သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် လျာထားပြီး၊ ကြံ့ဖွံ့ပါတီ ပြော


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ အောက်တိုဘာ ၂၇၊ ၂၀၁၀။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ အောက်တိုဘာ ၂၇၊ ၂၀၁၀။

မနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အနာဂတ် သမ္မတလောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရည်ရွယ်ထားပြီးသား ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တချို့ရဲ့ မေးခွန်းတွေက ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေ မဖြေနိုင်တဲ့ထိ အခက်အခဲ ဖြစ်စေခဲ့သလို မေးခွန်းအများစု အတွက်လည်း ရှင်းလင်းတိကျတဲ့ အဖြေ မရခဲ့ဘူးလို့ သတင်းထောက်တွေက ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အနာဂတ် သမ္မတလောင်းနဲ့ ပတ်သက်လို့ သတင်းထောက်တဦးရဲ့ အမေးကိုတော့ ဒီ သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင်ဦးရွက် ဖြေကြားခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက သူတို့မှာ သမ္မတနေရာအတွက် ရည်ရွယ်ထားပြီးသား ဖြစ်တယ်ဆိုတာ ဖြေခဲ့တယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ သတင်းထောက်တဦးက ပြောပါတယ်။

“အနာဂတ် သမ္မတလောင်းနဲ့ ပတ်သက်ပြီး သူတို့ ရွေးထားတယ်၊ မှန်းထားတာ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အားလုံးက ဒါကို သေသေချာချာ ဘယ်သူလဲလို့ မေးတဲ့အခါကြတော့ ရှောင်သွားတယ်။ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့ပဲ သူတို့က စဉ်းစားထားတာဖြစ်တယ်၊ လူပုဂ္ဂိုလ်အနေနဲ့တော့ ဘယ်သူဘယ်ဝါ၊ မောင်ဖြူ မောင်နီ စဉ်းစားထားတာ မဟုတ်ဘူးလို့ ပြန်ရှောင်ထွက်သွားပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် အဖြေ အတော်လေး အကျပ်ရိုက်ခဲ့တဲ့ နောက်ထပ် မေးခွန်းတခုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လမ်းခင်းပေးသည်ဆိုတဲ့ ကမ္ပည်းတိုင်တွေ ကိစ္စပါ။ လမ်းခင်းပေးတာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ခင်းပေးတာလား၊ မြို့တော်စည်ပင် စရိတ်နဲ့ လမ်းတွေ ခင်းပေးတာပါလားလို့ သတင်းထောက်က မြို့တော်ဝန် ဦးအောင်သိန်းလင်းကို တိုက်ရိုက်မေးပေမဲ့ မြို့တော်ဝန်က မဖြေနိုင်ဘူးလို့ ငြင်းခဲ့ပြီး သူ့ကိုယ်စား ဦးဌေးဦးက ဖြေပေးခဲ့ပါတယ်။

“အဲဒီမေးခွန်းကတော့ သူတို့အတွက် အခက်ခဲဆုံး ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကာယကံရှင်ဖြစ်တဲ့ မြို့တော်ဝန်က သူ မဖြေနိုင်ဘူးလို့ ပြောတယ်။ အဲဒီအချိန်မှာ ဦးဌေးဦးက သူဖြေပါ့မယ်လို့ ပြောတယ်။ အဲဒီမှာပဲ လွဲပါတယ်။ ဘာဖြစ်လို့ လွဲလဲဆိုတော့ လမ်းတွေကို တကယ်ပဲ ကြံ့ခိုင်ရေးက ခင်းနေတာပါ။ ဒါပေမဲ့ ဦးဌေးဦးက ကြံ့ခိုင်ရေးက ခင်းတာမဟုတ်ဘူး၊ စည်ပင်က ခင်းတာပါလို့ ပြောလိုက်တာ မေးတဲ့သူအတွက် အကွက်လည်း ဖြစ်သွားပါတယ်။

“အဲတော့ သူက နောက်ကနေပြီးတော့ ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီမှ လှူဒါန်းသည်၊ ကြံ့ခိုင်ရေးပါတီမှ ဆိုတဲ့ ဆိုင်းဘုတ်တွေ ဘာဖြစ်လို့ တပ်ထားလဲဆိုတဲ့ မေးခွန်းကို ထပ်ပြီး ရင်ဆိုင်ရတာပေါ့။ အဲဒီမှာ တော်တော် ဒုက္ခရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးက အဖြစ်မှန်ပဲကိုး။ ဆိုတော့ ကာယကံရှင်ကိုယ်တိုင် မဖြေတဲ့ အတွက်ကြောင့် ဒီကိစ္စတွေက အဲဒီလိုမျိုး ဖြစ်သွားတာပေါ့။”

တခါ နိုင်ငံတဝန်း နေရာအများစုနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ စစ်သားကနေ အရပ်သားအဖြစ် ပြောင်းလဲ ဝင်ရောက်လာတဲ့ ဦးရေနဲ့ အရပ်သားကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးရေမှာ ဘယ်ဦးရေက ရာခိုင်နှုန်း ပိုများပါသလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဦးဌေးဦးက မဖြေခဲ့ဘူးလို့ ပြောပါတယ်။

“မဖြေဘူး၊ သူက ပါးပါးနပ်နပ်နဲ့ ဘယ်လိုပြောသွားလဲဆိုတော့ သူတို့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ရွေးချယ်တဲ့ နေရာမှာရော၊ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့ နေရာမှာရော စစ်သားဖြစ်မဖြစ် အဓိကထား မစဉ်းစားတဲ့အတွက် အဲဒါကို မသိဘူးလို့ ပြောသွားပါတယ်။ ဒီမေးခွန်းလေးက အတော်လေး နားထောင်ကောင်းအောင် ဖြေသွားတဲ့ အဖြေလေးပေါ့။”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်မှု ရှိမရှိ သတင်းထောက်တဦးရဲ့ အမေးနဲ့ ပတ်သက်လို့တော့…

“အဓိကတော့ သူက ပါတီမှာ ပါ၊ မပါပေါ့၊ အဲတော့ သူက ပြောသွားတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စိတ်သဘောထား ကောင်းတယ်၊ ဒီပါတီကို ဖြစ်လာဖို့ ပုံဖော်ပေးတဲ့သူသာ ဖြစ်တယ်၊ ပါတီထဲမှာတော့ မပါဘူးလို့ ပြောတာပေါ့။”

ဒီလိုမေးခွန်းတွေအပြင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ၁,၁၀၀ ကျော်ထဲမှာ ပြိုင်ဘက်မရှိ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံ အခြေအနေတွေနဲ့ ပတ်သက်လို့လည်း ဦးဌေးဦးက ပြောသွားပါတယ်။

“သူတို့က ၅၂ နေရာ ရတယ်လို့ ပြောသွားတယ်၊ ကိန်းဂဏန်း အနေနဲ့ပေါ့။ ဒီနေရာမှာ ဘာကြောင့်နိုင်လဲ ဆိုတာတော့ သူတို့ မပြောဘူး။ တခု ကျနော်တို့ သိလိုက်ရတာက ပထမ နေရာတွေ အားလုံးမှာ ကြံ့ခိုင်ရေးက ပြိုင်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ သူပြောတဲ့အခါကြတော့ အကုန်လုံးမှာ မပြိုင်ဘူး။ လေးငါးဆယ်လောက်တော့ လစ်လပ်သွားတယ်ဆိုတာ သိခွင့်ရလိုက်တယ်။

“မနေ့က အဓိက ဟိုက်လိုက်လုပ်ပြီး သူပြောသွားတာက ကြံ့ခိုင်ရေးက အားလုံးထင်သလို ပိုက်ဆံမရှိဘူးဆိုတဲ့ သဘော သူပြောပါတယ်။ ပိုက်ဆံအခက်အခဲ ရှိတယ် ဆိုတာမျိုးလည်း ပြောပါတယ်။ နောက်တခါ ကြံ့ခိုင်ရေးပါတီက အခုမှ ထောင်တာ မဟုတ်ဘူး၊ ဟိုး စပြီး အသင်းအဖွဲ့ထောင်စဉ် ကာလကတည်းက ပါတီပဲ ထောင်ချင်တာပါ။ ဒါပေမဲ့ ဥပဒေအရ ပါတီထောင်ခွင့် မပေးတဲ့အတွက် အဲဒီကတည်းက အသင်းအဖြစ် ထောင်လိုက်ရပါတယ် ဆိုတဲ့ အချက်ကတော့ အားလုံး အံ့အားသင့်စရာပေါ့။ ကျနော်တို့လည်း မထင်ထားဘူး၊ အဲဒီလို ဖြေမယ်လို့။ သူက နဂိုကတည်းက ပါတီထောင်ချင်တာပါတဲ့။

“မနေ့က နောက်တခု အံ့သြတာက ဦးဌေးဦးဆိုတဲ့ ပုဂ္ဂိုလ်သည်ပင်လျှင် အခြေခံဥပဒေကို ကျေကျေညက်ညက် ဖတ်မထားဘူး ဆိုတာတော့ ကျနော်တို့ သတိထားလိုက်မိပါတယ်ခင်ဗျ။ နိုင်ငံတော် သမ္မတဆိုတာ ရွေးကောက် တင်မြှောက်တဲ့သူပဲ ဖြစ်မယ်လို့ မနေ့က သူက ပြောသွားပါတယ်။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး။”

မနေ့က သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ သတင်းထောက်တဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က သတင်းထောက်တွေရဲ့ မေးခွန်းတွေထဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ လာခွင့်မပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မေးတဲ့ မေးခွန်းကိုလည်း ဦးဌေးဦးက အတိအကျ ပြန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။ မနေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း သတင်းထောက်တွေအပြင် နိုင်ငံခြား သတင်းဌာနအတွက် အလုပ်လုပ်ကြတဲ့ သတင်းသမားတွေပါ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG