သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းမှ နိုင်ငံဖွံ့ဖြိုးရေး တည့်တံ့မည်ဟု ဒေါ်စုမှတ်ချက်ချ


တိုကျိုမြို့က ဒေါ်အောင်ဆန်းစုကြည်တည်းခိုနေတဲ့ The Imperial Hotel မှာ Keidanren လို့ခေါ်တဲ့ ဂျပန်စီးပွားရေး အသင်းချုပ်နဲ့ ဂျပန်စက်မှု ကုန်သည်ကြီးများအသင်း JCCI တို့က တည်ခင်း ဧည့်ခံတဲ့ နေ့လည်စာစားပွဲမှာ ဒေါ်စု မိန့်ခွန်းပြော။
တိုကျိုမြို့က ဒေါ်အောင်ဆန်းစုကြည်တည်းခိုနေတဲ့ The Imperial Hotel မှာ Keidanren လို့ခေါ်တဲ့ ဂျပန်စီးပွားရေး အသင်းချုပ်နဲ့ ဂျပန်စက်မှု ကုန်သည်ကြီးများအသင်း JCCI တို့က တည်ခင်း ဧည့်ခံတဲ့ နေ့လည်စာစားပွဲမှာ ဒေါ်စု မိန့်ခွန်းပြော။

မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးအရ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေ့လည်ပိုင်း တိုကျိုမြို့မှာကျင်းပတဲ့ ဂျပန်စီးပွားရေး အသင်းချုပ်နဲ့ စက်မှုကုန်သည်ကြီးများအသင်းက တည်ခင်းဧည့်ခံတဲ့ နေ့လည်စာ စားပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဂျပန်ဧကရာဇ်နဲ့ရော သူ့ရဲ့ ကြင်ယာတော်နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ချစ်ကြည်ရေးခရီးစဉ် စတုတ္ထမြောက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ ဂျပန်ဧကရာဇ် Akihito နဲ့ သူ့ရဲ့မိဖုရား Michiko တို့ကို တိုကျိုမှာရှိတဲ့ ဂျပန်ဘုရင့်နန်းတော်မှာ သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မွန်းလွဲပိုင်းမှာ တိုကျိုမြို့က ဒေါ်အောင်ဆန်း စုကြည် တည်းခိုနေတဲ့ The Imperial Hotel မှာ Keidanren လို့ခေါ်တဲ့ ဂျပန်စီးပွားရေးအသင်းချုပ်နဲ့ ဂျပန်စက်မှု ကုန်သည်ကြီးများ အသင်း JCCI တို့က တည်ခင်းဧည့်ခံတဲ့ နေ့လည်စာစားပွဲကို တက်ရောက်ပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေချုပ်ငြိမ်းမှသာ စီးပွာရေးဖွံ့ဖြိုးတိုးတက် လာနိုင်မှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

“ကျမတို့နိုင်ငံ အခြေအနေက သိပ်ကို ရှုတ်ထွေးပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေ အများကြီးနဲ့ စုစည်းထားတာဖြစ်ပါတယ်။ အတော် များများ သိကြတဲ့အတိုင်း၊ ကျမတို့ ငြိမ်းချမ်းရေး မရသေးပါဘူး။ ကျမတို့နိုင်ငံမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေဆဲဖြစ်ပါတယ်။ ကျမတို့နိုင်ငံဖွံ့ဖြိုးမှုအတွက် တည်ငြိမ်ပြီး ရေရှည်တည်တံ့ဖို့အတွက်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးရမှ ဖြစ်မှာပါ”

ဒါ့အပြင် မတူကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကို ဘယ်လို လူ့ဘောင်အဖွဲ့အစည်းအဖြစ် ထူထောင်လိုသလဲ ဆိုတဲ့ အကြောင်း ကိုပါ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားတာပါ။

“ဖွံ့ဖြိုးရေးမှာ သာတူညီမျှဖြစ်ဖို့ သေချာအောင် ကျမတို့ လုပ်ကြရမှာဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့ တိုးတက်မှုဖြစ်စဉ်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူအခွင့်အလမ်းတွေ ရရှိကြတယ်လို့ ကိုယ်တိုင်ခံစားကြတာကို ကျမတို့ဖြစ်စေချင်ပါတယ်။ မတူကွဲပြားတဲ့ ပြည်သူတွေနဲ့ စုစည်း ထားတဲ့ နိူင်ငံဖြစ်ပေမဲ့ သွေးစည်းညီညွတ်ကြပြီး သဟဇာတဖြစ်တဲ့ လူ့ဘောင်တရပ်ဖြစ်ဖို့ ကျမတို့ရည်ရွယ်ပါတယ်။ ကမ္ဘာ့အလယ်မှာ ကိုယ်ပိုင် ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ လူမှုတန်ဖိုးတွေနဲ့ ရပ်တည်နေရုံမကဘဲ စီးပွားရေးတိုးတက်တဲ့ နိူင်ငံအနေနဲ့လည်း တင့်တယ်ဖို့အတွက် ထိန်းသိမ်း ကြဖို့စိတ်ပိုင်းဖြတ် ထားတာဖြစ်ပါတယ်”

မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလုပ်ငန်းတွေပေါ် လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့တွေက ဝေဖန်ပြစ်တင်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့မှာ အခုလို ရှင်းလင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကူအညီအများဆုံးပေးတဲ့ ဂျပန်နိူင်ငံဟာ စစ်အစိုးရ လက်ထက်က မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေ ကို ပေါ်ပေါ်ထင်ထင် ထောက်ခံခဲ့ တာမျိုး မရှိသလို၊ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့လည်း ဖက်လှဲတကင်း ဆက်ဆံရေး မရှိခဲ့တာကြောင့် ဂျပန်အစိုးရပေါ် ဝေဖန်မှုတချို့ ရှိခဲ့တာပါ။

လူထုက ရွေးချယ်တင်မြှောက်တဲ့ အရပ်သား အစိုးရသစ် တရပ် မြန်မာနိုင်ငံမှာ ပေါ်ပေါက် လာပြီး နောက်ပိုင်း ဂျပန် နိူင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒတွေ အပြောင်းအလဲရှိလာတယ်လို့ တိုကျိုမှာနေထိုင်တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးသန်းဆွေက သုံးသပ် ပါတယ်။

" အရင်တုန်းက စစ်အစိုးရလက်ထက်မှာတောင်မှ ဒီဂျပန်အစိုးရက မြန်မာနိုင်ငံကို လုံးဝ အဆက်အသွယ်ဖြတ်တောက်လိုက်တဲ့နိုင်ငံ မဟုတ်အောင် သူ သတိထားထိန်းသိမ်းပြီးသွားနေတယ်လို့ ကျနော်တို့က မြင်တယ်လေ။ နောက် အခုချိန်မှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရတက်လာတဲ့ အချိန်မှာကျတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကလည်း ဂျပန်နိုင်ငံအတွက်က စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့အတွက်ကို ဒီအရှေ့တောင်အာရှမှာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားတာလည်း ရှိတယ်။ နောက်တခုက နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မယ်ဆိုရင် တကယ့်စီးပွားရေး ပတ်တနာ အနေနဲ့ ဒေသတွင်းမှာ ပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စတွေ အများကြီးရှိမယ်လို့ ဂျပန်က မျော်မှန်းထားတာ ရှိတဲ့အခါကျတော့ အခု ဒီဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ဂျပန်အစိုးရအနေနဲ့ပေါ့လေ ဘက်ပေါင်းစုံကနေပြီးတော့ စီးပွားရေးမြှုပ်နှံမှုတွေကို ပြုလုပ်ဖို့အတွက် ပြင်ဆင်နေတယ်။ တဖက်ကပြန်ကြည့်မယ်ဆိုရင် ဒီငြိမ်းချမ်းရေးကိစ္စတွေကအစပေါ့လေ ဂျပန်က သူ့ရဲ့ ဒီစီးပွားရေးပါဝါကိုသုံးပြီးတော့ပေါ့လေ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်အောင် သူလုပ်သွားလိမ့်မယ်လို့ ကျနော်တို့ထင်တယ်လေ။"

ဒီကနေ့ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုကျိုမြို့က ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ဒေသအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG