သုံးရလွယ်ကူစေသည့် Link များ

VOA ညွှန်ကြားရေးမှူး မြန်မာတပ်ချုပ်နဲ့ တွေ့ဆုံ


ဗွီအိုအေ ညွန်ကြားရေးမှုး Amanda Bennett ဦးဆောင်တဲ့ အဖွဲ့ဟာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံရာမှာ၊ မြန်မာနိုင်ငံရဲ့အပြောင်းအလဲတွေကို ထိန်းချုပ်မှုတစုံတရာနဲ့ တဖြေးဖြေးချင်း စနစ်တကျဆောင်ရွက်သွားဖို့ တပ်မတော်အနေနဲ့ ရည်ရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေအဖွဲ့မှာပါတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ဒီနေ့ ဗွီအိုအေ ဒါရိုက်တာအပါအဝင် ဗွီအိုအေအဖွဲ့သားတွေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးပြီလို့ ကျနော်တို့သိရပါတယ်ခင်ဗျာ။ အဲဒီတော့ တွေ့ဆုံပွဲမှာ ဘာတွေများ ပြောဆိုဆွေးနွေးဖြစ်သလဲဆိုတာ ပြောလို့ရမလား။

ဦးသန်းလွင်ထွန်း။ ။ အဓိကတော့ ကျနော်တို့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့တွေ့တာက နှုတ်ဆက်တဲ့သဘောပါပဲ။ အထူးသဖြင့်တော့ ဗွီအိုအေ အကြီးအကဲတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာအရေးပါတဲ့ အခန်းကဏ္ဍ မှာ တပ်မတော်ကို ဦးဆောင်နေတဲ့ ဦးစီးဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တယောက်နဲ့ တွေ့ဆုံရင်းနှီးမှုတွေရသွားစေချင်တဲ့ သဘောလည်းပါပါတယ်။ အဲဒါအပြင်ကို နောက်ပိုင်းမှာ ကျနော်တို့အနေနဲ့ အားလုံးအနေနဲ့လည်း အဆင်ပြေတယ်ဆိုရင် ဒီတပ်မတော်အဖွဲ့အစည်းတွေ၊ တပ်မတော်ပြန်ကြားရေးဌာနတွေ ၊ နောက်ဒါမှမဟုတ်ဗိုလ်ချုပ်မှုးကြီးကိုယ်တိုင်အနေနဲ့ရော ဖြစ်နိုင်ရင် ကျနော်တို့နဲ့ မြန်မာပြည်မှာဖြစ်နေတဲ့ အကြောင်းအရာတွေအပေါ်ကို သူ့အမြင်၊ သူ့သဘောထား၊ သူတို့ တပ်မတော်အနေနဲ့လုပ်ဆောင်နေတဲ့ ကိစ္စလေးတွေကို ပွင့်ပွင့်လင်းလင်းတွေ့ဆုံမေးမြန်းခွင့်တွေပေးဖို့ ၊ ပြောကြားပေးဖို့၊ ဒီကိစ္စလေးတွေပါပြောဖို့ ကျနော်တို့ တွေ့ဆုံခဲ့တာပါ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ နောက်တချက်ကတော့ ဗွီအိုအေ ရဲ့ တချို့အစီအစဉ်တွေကို တပ်မတော်ပိုင် မြဝတီရုပ်သံကနေပြီးတော့ ထုတ်လွင့်ပေးနေတာရှိပါတယ်။ ဆိုတော့ အလားတူမျိုး ပူးပေါင်းဆောင်ရွက်မှုမျိုးတွေအတွက်ရော ဆွေးနွေးဖြစ်ပါသလား။

ဦးသန်းလွင်ထွန်း။ ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က ဗွီအိုအေအစီအစဉ်တွေကိုလည်း ကြည့်ဖြစ်တယ်။ နောက်ပြီးတော့ သူ မြဝတီ ရုပ်သံမှာ ကျနော်တို့ လွှင့်ပေးနေတဲ့ အင်္ဂလိပ်စာပို့ချချက်တွေ၊ နောက်ပြီးတော့ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ အစီအစဉ်လေးတွေပေါ့ ၊ နောက်အားကစား၊ ဘောလုံးအစီအစဉ် အဲဒါတွေကိုသူ ရံဖန်ရံခါ ကြည့်ဖြစ်တယ်လို့ သူပြောပါတယ်။ ဆိုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တချို့အကြံပြုချက်လေးတွေလည်း သူပေးပါတယ်။ နောက်တခုကတော့ သူ့အနေနဲ့က သူ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်နဲ့ သူ့သဘောထားကို တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် ကျနော်တို့ကို ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံတာကလည်း စုစုပေါင်း ၁ နာရီလောက်ကြာခဲ့ပါတယ်။

ကိုသားညွန့်ဦး။ ။ မြန်မာပြည်နိုင်ငံရေးနဲ့ပတ်သက်လို့ သူပြောသွားတာ တစွန်းတစ ဘာများပြောလို့ရမလဲ။

ဦးသန်းလွင်ထွန်း။ ။ ပြောလို့ရပါတယ်။ ပြောလို့ရတယ်ဆိုတာက အဓိကတော့ အခုလက်ရှိ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားက အရင်က သူတို့ ရပ်တည်ချက်အတိုင်းပဲပေါ့နော်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အနေနဲ့ မြန်မာနိုင်ငံမှာက ပါတီစုံ ဒီမိုကရေစီစနစ်ကို ပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီအပြည့်အဝရရှိရေး ကို သူတို့ထောက်ခံပါတယ်ပေါ့နော်။ ဒါပေမယ့် လက်ရှိအခြေအနေတွေက ပေးသလောက်ပဲ တဖြေးဖြေးနဲ့ စနစ်တကျလုပ်သွားနိုင်ဖို့ သူတို့ ရည်ရွယ်ထားပါတယ် ဆိုတဲ့အကြောင်းကိုသူပြောတယ်။ နောက်ပြီးတော့ တခြားနိုင်ငံတကာမှာဖြစ်နေတဲ့ အပြောင်းအလဲတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေက အားလုံးရဲ့ စနစ်တကျထိန်းချုပ်မှုနဲ့ တဖြေးဖြေးဖြစ်သွားပြီးတော့ အစီအစဉ်တကျဖြစ်သွားအောင် တပ်မတော်အနေနဲ့ လိုလားတယ်ဆိုတာကို သူပြောပါတယ်။ နောက်ပြီးတော့ နောက်တခုကတော့ ဘာလဲဆိုတော့ အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း နည်းနည်းစိုးရိမ်တယ်၊ ဒါပေမယ့်လည်း သူ့အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီးတော့ ထုတ်မပြောသေးတဲ့ အကြောင်းကလည်း တပ်မတော်အနေနဲ့ တခုခုကိုဝင်ပြီးတော့ လွန်လွန်ကျွံကျွံ ပြောတယ်ဆိုတဲ့ ပုံစံမျိုးသက်ရောက်မသွားစေချင်လို့ ဆိုတဲ့သဘောနဲ့ သူ့အနေနဲ့ စိုးရိမ်ပေမယ့် ဒီလိုပဲ စောင့်ကြည့်နေပါတယ် ဆိုတဲအကြောင်းလေးကို သူပြောသွားပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ လက်ရှိ ဒီအစိုးရလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စ ၊ နောက် ရခိုင်ပြည်နယ်အရေးကိစ္စ ဒါနဲ့ ပတ်သက်လို့ တစွန်းတစပြောတာရှိပါသလား။

ဦးသန်းလွင်ထွန်း။ ။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့တော့ မနက်ပိုင်းတုန်းက ကျနော်တို့နဲ့တွေ့တဲ့အချိန်တုန်းကတော့ များများစားစားမပြောဖြစ်ပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ကတော့ အပစ်အခတ်ရပ်စဲရေးမှာ တချို့အဖွဲ့အစည်းတွေအနေနဲ့ အာဏာသဘောကို ပိုပြီးတော့ ပြောနေတဲ့အတွက် ဒီအဖွဲ့အစည်းတွေရဲ့ သဘောထားရပ်တည်ချက်က သိပ်ပြီးတော့ တပ်မတော်အတွက် သဘောမကျစရာဖြစ်တယ်ဆိုတဲ့ ပုံစံလေးကို ကျနော်တို့ကို နည်းနည်းပြောပါတယ်။

ကိုသားညွန့်ဦး။ ။ ဦးသန်းလွင်ထွန်းအပါအဝင် ဗွီအိုအေ ဒါရိုက်တာအဖွဲ့တွေက နေပြည်တော် ရောက်နေပြီဆိုတော့ နေပြည်တော်မှာ တခြားဘာအစီအစဉ်များရှိပါသလဲ။

ဦးသန်းလွင်ထွန်း။ ။ ကျနော်တို့က နေပြည်တော်မှာ အဓိကနောက်ထပ် လာရောက်တဲ့အကြောင်းကတော့ ကျနော်တို့က မြန်မာနိုင်ငံသတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့လည်း ပူးတွဲပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်လေ။ အဲဒီတော့ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နဲ့ ဘာတွေများထပ်ပြီးတော့ ဗွီအိုအေ သတင်းတွေနဲ့ ပတ်သက်ပြီးတော့ ပြန်ကြားရေးဌာနကလုပ်နေတဲ့ MRTV အစီအစဉ်တွေမှာ ဘာတွေများထပ်ထည့်နိုင်မလဲ၊ ဘာတွေပူးပေါင်းဆောင်ရွက်နိုင်မလဲ ၊ ဘယ်လိုသင်တန်းတွေ ပူးတွဲပေးနိုင်မလဲ ဆိုတဲ့ ကိစ္စလေးတွေကို ညှိနှိုင်းဖို့ဆိုတော့ ဝန်ကြီး ဒေါက်တာ ဖေမြင့်နဲ့လည်း ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒီအကြောင်းတွေကျနော်တို့ အသေးစိတ်ဆွေးနွေးခဲ့တာတွေရှိပါတယ်။ နောက်ပြီးတော့ တခြား နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်တွေနဲ့လည်းတွေ့ဖို့ ကျနော်တို့ ကြိုတင်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားခရီးသွားနေတော့ ကျနော်တို့တွေ့ခွင့်မရပါဘူး။ သမ္မတ ဦးထင်ကျော် ကတော့ ကျနော်တို့ တောင်းဆိုခဲ့ပေမယ့် ပြန်ကြားချက် အတိအကျမရတော့ ကျနော်တို့ မတွေ့ခဲ့ရပါဘူး။

ကိုသားညွန့်ဦး။ ။ ဦးသန်းလွင်ထွန်း ရေ ကျေးဇူးပါပဲခင်ဗျ။"

ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG