သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲအပေါ် တုံ့ပြန်မှု


စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယအကြိမ်မြောက် ပါတီညီလာခံမှာ ခေါင်းဆောင်အသစ်တွေနဲ့ အစားထိုး ခန့်အပ်လိုက်တယ်ဆိုပေမဲ့ အဓိကဦးဆောင်သူတွေဟာ စစ်တပ်ကထွက်လာတဲ့ ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်နေတဲ့အတွက် ထူးခြားတဲ့ အပြောင်းအလဲ မဟုတ်ဘူးလို့ သုံးသပ်သူတွေ ရှိနေပါတယ်။

ပါတီတာဝန်ရှိသူတွေဘက်ကတော့ အခုလို ခေါင်းဆောင်အပြောင်းအလဲဟာ ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာ ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ၁၉၉၃ ခုနှစ်မှာ လူမှုရေးအသင်းဆိုပြီး ထူထောင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေးပါတီအဖြစ် အသွင်ကူးပြောင်းခဲ့ပြီးနောက် ပထမအကြိမ် ပါတီညီလာခံကို ကျင်းပခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ အရင်သမ္မတဟောင်း ဦးသိန်းစိန်ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကိုတော့ ဒုဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

နေပြည်တော်မှာ သြဂုတ်လ (၂၁- ၂၅) ရက်နေ့ထိ ၅ ရက်တာကျင်းပနေတဲ့ ဒုတိယအကြိမ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံမှာ ဥက္ကဌ ဦးသိန်းစိန် အပါအဝင် အရင် ဗဟိုကော်မတီဝင်တွေ အားလုံးရဲ့နေရာမှာ လူအသစ်တွေနဲ့ မနေ့က အစားထိုး ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ လက်ရှိ ပါတီဥက္ကဌ အသစ်ဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် မြန်မာ့စစ်ရေး လေ့လာသုံးသပ်နေသူ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က အခုလို ပြောပါတယ်။

“ဗိုလ်ချုပ်သန်းဌေးက စစ်တက္ကသိုလ် အပတ်စဉ် ၁၈ က ဆင်းပါတယ်။ သူက မဆလခေတ်တုန်းက ကာကွယ်ရေးဝန်ကြီးလုပ်သွားတဲ့ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ မှတ်မှတ်ရရဖြစ်တာကတော့ ၂၀၀၁၊ ၂၀၀၂ လောက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေး အေးနေဝင်းတို့၊ ကျော်နေဝင်းတို့ ဇွဲနေဝင်းတို့ကိစ္စ သူတို့ ဒီ နိုင်ငံတော်အာဏာသိမ်းတဲ့ကိစ္စမှာ ဖော်ကောင်လုပ်လိုက်တာက ဗိုလ်မှူးချုပ်သန်းဌေးပေါ့လေ အဲဒီအချိန်တုန်းကတော့ တပ်မ ၇၇ ရဲ့ တပ်မမှူးပါ။ သူ့ဆီကနေ သတင်းပေါက်ကြားသွားပြီးတော့ ကျန်တဲ့ ရဲချုပ် ဦးစိုးဝင်းတို့ လေတပ်ဗိုလ်ချုပ်မြင့်ဆွေတို့ပါ အထိန်းသိမ်းခံရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းဌေးက ဗိုလ်ချုပ်ကြီးကျော်ထင်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေးတွေနဲ့ နီးစပ်မှုရှိခဲ့ပါတယ်။ အဲဒီအချိန်ကမှ အေးနေဝင်းတို့၊ ကျော်နေဝင်းတို့ အဖွဲ့တွေက ဗိုလ်ချုပ်သန်းဌေးကို သွားပြီးတော့မှ တိုင်ပင်တယ်လို့ သိရပါတယ်။ အဲဒီကနေ ဗိုလ်ချုပ်သန်းဌေးက တောက်လျှောက် ဗိုလ်ချုပ်ကြီးမောင်အေးတို့ကို သတင်းပို့ပြီးတော့မှ ဒီအမှုအခင်းဖြစ်ပြီးတော့ သူတို့တွေ အဖမ်းခံရတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် အပြောင်းအလဲ ဖြစ်စဉ်ကိုကြည့်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဘက်က နိုင်ငံရေးထဲ ဆက်လက်ပါဝင်ဖို့ ကြိုပြီးပြင်ဆင်တဲ့ သဘောမျိုး ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ -

“ကျနော့်သုံးသပ်ချက်အရတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်သန်းဌေးတို့က စစ်တက္ကသိုလ်တုန်းကတော့ အနော်ရထာတပ်ခွဲ တခွဲတည်းပါ။ အထက်အောက် နေခဲ့ကြတဲ့ပုဂ္ဂိုလ်တွေပါ။ ကျနော့်အမြင် ပြောရရင်တော့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ ပါတီဘက်ကို ကူးပြီးတော့မှ ပါတီဥက္ကဌတို့ ဘာတို့ လုပ်ဖို့တော့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ သို့သော် အခြေအနေအရပေါ့လေ အကယ်၍များ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကများ အနိုင်ရခဲ့ရင် သမ္မတတို့ ဘာတို့တော့ ရွေးကောင်းတော့ ရွေးနိုင်တာပေါ့။ ဒီသဘောလေးတော့ ရှိပါတယ်။ ကျနော်ထင်တယ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အနေနဲ့ကတော့ နိုင်ငံရေးဘက်ကို သွားဖို့ကတော့ တော်တော်လေး ဝေးသွားပါပြီ။ အခုချိန်အခုခါမှာ ကျနော်မြင်ရသလောက် ပြောရရင်တော့ တပ်နဲ့ နိုင်ငံရေးကိစ္စကိုတော့ ကွာနိုင်သမျှ ကွာအောင် လုပ်နေတဲ့ အနေအထားတော့ ရှိတယ်။ သို့သော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် ဒါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထူထောင်ခဲ့တဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် တပ်က ကျောထောက်နောက်ခံ ပေးမှာတော့ သေချာပါတယ်ခင်ဗျ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒု-ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတွေအဖြစ် စစ်ဘက်အရာရှိဟောင်းတွေဖြစ်တဲ့ ဦးမြတ်ဟိန်းနဲ့ ဦးသက်နိုင်ဝင်းတို့ကို မနေ့က ပါတီညီလာခံမှာ ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ အခုလို ခေါင်းဆောင်အသစ်အဖြစ် ရွေးချယ်ခန့်အပ်ခံရသူတွေနဲ့ ပတ်သက်လို့ ဦးအောင်လင်းထွဋ်ရဲ့ အမြင်ကတော့

“ကျနော့်အမြင်ပြောရရင်တော့လေ ကိုသန်းဌေးတို့၊ ကိုမြဟိန်းတို့ဟာ ထက်ထက်မြက်မြက်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ မဟုတ်တဲ့အနေအထားမျိုးရှိပါတယ်။ အလားတူပါပဲ ကိုသက်နိုင်ဝင်းတို့လည်း တပ်မတော်မှာတော့ ထင်ပေါ်ကျော်ကြားသူတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမိန့်နာခံမှုတော့ အပြည့်အဝရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တပ်မတော်ကိုပဲ သူတို့အားကိုးရလိမ့်မယ်။ တပ်မတော်ရဲ့ ကျောထောက်နောက်ခံကိုပဲ ယူရလိမ့်မယ် ပါတီသဘောမျိုး ဖြစ်ပါလိမ့်မယ်ခင်ဗျ။”

အရင် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးဌေးဦး၊ ဦးခင်အောင်မြင့် စတဲ့ စုစုပေါင်း (၉) ဦးကိုတော့ ပါတီဗဟိုနာယကအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။ နာယကအဖွဲ့ဟာ ပါတီကို ဆက်လက် ထိန်းကျောင်းသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့လည်း ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG