သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို ဒဏ်ခတ်ရေး အမေရိကန် နဲ့ ဗြိတိန် အတူရပ်တည်


အီရန်နိုင်ငံကို ပိတ်ဆို့ အရေးယူရေးအတွက် နီးနီးကပ်ကပ် အလုပ်လုပ်ကြမယ့် ကတိကို အမေရိကန် က ဗြိတိန်အစိုးရသစ်ဆီက ကတိရရှိလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးသစ် William Hague နဲ့ ဝါရှင်တန် မှာ သောကြာနေ့ က တွေ့ဆုံခဲ့ပြီး၊ အီရန်မူဝါဒ နဲ့ ပတ်သက်လို့ တည်ဆဲ မူဝါဒအတိုင်း အခိုင်အမာ ဆက်လက်ကိုင်စွဲသွားမယ်လို့ ဝန်ကြီး အသစ် က ကတိပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက် ဟာ ဘရာဇီးသမ္မတ ရဲ့ အီရန် ခရီးစဉ် မစတင်မီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီး သမ္မတ da Silva က အီရန် ခေါင်းဆောင်တွေ ကို နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား စည်းရုံးမှာ ဖြစ်ပါတယ်။ မစ္စတာ ဒါ ဆီးလ်ဗား ဟာ သောကြာနေ့ က မော်စကို မှာ ရောက်ရှိနေပြီး ရုရှားသမ္မတ နဲ့ အီရန် ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ တီဟီရန် ခရီးကို အောင်အောင်မြင်မြင် နဲ့ ပြန်လာလိမ့်မယ်လို့ သူ မျှော်လင့်တဲ့အကြောင်း မစ္စတာ မက်ဗီးဒက်ဗ် က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ အသိုက်အဝန်း နဲ့ အီရန် နိုင်ငံ က ပူးပေါင်းဆောင်ရွက်လာအောင် ဘရာဇီးသမ္မတ အနေနဲ့ လုပ်နိုင်မယ့် အလားအလာ က ၃၀ % ပဲ ရှိတယ်လို့ သူ က ဆိုပါတယ်။

အီရန်ခရီးဟာ ညူကလီယာ အစီအစဉ်ကြောင့် ကုလသမဂ္ဂ က အသစ် ထပ်မံချမှတ်မယ့် ပိတ်ဆို့ အရေးယူမှုကို ရင်မဆိုင်ရမီ အီရန် နိုင်ငံအတွက် နောက်ဆုံး ဆုံးဖြတ်နိုင်တဲ့ အခွင့်အလမ်း ဖြစ်တယ်လို့ ရုရှား သမ္မတ ဒီမီထရီ မက်ဗီးဒက်ဗ် က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG