သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ ၊ မိုင်းလားအဖွဲ့ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့မည်


 မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း နှင့်အဖွဲ့
နေပြည်တော် ရှိ ခေတ္တတည်းခိုရာနေရာကို ရောက်ရှိ။ Photo ဦးဇော်ဌေး FB.
မိုင်းလား အထူးဒေသ(၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း နှင့်အဖွဲ့ နေပြည်တော် ရှိ ခေတ္တတည်းခိုရာနေရာကို ရောက်ရှိ။ Photo ဦးဇော်ဌေး FB.

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မိုင်ဂျာယန် မျက်နှာစုံညီဆွေးနွေးပွဲကို ကျင်းပနေချိန်မှာပဲ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်မထိုးထားတဲ့ ၀ နဲ့ မိုင်းလားအဖွဲ့တွေလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော်မှာ မနက်ဖြန်တွေ့ဆုံနွေးကြမှာဖြစ်ပါတယ်။ ၂၁ ရာစုပင်လုံညီလာခံမှာ အဲဒီအဖွဲ့တွေ ပါဝင်နိုင်ရေးဆွေးနွေးဖို့ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိနေတာဖြစ် တယ်လို့ မြန်မာအစိုးရဘက်က ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မျက်နှာစုံညီဆွေးနွေးပွဲ ကျင်းပနေတဲ့တချိန်တည်းမှာပဲ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ UWSA ခေါ် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ် နဲ့ NDAA မို်င်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ လည်း နေပြည်တော် ကို ရောက်ရှိနေကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်နိုင်ရေး ဆွေးနွေးဖို့ အတွက် ရောက်ရှိနေ တာဖြစ်တယ် လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဒု-ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပေါ့နော် အဲ့တာနဲ့ပတ်သက်ပြီးတော့ ၂၁ရာစု ပင်လုံညီလာခံ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ဖိတ်တာဖြစ်ပါတယ်။ အဲ့ဒီ့ ဝ အဖွဲ့ရယ် မိုင်းလားအဖွဲ့ရယ် နေပြည်တော်ကို လာရောက်ဖို့ ကျနော်တို့က ဖိတ်တယ်။ နောက် တချိန်တည်းမှာပဲ နောက် ကျနော်တို့ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ဆွေးနွေးမှုမှာ ဒီအဖွဲ့တွေ ပါဝင်နိုင်ဖို့ ဖြစ်ပါတယ်။ အခုဟာက အဲ့ဒီ့ဖိတ်ကြားချက် အရ ရောက်လာတာဖြစ်ပါတယ်။"

၀ နဲ့မိုင်းလားအဖွဲ့ ခေါင်းဆောင်တွေဟာ မနက်ဖြန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှာဖြစ်သလို၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လည်း တွေ့ဆုံ သွားမှာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

" မနက်ဖြန် မနက်ပိုင်းပေါ့နော်။ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ နှစ်ဖွဲ့စလုံး နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ တွေ့မယ်။ တွေ့ပြီးတော့ ဆွေးနွေးကြမှာပေါ့။ ဆွေးနွေးကြမယ်။ ဆွေးနွေးပြီးတာနဲ့ နေ့လည်စာ စားမယ်။ ပြီးတာနဲ့ သူတို့အဖွဲ့တွေဟာ နေ့လည်ပိုင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့တွေ့ဖို့ ဆက်သွားမယ်။

မေး။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့က ဘယ်မှာတွေ့မှာပါလဲခင်ဗျ။ ဘုရင့်နောင်ရိပ်သာမှာ တွေ့မှာလား။

"မှန်ပါတယ်။ ဘုရင့်နောင်ရိပ်သာမှာပါ။ ဒါက တပ်မတော်ပိုင်းက ပြောလိမ့်မယ်။"

မေး။ ။ နှစ်ဖွဲ့က ပေါင်းပြီးတွေ့မှာလား သီးခြားစီတွေ့မှာလား ခင်ဗျ။

"တပေါင်းတည်းတွေ့မှာပါ။ တပေါင်းတည်းတွေ့မှာပါ။"

မေး။ ။ နောက်တခုက သမ္မတဟောင်းဦးသိန်းစိန်နဲ့ တွေ့ဖို့လည်း တွေ့မယ်လို့လည်း ကြားပါတယ်။ အဲ့တာရော ဟုတ်ပါသလား။

"အဲ့တာကတော့ ကျနော်တို့ ဒီဘက်အစီအစဉ်တော့ မသိဘူးခင်ဗျ။"

မနက်ဖြန်တွေ့မှာ တွေ့ဆုံဆွေးနွေးမယ့်အခြေအနေနဲ့ ပတ်သက်ပြီး နေပြည်တော် မှာရောက်ရှိနေတဲ့ မိုင်းလားအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေ မယ့်၊ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

၀ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုတော့ ၀ အထူးဒေသ (၂) က ဒုတိယအထွေထွေအတွင်းရေးမှုး ဦးပေါက်ယူယိဦးဆောင်ပြီး အဖွဲ့ဝင် ၈၀ ကျော်ပါဝင်ပြီး၊ မိုင်းလားအဖွဲ့ကိုတော့ မိုင်းလားအထူးဒေသ ၄ ဥက္ကဋ္ဌ ဦးစိုင်းလင်းက ဦးဆောင်တာလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG