သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးအခမဲ့ ကုပေးမယ်လို့ ကြံ့ဖွံ့စည်းရုံး


မကွေးတိုင်း စကုမြို့က အာဏာပိုင်တွေဟာ ဒေသခံပြည်သူတွေကို အခမဲ့ ဆေးကုသ ပေးမယ်၊ ဆေးကုသလိုသူတွေ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး တွေဆီမှာ စာရင်းပေးသွင်းရမယ်လို့ ဒီရက်ပိုင်းအတွင်း ကြေညာထားပါတယ်။ ဒေသခံ ပြည်သူတွေဟာ အခမဲ့ဆေးကုသပေးမှာကို ကြိုဆိုပေမဲ့ ဒါဟာ အာဏာပိုင်တွေက ပြည်ခိုင်ဖြိုးပါတီအတွက် စည်းရုံးတာဖြစ်တယ်လို့ ဝေဖန်နေပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ဒီလို အခွင့်အရေးတွေ ရနေချိန်မှာ အခြား နိုင်ငံရေးပါတီတွေကတော့ တင်းကျပ်တဲ့ ဥပဒေတွေအောက်မှာ လှုပ်ရှားနေရတာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ကြောင်း သုံးသပ်သူတွေ လည်း ရှိနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

စကုမြို့မှာ အခမဲ့ဆေးဝါး ကုသပေးမယ်ဆိုတာကို ဒီလ ၂ ရက်နေ့ညက မြို့အတွင်းမှာ ဆိုက်ကားနဲ့ လှည့်လည် ကြေညာခဲ့တာပါ။ ဒီအကြောင်းကို ဒေသခံတယောက်က အခုလို ပြောပြပါတယ်။

“မကွေးတိုင်း အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌရဲ့ စီမံမှုနဲ့ မကွေးတိုင်းမှာရှိတဲ့ အထူးကု ဆရာဝန်ကြီးများဟာ စကုမြို့ ပြည်သူ့ဆေးရုံမှာ လာပြီးတော့ မြို့ပေါ်ရပ်ကွက် အသီးသီးမှာရှိတဲ့ မကျန်းမာတဲ့လူတွေကို အခမဲ့ ဆေးဝါးကုသပေးဖို့ အစီအစဉ် ရှိပါတယ်လို့ ကြေညာတယ်။ အဲဒီလို ကြေညာပြီးတဲ့အခါမှာ အခမဲ့ ကုသမယ့် လူတွေဟာ အမှတ် (၁) ရပ်ကွက်မှာဆိုရင် ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူး ကိုဖြိုးဝေနဲ့ ရယက စာရေးမ မနွယ်နွယ်အောင် တို့ထံမှာ စာရင်းပေးသွင်းနိုင်တယ်။ အမှတ် (၂) ရပ်ကွက်မှာဆိုရင် စာရေးမ မသက်သက်နွယ်နဲ့ ကြံ့ခိုင်ရေး စည်းရုံးရေးမှူး ကိုသန်းဌေးဦး ထံမှာ စာရင်း ပေးသွင်းနိုင်တယ်။ အမှတ် (၃) ရပ်ကွက်မှာဆိုရင် ရယက စာရေးမ မမြင့်မြင့်ဦးနဲ့ ကြံ့ခိုင်ရေးအသင်းစည်းရုံးရေးမှုး ကိုဝင်းကြည်တို့ထံမှာ စာရင်းပေးသွင်း နိုင်တယ် ဆိုပြီး ကြေညာတယ်။”

ပြည်ခိုင်ဖြိုးအသင်း စည်းရုံးရေးမှူးများထံမှာ စာရင်းပေးသွင်းခိုင်းတဲ့ အပေါ်မှာတော့ စကုမြို့ ဒေသခံက အခုလို ဝေဖန်ပါတယ်။

“အခမဲ့ ဆေးကုသပေးမယ် ဆိုတာဟာ အင်မတန် ကောင်းပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတဲ့ ကျနော်တို့လို ဒေသတွေမှာ တကယ်လို့ အာဏာပိုင် အဖွဲ့အစည်းတွေက ကျနော်တို့ ဒေသခံပြည်သူတွေကို စေတနာ သန့်သန့်နဲ့ပဲဆိုရင် ကျနော်တို့က ဒီကြံ့ခိုင်ရေးအသင်းမှာ သွားပြီးတော့ စာရင်းပေးစရာ မလိုပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေ ရှိပါတယ်။ ဆေးရုံမှာပဲ စာရင်းပေးသွင်းပြီးတော့ အခမဲ့ ကုသနိုင်တယ်ဆိုရင် လုံလောက်ပါတယ်ခင်ဗျ။ အခုလိုမျိုး ကြံ့ခိုင်ရေးအသင်းနဲ့ သက်ဆိုင်ရာ ရယက များထံမှာ သွားပြီးတော့ စာရင်းပေးသွင်းရမယ် ဆိုတဲ့ အချက်ကိုယ်နှိုက်ကကိုပဲ ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်ရှိတဲ့ မဲဆွယ်စည်းရုံးတဲ့သဘော သက်ရောက်တယ် ဆိုတာ ထင်ရှားနေပါတယ်ခင်ဗျ။”

အခြားဒေသခံတယောက်ကတော့ စကုမြို့ပေါ်မှာ တိုက်နယ်ဆေးရုံ ၁ ခုသာရှိပြီး ပစ္စည်းကိရိယာ မပြည့်စုံတာကြောင့် လူနာတွေဟာ အများအားဖြင့် မင်းဘူးဆေးရုံကိုသာ သွားကြတယ်လို့ ပြောပါတယ်။ အခုအခါမှာတော့ အခမဲ့ ဆေးဝါးကုသဖို့အတွက် စာရင်းပေး ထားသူပေါင်း ၁၀၀ လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ မြန်မာနိုင်ငံက အခြား ဒေသတွေမှာလည်း လမ်းခင်းပေးတာ၊ အတိုးနည်းနည်းနဲ့ ငွေချေးတာ၊ အခမဲ့ ဆေးဝါး ကုသပေးတာတွေ လုပ်ဆောင်နေသလို သူတို့ ပါတီကို မဲမပေးရင် နောက်တကြိမ်စစ်တပ်က အာဏာသိမ်းတာ ထပ်ကြုံရမယ်လို့ ခြိမ်းခြောက် မဲဆွယ်တာတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အခြားနိုင်ငံရေး ပါတီတွေကတော့ မဲဆွယ်စည်းရုံးဖို့အတွက် ဒေသခံ အာဏာပိုင်တွေဆီမှာ ၇ ရက် ကြိုတင်ခွင့်ပြုချက် ယူရသလို ဟောပြောစည်းရုံးရာမှာလည်း အစိုးရ ထောက်လှမ်းရေး အဖွဲ့တွေက လိုက်ပါပြီး အနီးကပ် စောင့်ကြည့်တာတွေ ခံနေရပါတယ်။

လာမယ့်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ အမျိုးသားရေး ဦးဝင်းနိုင်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုလှုပ်ရှားနေတဲ့ အခြေအနေတွေကို ကြည့်ရင် ဒီမိုကရေစီ အဖွဲ့အစည်းတွေအနေနဲ့ လှုပ်ရှားခွင့် မရှိကြဘူး။ သွားတာလာတာ စည်းရုံးတာတွေ မရှိကြဘူး။ ငွေကြေး စုဆောင်းတာကအစ လွတ်လွတ်လပ်လပ် မစုဆောင်းရဘူး ဆိုတဲ့ဟာမျိုးတွေ ကျနော်တို့ ကြားနေရတယ်။ အဲတော့ ဒီလို အခြေအနေအတိုင်းသာ ဆက်ပြီးတော့ အကျပ်အတည်းတွေ ဖြစ်နေမယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲက ဘယ်နည်းနဲ့မှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲရယ်လို့ ပြောလု့ိဆိုလို့ ရနိုင်တော့မယ် မထင်ဘူးခင်ဗျ။”

ဦးဝင်းနိုင်က အခုလို ကာလမှာ မဲဆန္ဒရှင်တွေကို မဲဝယ်တာတွေ၊ ခြိမ်းခြောက်ခံရလို့ မဲထည့်လိုက်ရတာတွေ မဖြစ်အောင်နဲ့ မှန်မှန်ကန်ကန် ရွေးခြယ်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ သူက ရွေးကောက်ပွဲဆိုင်ရာ ပညာပေး အစီအစဉ် လုပ်ဆောင်ခွင့် ရဖို့အတွက် မြန်မာစစ်အစိုးရဆီကို တောင်းဆိုခဲ့ပေမဲ့ တစုံတရာ ပြန်ကြားတာ မရှိခဲ့ပါဘူး။

နိုင်ငံတကာ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် NDI ခေါ် အမျိုးသား ဒီမိုကရက်တစ် အဖွဲ့အစည်းကြီးကလည်း မြန်မာနိုင်ငံမှာ လူထုဆန္ဒကို အခြေခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိတာ၊ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် မရှိတာ၊ အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်ထားတာနဲ့ ရွေးကောက်ပွဲ ကော်မရှင်က အစိုးရ လက်ကိုင်တုတ် ဖြစ်တာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင် တည်မြဲရေးကို ဦးတည်နေတယ်လို့ သုံးသပ်ထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ အခြေခံအချက်တွေ မရှိတာကြောင့် လာမယ့်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းနဲ့ ပါတီ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက် မနေ့ကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG