သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အန္တရာယ် နှိုးဆော်ချက်အသစ် အမေရိကန်ထုတ်ပြန်


တနင်္ဂနွေနေ့က ဖလော်ရီဒါပြည်နယ် Orlando မှာ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြီးကို ထည့်သွင်းစဉ်းစားပြီး အမေရိကန် အမိမြေလုံခြုံရေးဌာနက အကြမ်းဖက်မှု အန္တရာယ် သတိပေး နှိုးဆော်ချက်အသစ် ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် Orlando တိုက်ခိုက်မှုကြီးအပြီး ပြည်တွင်းက ပေါက်ဖွားလာတဲ့ အကြမ်းဖက်တဲ့ အစွန်းရောက်တွေအနေနဲ့ အချိန်မရွေး တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် လုံခြုံရေးအရာရှိတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း အမိမြေလုံခြုံရေးဌာန ဝန်ကြီး Jeh Johnson က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အသစ်ထုတ်ပြန်တဲ့ သတိပေးနှိုးဆော်ချက်မှာ လူထုအနေနဲ့ အထူးသတိဝီရိယရှိကြပြီး နိုးနိုးကြားကြား ဆက်လက်ရှိကြဖို့ လွန်စွာ အရေးအကြီးတဲ့အကြောင်း ဖော်ပြထားပါတယ်။

မကြာမီက ကာလီဖိုးနီးယားပြည်နယ် San Bernardino၊ Paris၊ Brussels တို့မှာ မကြာမီက တိုက်ခိုက်မှုတွေ ဖြစ်ပွားအပြီး အခု Orlando မှာလည်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ တိုက်ခိုက်တဲ့ ပစ်မှတ်တွေဟာ အမျိုးမျိုး ရှိနိုင်တဲ့အကြောင်း အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာသာရေး၊ တိုင်းရင်းလူမျိုး၊ လိင်ပိုင်းဆိုင်ရာ အခြေခံပြီး လူမှုအဖွဲ့အစည်းတွေနဲ့ လူတဦးချင်းစီအပေါ် အကြမ်းဖက် ပစ်မှတ်ထား တိုက်ခိုက်မှုများကို အမိမြေလုံခြုံရေးဌာနက အထူး စိုးရိမ်လျက်ရှိပါတယ်။

ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ နှိုးဆော်ချက် သက်တမ်းမကုန်ဆုံးမီ တရက်အလိုမှာ ဒီနှိုးဆော်ချက်အသစ်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီနှိုးဆော်ချက်ဟာ နိုဝင်ဘာလလယ်အထိ အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG