သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ ရက်ပေါင်း ၁၀၀ နဲ့ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း အမြင်


မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း
မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း

NLD ဦးဆောင်တဲ့ အစိုးရ အုပ်ချုပ်မှု သက်တမ်းဟာ ဒီသီတင်းပတ်မှာတော့ ရက် တရာ ပြည့်သွားပါပြီ။ ရက်တရာ ကာလအတွင်းမှာ NLD အစိုးရအပေါ် လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရှိနေဆဲဖြစ်ပေမယ့်၊ နိုင်ငံရေး စီးပွားရေးပိုင်း ဆောင်ရွက်ချက်တွေမှာ အားရစရာ သိပ်မတွေ့ရဘူးလို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ ရက်တရာကာလ နဲ့ နှိုင်းယှဉ် သုံးသပ်ပြပါတယ်။ မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းကို ဗွီအိုအေ ရန်ကုန်ရုံးမှာ မမြင့်မြင့်ခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

“မမြင့်မြင့်ခိုင်။ ။ NLD အစိုးရသစ်စတင်တာဝန်ယူလာတာက ရက် ၁၀၀ ကျော်လာပြီပေါ့နော်။ ဒီကာလအတွင်းမှာ ဒီ NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ ကာလအတွင်း ကနဦးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ဆရာ့အမြင်ကိုအရင်ဆုံးပြောပါပေးပါရှင့်။

ဦးအောင်သူငြိမ်း။ ။ ပြောမယ်ဆိုရင်တော့ တလောကပဲ ကျနော်ဆောင်းပါးလေး တခုရေးပါတယ်။ အစိုးရသစ် တက်တက်ခြင်းမှာပဲ နိုင်ငံရေးအကျဉ်းသား မရှိရဘူးဆိုပြီးတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ် ဒါကကြိုဆိုရမယ့် ကိစ္စ ။ နောက်တခုကကျတော့ ဒီ အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေး အကျဉ်းသားပြန်လွှတ်ပေးပါတယ်။ ၈၃ ယောက်ပြန်လွှတ်ပေးတယ်။ ဒါပေမယ့် AAPP လို့ခေါ်တဲ့ အကျဉ်းသားတွေကို စောင့်ကြည့်တဲ့အဖွဲ့ရှိပါတယ်။ သူတို့သတင်းအရဆိုရင် လူ ၆၀ ကျော်လောက်က နိုင်ငံရေး အကျဉ်းသားတွေပေါ့နော် ထောင်အထဲ ရှိတုန်း၊ နောက်တခါ ၁၆၀ ကျော်လောက်က အမှုရင်ဆိုင်နေရတုန်း ဆိုတော့ဒါတွေက ဆက်လုပ်ရမယ့် ကိစ္စတွေလို့ မြင်တာပေါ့နော်။ နောက်တခုကကျတော့ အရေးကြီးတာ ကျနော်ထင်တာက လူ့အခွင့်အရေးကော်မရှင်၊ အခုအချိန်အထိက လူ့အခွင့်အရေးကော်မရှင်ကို အသစ်ဖွဲ့စည်းတာမရှိသေးဘူး။

မမြင့်မြင့်ခိုင်။ ။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က ရက် ၁၀၀ ကာလအတွင်းဆိုရင် ပြည်သူတွေအနေနဲ့လည်းအားမရတာရှိတယ်ပေါ့။ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရ ရက် ၁၀၀ ကာလ နဲ့ အခုလက်ရှိ NLD အစိုးရသစ်ရဲ့ ရက် ၁၀၀ ကာလအတွင်း နိုင်းယှဉ်ကြည့်မယ်ဆိုရင်ကော ဆရာ့အနေနဲ့ ဘယ်လိုများသုံးသပ်လို့ရမလဲ။

ဦးအောင်သူငြိမ်း။ ။ လူမှု့စီးပွားကဏ္ဍမှာဆိုရင် ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ ဆင်းရဲမှုလျှော့ချရေးဆိုတဲ့ ကိစ္စကို နိုင်ငံတော်အဆင့်အစည်းအဝေးခေါ်တယ်။ ပြီးတဲ့နောက်ပိုင်းမှာ ဒါတွေဆက်ပြီးတော့ အကောင်အထည်ဖော်တာတွေရှိတာပေါ့နော်။ နောက်တခါ FESR လို့ခေါ်တဲ့ Framework for Economic and Social Reforms စီးပွားရေးနဲ့ လူမှု့ရေးပြုပြင်ပြောင်းလဲမှုအခြေခံမူဘောင်ပေါ့နော် ဒါတွေထွက်လာတယ်။ ထွက်လာတော့ အခုအစိုးရသစ်မှာမျှော်လင့်တယ် ဒါတွေ တွေ့ရမလားပေါ့နော်။ ဆိုတော့ အခုအချိန်အထိ ကျနော်တို့မတွေ့ရသေးဘူး ဆိုတော့ ဒါကိုအားမရဘူးလို့ပြောတာပါ။

မမြင့်မြင့်ခိုင်။ ။ ဟုတ်ကဲ့ အားသာချက်အပိုင်းကရော ဘာရှိမလဲဆရာ။

ဦးအောင်သူငြိမ်း။ ။အားသာချက်အပိုင်းကတော့ အစိုးရသစ်အနေနဲ့ လူထုထောက်ခံမှုက အခုအချိန်အထိက ရက် ၁၀၀ ကျော်သွားတဲ့အထိ မကျပါဘူး အခုထိ ရှိတုန်းပါပဲ။ ပြည်သူလူထုက မျှော်လင့်ချက်တွေ အများကြီးရှိတယ် မျှော်လင့်ချက်အများကြီးရှိတဲ့အပေါ်မှာလည်း အစိုးရသစ်က လုပ်ဖို့ပိုတာဝန်ရှိတာပေါ့နော် ဝန်ဆောင်မှုပိုပေးဖို့ တာဝန်ရှိတယ်လို့ထင်ပါတယ်။

မမြင့်မြင့်ခိုင်။ ။ နောက်တခုသိချင်တာက အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိလုပ်နိုင်သလဲပေါ့နော်၊ လက်ရှိမှာက ကမ္ဘာ့ဘဏ်ကလည်း GDP rate ကျနေတယ်လို့ ခန့်မှန်းထားတာတွေ ရှိတော့လေ ဒီရက် ၁၀၀ ကာလအတွင်းအစိုးရရဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကရော ဘယ်လောက်အတိုင်းအတာအထိ အားရဖို့ကောင်းသလဲ။

ဦးအောင်သူငြိမ်း။ ။ဟုတ်ကဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ စီးပွားရေးက များများပြောင်းဖို့မလွယ်ဘူးပေါ့နော်။ နောက်တခါ အမိန့်ပေးပြီးပြောင်းလို့လည်းမရပါဘူး။ ကျနော်တို့မြင်ချင်တာက စီးပွားရေး မူဝါဒ ဘယ်လိုသွားမလဲပေါ့ ဒါကိုမြင်ချင်ပါတယ်။ အခုအချိန်အထိက အစိုးရသစ်ရဲ့ စီးပွားရေး မူဝါဒ ထွက်လာတာမတွေ့သေးဘူး။ ဆိုတော့ ကျနော်နှိုင်းယှဉ်ပြောရရင် ဖိလစ်ပိုင်နိုင်ငံမှာပေါ့နော် သမ္မတ Duterte ကျမ်းသစ္စာကျိန်တာ ဇွန်လ ၃၀ ရက်မှာ ကျိန်တာ ကျနော်တို့ထက် ၂ လ နောက်ကျတယ်။ ဒါပေမယ့် အခု Duterte ရဲ့ စီးပွားရေး Plan အစီအစဉ် ၁၀ ခုဆိုတာ ဒါမျိုးတွေ ထွက်တာရှိပါတယ် ကျနေ်ာတို့ဆီမှာတော့ အခုအချိန်အထိမတွေ့ရသေးဘူး။ နောက်တခါကျတော့ ကျနော်တို့အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းပေါ့ အဲဒီအချိန်မှာ ဘာဖြစ်သလဲဆိုတော့ အရင်တုန်းက လုပ်ခဲ့တဲ့ စီမံကိန်းတွေကို စီစစ်မယ်ဆိုပြီးလုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ စီမံကိန်းတွေအားလုံးက ရပ်သွားတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ကလည်း ရပ်သွားတယ်။ အဲဒီတော့ တိုင်းပြည်အထဲမှာ ငွေလှည့်လည်မှုကလည်း တစုံတရာ ရပ်သွားတယ်။ နောက်တခါကျတော့ ကျနော်တို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ကိုဖွဲ့တာပေါ့နော်။ MIC ကိုလည်းဖွင့်တာက ရက် ၆၀ ပြီးတော့မှ ဖွဲ့နိုင်တယ်။ ဖွဲ့နိုင်တဲ့အခါကျတော့ ရပ်တယ်ပေါ့နော်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ဝင်ငွေတွေလည်း တစုံတရာနည်းပါတယ်။

မမြင့်မြင့်ခိုင်။ ။ လက်ရှိမှာပေါ့ ဒီအစိုးရသစ် အနေနဲ့ ရက် ၁၀၀ အတွင်း အင်တိုက်အားတိုက်လုပ်နေတဲ့ကိစ္စက ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့ပေါ့ ဒီတိုင်းရင်းသားအရေးကို ဦးစားပေးပြီးလုပ်နေတာရှိတယ်ပေါ့။ ဒီလက်ရှိ မြန်မာပြည်အစိုးရ ရင်ဆိုင်ရမယ့် ပြဿနာမှာ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းပြဿနာလည်းရှိနေတယ်ပေါ့။ အဲဒီတော့ ဒီကိစ္စတွေကိုရော အစိုးရအနေနဲ့ ပြေပြေလည်လည်ဖြေရှင်းနိုင်ပါ့မလား။ ဘယ်လိုများသုံးသပ်လို့ရပါသလဲ။

ဦးအောင်သူငြိမ်း။ ။ ဆိုတော့အခုအချိန်အထိက အစိုးရက ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးမယ်လို့ပြောပါတယ်။ ဆိုတော့ အဲဒါနဲ့ပတ်သက်လို့လည်း ကြိုဆိုပါတယ်။ ဆိုတော့ တဘက်မှာလည်း ၂၁ ရာစုပင်လုံ ဆိုပြီးတော့ မကြာခင် ညီလာခံ ခေါ်ဖို့ရှိတယ်ပေါ့နော်။ ဘယ်လိုဖြစ်လာမလဲဆိုတော့ အတိအကျတော့မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း ဒီအစိုးရသစ်လက်ထက်မှာပေါ့နော် တိုင်းရင်းသားတွေဘက်ကလည်း တချို့မျှော်လင့်ချက်တွေရှိပါတယ်။ အရင်လက်မှတ်မထိုးတဲ့အဖွဲ့တွေလည်း လက်မှတ်ထိုးလာမယ်လို့ကျတော်မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးတချိန် လုပ်လိုက်တာနဲ့ အကုန်လုံးပြေလည်ပြီးတော့ ပြီးသွားတာတော့မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ရှေ့ဆက်ပြီးတော့ တစိုက်မတ်မတ်ဆက်လုပ်ဖို့ လိုမယ်လို့ထင်ပါတယ်။”

မြန်မာ့ အရေးလေ့လာ သုံးသပ်သူ ဦးအောင်သူငြိမ်းကို ဗွီအိုအေသတင်းထောက် မမြင့်မြင့်ခိုင်က တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

ရက်တစ်ရာပြည့် NLD အစိုးရအပေါ် သုံးသပ်ချက်
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG