သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယင်နာပတ်ဝန်းကျင်ထိန်းသိမ်းရေး ညီလာခံ မြန်မာဝန်ကြီး တက်ရောက်


၂၀၁၅ တုန်းက စစ်ကိုင်းတိုင်း၊ကလေးမြို့ ရေကြီးနေပုံ
၂၀၁၅ တုန်းက စစ်ကိုင်းတိုင်း၊ကလေးမြို့ ရေကြီးနေပုံ

ကမ္ဘာကြီး ပူနွေးမှုကိုဖြစ်စေတဲ့ ဟိုက်ဒရိုဖလိုရိုကာဗွန်(HFCs) လျော့ချရေး ဖွံဖြိုးဆဲမြန်မာနိုင်ငံအတွက် အခက်အခဲရှိနေကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ (၁၅-၂၃)ရက်နေ့ ထိ သြစတြီးယားနိုင်ငံ ဗီယင်နာမှာ ကျင်းပတဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ညီလာခံမှာ HFCs လျော့ချရေး အချိန်သတ်မှတ်ချက်ကို သဘောတူညီချက်မရခဲ့ပေမယ့် ၂၀၂၀ ခုနှစ်နောက်ပိုင်းမှ စတင်အကောင် အထည်ဖေါ်ဖို့ အဆိုကို မြန်မာနိုင်ငံက ထောက်ခံခဲ့ကြောင်း ညီလာခံကို တက်ရောက်လာတဲ့ မြန်မာအစိုးရ အဆင့်မြင့်ကိုယ်စားလှယ်က ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်ထားပါတယ်။

ဒီညီလာခံကို မြန်မာဘက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ စက်မှု လုပ်ငန်းဖွံဖြိုးတိုးတက်ရေး အခုမှစတင်ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအတွက် အအေးပေးစက်တွေကနေ ထွက်တဲ့ ဟိုက်ဒရိုဖလိုရိုကာဗွန် HFCs ကို မကြာခင်ကာလအတွင်းလျော့ချဖို့ အခက်အခဲတွေရှိနေကြောင်း အဲဒီညီလာခံကိုတက်ရောက်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ညွန်ချုပ် ဦးလှမောင်သိန်းက ဗွီအိုအေကို အခုလိုရှင်းပြပါတယ်။

“ကျနော်တို့ Developing country ဆိုရင် တချို့နိုင်ငံတွေရဲ့အခက်တွေက HFCs က အခုလက်ရှိကျနော်တို့ အဓိကသုံးနေတဲ့ ဓါတ်ငွေ့ဖြစ်နေတယ်။ Climate Change Potential နဲ့ Globel warming ကို ဖြစ်စေတဲ့ အဓိက ဂတ်စ်ဖြစ်တယ်။ အဲဒီအခါကျတော့ ဒီအစားထိုး HFCs ကို ကျနော်တို့က cut down လုပ်ဖို့အတွက် လောလာဆယ်မှာ အခက်အခဲရှိတယ်။”

အမေရိကန်ဦးဆောင်တဲ့ ဖွံဖြိုးပြီး နိုင်ငံတွေဘက်က ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေတဲ့ ဟိုက်ဒရိုဖလိုရိုကာဗွန်(HFCs) လျော့ချရေးကို ၂၀၁၆ခုနှစ်မှာ စတင်အကောင်အထည်ဖေါ်ဖို့ အဆိုပြုခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန် ဦးဆောင်တဲ့ ဖွံဖြိုးဆဲနိုင်ငံများဘက်က ၂၀၂၀ခုနှစ် နောက်ပိုင်းမှာစတင်ဖို့နဲ့ ဆော်ဒီအာရေဗျ၊ ကူဝိတ် စတဲ့ အာရပ်နိုင်ငံတွေ ဘက်ကတာ့ ၂၀၃၀ ခုနှစ်မှ စတင်ဖို့ ညီလာခံမှာ အသီးသီးအဆိုပြုခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ဦးလှမောင်သိန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက ဘယ် position မှာနေသလဲဆိုတော့ ကျနော်တို့ အာဆီယံ ၁၀ နိုင်ငံရှိတယ် ကျနော်တို့ဆွေးနွေးကြတယ်။ မလေးရှားဦးဆောင်ပြီးတော့ အကောင်အထည်ဖော်မယ်ပေါ့ ။ ကျနော်တို့ ဒီနိုင်ငံတွေကတော့ ၂၀၂၀ နောက်ပိုင်းပေါ့နော် ၂၀၂၀၊ ၂၀၂၅ နောက်ပိုင်းပေါ့နော် ။ ဒီဟာကို လုပ်ဖို့အတွက်ကို အိန္ဒိယ proposal ကို support လုပ်တယ်ပေါ့။”

ကမ္ဘာကြီးရဲ့ အိုဇုံလွှာကို ထိခိုက်ပျက်စီးစေတဲ့ ကာဗွန်ဓါတ်ငွေ့ ထုတ်လုပ်မှုလျော့ချရေး နိုင်ငံတကာသဘောတူ ညီချက်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာကြီးပူနွေးမှု ကိုဖြစ်စေတဲ့ HFCs လျော့ချရေး အပြည့်အဝထောက်ခံတယ်ဆိုပေမဲ့ အကောင်အထည်ဖေါ် ဆောင်ရွက်တဲ့ အပိုင်းမှာ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဦးလှမောင်သိန်းက ဆိုပါတယ်။

“ကျနော်တို့က ဘာတွေလိုသလဲဆိုတော့ နည်းပညာအထောက်အကူတွေတော်တော်လိုတယ်။ နောက် ဒုတိယအချက်ကဘာလဲဆိုတော့ ဒီဟာတွေက ဥပမာ ကျနော်တို့ နိုင်ငံတွေဆို HkFCs ကို support လုပ်နေတဲ့ HFCs သုံနေတယ်။ သုံးနေတဲ့အတွက်ကြောင့် သုံးတဲ့ပစ္စည်းတွေက ဒီဟာကိုအခြေခံတဲ့ Equiptment ဖြစ်တယ်။ HFCs ကို မသုံးတော့ဘူးဆိုရင် ဒီပစ္စည်းတွေကို ဘယ်လိုလုပ်မှာတုန်း ကျနော်တို့ ပစ်လိုက်ရမှာလား။ အဲဒီအခါကျတော့ ကျနော်တို့ Funding assistance လိုတယ်ဆိုပြီးတော့ ကျနော်တင်ပြတယ်။ နည်းပညာအကူအညီရယ် Funding ရယ် အဓိက ဒီ ၂ ချက်ပေါ့။

မေး။ ။ အခုလို ကမ္ဘာကြီးပူနွေးမှုကို လျော့ချရေးမှာ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်တဲ့အခါမှာ စက်မှုလုပ်ငန်းတိုးတက်မှုကိုရော ထိခိုက်မှုတွေရှိလာနိုင်မလားရှင့်။

ဖြေ။ ။ ဒီ ဓါတ်ငွေ့တွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သွားဆက်စပ်နေတယ်။ တဖက်ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့လည်း ဆက်စပ်နေတယ် အဲဒီအခါကျတော့ ဒီ ၂ ခုကြားထဲမှာ ကျနော်တို့ညှိရမယ်။ HFCs ကိုကျနော်တို့ သုံးတဲ့အတွက်ကြောင့် ကျနော်တို့ မြန်မာနိုင်ငံဆိုinfrastructure development အခုမှစပြီး ကျနော်တို့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေတယ်။ တဘက်ကလည်း မြို့ပြအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်ဖို့လည်း ဆောင်ရွက်နေတယ်။ စသည်အားဖြင့် ဒီဟာက အသုံးများလာပြီ။ အဲဒီအခါကျတော့ တဖက်က ဒီဟာကို လျှေ့ချမယ်ဆိုတဲ့ Protocol ကရှိလာပြီ။ ရှိလာတော့ ဒီ ၂ ခုကြားထဲမှာ ကျနော်တို့က Balance ဖြစ်အောင် ဟန်ချက်ညီညီဖြစ်အောင်လုပ်ရမယ်။”

ဗီယင်နာမှာကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ ဇူလိုင်လ(၂၂)ရက်နေ့က ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း ကမ္ဘာ့ရာသီဥတု ပူးနွေးပြောင်းလဲလာတဲ့ ပြဿနာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းဖြေရှင်းဖို့ အရေးတကြီးလိုအပ်နေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG