မစ္စတာ အိုဘားမားအတွက် စိတ်သက်သာစရာ ဖြစ်ပုံရပါတယ်။ သူ့ရဲ့ ၄၉ နှစ်မြောက် မွေးနေ့အတွက် လက်ဆောင်ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG