သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုး


မြန်မာနိုင်ငံအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုး

မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို ဇူလိုင်လ ၂၂ ရက်နေ့က အမေရိကန် အထက်လွှတ်တော်မှာ ထောက်ခံမဲ အများစုနဲ့ အတည်ပြုခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း ဇူလိုင်လ ၂၇ ရက်နေ့မှာ လက်မှတ်ရေးထိုး လိုက်တာကြောင့် အခုဆိုရင် ဒီဥပဒေဟာ နောက်ထပ်တနှစ် တရားဝင် အသက်ဝင်မှာ ဖြစ်ပါတယ်။ အမေရိကန် ခေါင်းဆောင်တွေ ဘာကြောင့် ဒီဥပဒေကို ခုလို သက်တမ်းတိုးလိုက်တာပါလဲ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ဒီဥပဒေက ဘယ်လောက်ထိ ထိရောက်မှု ဖြစ်စေနိုင်မလဲ ဆိုတာတွေကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ ပြည်တွင်းပြည်ပက ဖိအားတွေကို လျစ်လျူရှုပြီးတော့ အခုချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျနဲ့ ဆက်တိုက် ကျူးလွန်နေတုန်း ဖြစ်တာကြောင့် ဒီလို ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျနဲ့ နှစ်ပေါင်းများစွာ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရကို ဒဏ်ခတ်တဲ့ အနေနဲ့ ၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ အထက်လွှတ်တော်မှာ ကန့်ကွက်မဲ ၁ မဲသာရှိပြီး ထောက်ခံမဲ ၉၉ မဲနဲ့ တခဲနက် ထောက်ခံ အတည်ပြုခဲ့ကြတာပါ။ အခုတခါ သမ္မတ အိုဘားမားကလည်း ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒီဥပဒေကို ထောက်ခံ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် အခု ဒီဥပဒေဟာ တရားဝင် နောက်ထပ်တနှစ် သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲတွေကနေ တဆင့် စစ်အစိုးရအာဏာ တရားဝင် တည်မြဲဖို့ ကြိုးစားနေတယ်၊ ဒါပေမဲ့ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ တရားမျှတ လွတ်လပ်ပြီး အများပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာမဟုတ်တဲ့အတွက် ဒီရွေးကောက်ပွဲတွေဟာ အတုအယောင် ရွေးကောက်ပွဲတွေသာ ဖြစ်တယ်၊ ဒါကြောင့် အမေရိကန်အစိုးရ အနေနဲ့ ဒီရွေးကောက်ပွဲတွေကို အသိအမှတ် မပြုဘူး ဆိုတာကို ပြသနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ ဖိအားတွေ ဆက်လက် ထားရှိဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ဒီဥပဒေ ချမှတ်နိုင်ရေး အဓိက ကြိုးပမ်းခဲ့သူ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲလ် (Mitch McConnell) က ပြီးခဲ့တဲ့ သီတင်းပတ်တွင်း အထက်လွှတ်တော်မှာ ပြောခဲ့ပါတယ်။

“အထက်လွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံကျော်၊ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန် ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေကနေ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ သက်တမ်းတိုးဖို့ တခဲနက် ထောက်ခံခဲ့ကြတာကို ကြည့်ရင် ဒီနှစ်အတွင်း မြန်မာစစ်အစိုးရ ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲတွေဟာ အတုအယောင် ရွေးကောက်ပွဲတွေ ဖြစ်တာကြောင့် လက်မခံနိုင်ဘူး ဆိုတာပါပဲ။ မြန်မာစစ်အစိုးရကို အသိအမှတ် မပြုကြောင်း ပြသဖို့၊ မြန်မာစစ်အစိုးရကို ပြုပြင်ပြောင်းလဲလာအောင် ဖိအား ဆက်ပေးသွားဖို့ အခုချိန်ဟာ ဒီဥပဒေ သက်တမ်းတိုးသင့်ဆုံး အချိန်၊ အရေးကြီးဆုံးအချိန် ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရဟာ အများလက်ခံနိုင်စရာ မရှိတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် ရေးဆွဲအတည်ပြုပြီး အတုအယောင် ရွေးကောက်ပွဲတွေကို ဆက်ပြီး ကျင်းပဖို့ ကြိုးစားနေတုန်း ဖြစ်လို့လည်း မစ္စတာ မက်ကောနဲလ်က ဝေဖန်ခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် မက်စ်ဘောကပ်စ် (Maxbaucus) ကလည်း အခု သက်တမ်းတိုး ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ မြန်မာစစ်အစိုးရလက်ထဲ အလွယ်တကူ ရောက်သွားမယ့် ကိစ္စကို ကန့်သတ်နိုင်တာကြောင့် မြန်မာစစ်အစိုးရ အနေနဲ့ ပြည်သူတွေကို နှိပ်စက်ညှဉ်းပန်း အကျဉ်းချမှုတွေကို လွယ်လွယ်ကူကူနဲ့ သူလုပ်ချင်သလို လုပ်လို့မရနိုင်အောင် တားဆီးရာ ရောက်တယ်လို့ ဆိုပါတယ်။

အထက်လွှတ်တော်အမတ် ဘာဘရာ ဖိန်းစတိန်း (Barbara Feinstein) ကလည်း မြန်မာနိုင်ငံကို လွတ်လပ်ပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံတခု ဖြစ်လာဖို့ ကြိုးပမ်း လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ အမေရိကန် ပြည်ထောင်စုက အတူ ရပ်တည်နေတဲ့အကြောင်း ပြသဖို့ လိုတဲ့အကြောင်းနဲ့ အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှု ဆက်ပြီး ထားရှိသွားဖို့ အရေးကြီးတဲ့ အကြောင်းတွေကို ပြောခဲ့ပါတယ်။

အခုလို အမေရိကန် အထက်လွှတ်တော် အမတ်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှုတွေ ဖြစ်မလာသေးတာကြောင့် မြန်မာနိုင်ငံကို ဆက်ပြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်သွားဖို့အကြောင်း ပြောဆိုခဲ့ကြပေမဲ့ ဒီလို ဒဏ်ခတ်မှုတွေကနေ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ထိရောက်မှု ဘယ်လောက်အထိ ရှိတယ် ဆိုတာကိုတော့ အသေအချာ မပြောခဲ့ကြပါဘူး။ မြန်မာ့စီးပွားရေး ပညာရှင် ဦးဇော်ဦးကတော့ အမေရိကန်ရဲ့ အရေးယူ ဒဏ်ခတ်မှု လက်တွေ့မှာ ထိရောက်ဖို့ဆိုရင် မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေက ဘဏ်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပိုပြီးတော့ တိတိကျကျနဲ့ စီးပွားပြစ်ဒဏ်ခတ် သတ်မှတ်ချက်ကို ထိရောက်အောင် ဆောင်ရွက်ဖို့ ဆိုတာက မြန်မာနိုင်ငံနဲ့ အိမ်နီးနားချင်း နိုင်ငံတွေမှာ ရှိတဲ့၊ အထူးသဖြင့် အာဆီယံနဲ့ အရှေ့အာရှမှာရှိတဲ့ နိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ အထူးသဖြင့် Targeted Sanctions ဆိုတဲ့ ငွေရေး ကြေးရေး ဘဏ္ဍာရေး ကိစ္စတွေနဲ့ ဘဏ်ငွေစာရင်းတွေကို ပိုပြီးတော့ ပြစ်ဒဏ်ခတ် သတ်မှတ်အောင် ဆောင်ရွက်နိုင်ဖို့ဟာ အထူးသဖြင့် အရှေ့အာရှ နိုင်ငံတွေမှာရှိတဲ့ ဘဏ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အင်မတန်မှ အရေးကြီးပါတယ်။

“အမေရိကန် ဥပဒေက ပြစ်ဒဏ်ခတ် သတ်မှတ်ချင်တဲ့ နအဖ တာဝန်ရှိ လူကြီးပိုင်းတွေရဲ့ ဘဏ်စာရင်းတွေဟာ များသောအားဖြင့် အရှေ့အာရှမှာရှိတဲ့ ဘဏ်တွေနဲ့ ပတ်သက်နေပါတယ်။ အဲတော့ အရှေ့အာရှမှာရှိတဲ့ ဘဏ်တွေက ဒီကိစ္စကို ပူးပေါင်းဆောင်ရွက် မလာမခြင်း အမေရိကန် အစိုးရရဲ့ စီးပွားပြစ်ဒဏ်ခတ် သတ်မှတ်ချက်တွေဟာလည်း တစုံတခုသော အတိုင်းအတာအားဖြင့် အကန့်အသတ် ဖြစ်နေမယ်လို့ ယူဆလို့ ရပါတယ်။”

မြန်မာ့စီးပွားရေး ပညာရှင် ဦးဇော်ဦး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုတွေက မြန်မာပြည်သူတွေကို ထိခိုက်တာတွေ ရှိတယ်၊ ဒါပေမဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးရာမှာ ခုလို အရေးယူမှုတွေ ဆက်ရှိဖို့ လိုတယ်လို့ Kuki International Forum အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး နဲ့(ဂ်)ကင်းပေါင် ကစ်(ပ်) ကန်က ပြောပါတယ်။

“ထိခိုက်တာတော့ စစ်အစိုးရကို တော်တော်ထိခိုက်တယ်။ အဲဒီအပြင် ပြည်သူလူထုလည်း ထိခိုက်တာပေါ့လေ။ ဒါပေမဲ့ တကယ်လို့ Sanctions မရှိဘဲနဲ့ စီးပွားရေး ပြေလည်မှု ရှိရင်လည်း စစ်အစိုးရက အခု သူတို့ ဒီအတိုင်းပဲ ဆက်လုပ်သွားမယ် ဆိုရင်တော့ ပြည်သူလူထုအတွက် ရစရာ သိပ်မရှိပါဘူး။ ပြည်သူလူထုက တော်တော်နစ်နာတာပေါ့။ ဒါပေမဲ့ ကျနော့်အနေနဲ့တော့ ဒီ Sanctions ကတော့ ထားသင့်တယ်၊ ရှိသင့်တယ်လို့ ကျနော် မြင်တယ်။”

Kuki International Forum အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး နဲ့(ဂ်)ကင်းပေါင် ကစ်(ပ်) ကန် ပြောခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက်လို့ခေါ်တဲ့ မြန်မာစစ်အစိုးရကို စီးပွားရေးအရ ဒဏ်ခတ်တဲ့ ဥပဒေကို ၂၀၀၃ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုက စတင်ချမှတ်ခဲ့တာပါ။ ၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေကို မြန်မာစစ်အစိုးရက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ဖြစ်ပွားခဲ့အပြီး မြန်မာစစ်အစိုးရကို ပိုပြီးတော့ ပြင်းထန်တဲ့ ဖိအားပေးတဲ့ အနေနဲ့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာပါ။

ဒီဥပဒေထဲမှာတော့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို တားမြစ်ထားသလို မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံတကာ ငွေကြေးဘဏ်တွေကနေ ချေးငွေနဲ့ တခြား အထောက်အပံ့တွေ မယူနိုင်အောင် ပိတ်ပင်တာ၊ အမေရိကန် ဘဏ်တွေနဲ့ ပတ်သက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ အပြင် စစ်အစိုးရနဲ့ သူတို့ မိသားစုတွေကို အမေရိကန်နိုင်ငံထဲ ၀င်ရောက်ခွင့်ဗီဇာ ပိတ်ပင်တာတွေ ပါဝင်ပါတယ်။

အခုလို မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပြင်းပြင်းထန်ထန် ပိတ်ဆို့ ဒဏ်ခတ်တဲ့ ဒီဥပဒေကို သက်တမ်းတိုးဖို့ ထောက်ခံခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံကို ဒဏ်ခတ်မှုတွေ အလုပ်မဖြစ်ဘူးလို့ အရင်က ဝေဖန် ပြောဆိုခဲ့ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ်ရဲ့ ဒီမိုကရက် လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) လည်း ပါဝင်ပါတယ်။

XS
SM
MD
LG