သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဝ၊ မိုင်းလားအဖွဲ့တို့ တွေ့မည်


ပန်ဆိုင်းညီလာခံ (မေ ၂၀၁၅)
ပန်ဆိုင်းညီလာခံ (မေ ၂၀၁၅)

၂၁ရာစုပင်လုံညီလာခံမှာ ပါဝင်ရေးအတွက် ညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းနဲ့အဖွဲ့ဟာ လာမယ့် သောကြာနေ့မှာ ဝ၊ မိုင်းလား စတဲ့လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဝ၊ မိုင်းလားအဖွဲ့တွေဖက်ကတော့ ၂၁ရာစုပင်လုံညီလာခံကို ကြိုဆိုထားပြီး ပါဝင်တက်ရောက်ရေး ကိုတော့ တွေ့ဆုံပွဲအပြီးမှသာ ဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၂ ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီလဆန်းပိုင်းတည်းက စတင်ပြီး တွေ့ဆုံဆွေးနွေးရာမှာ ဒီရက်ပိုင်းအတွင်းမှာတော့ ဝ၊ မိုင်းလား စတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ရှိနေပါတယ်။

၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၂နဲ့ တွေ့ဆုံမယ်အစီအစဉ်ကို မိုင်းလားအဖွဲ့လို့ လူသိများတဲ့ အမျိုးသားဒီမိုကရေစီသွေးစည်း ညီညွတ်ရေးတပ်မတော် NDAA ရဲ့ အတွင်းရေးမှုး ဦးကြည်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့ ၁၇ ရက်နေ့ မိုင်းလားမှာတွေ့ဆုံမယ်။ ၀ အဖွဲ့နဲ့ ကျနော်တို့ မိုင်းလား အဖွဲ့ တို့ မိုင်းလားမှာတွေ့ဆုံမယ်။ အဓိကတော့ ၂၁ရာစုပင်လုံညီလာခံ ပါဝင် ဖို့ အဲဒါလာပြီးတော့မှ တွေ့ဆုံဖိတ်ခေါ်တာပါ။”

၂၁ရာစုပင်လုံညီလာခံ ကျင်းပတာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း ဦးကြည်မြင့်က ပြောဆိုပြီး ညီလာခံမှာ ပါဝင် တက်မတက် ဆိုတာတော့ ဆွေးနွေးပွဲပြီးမှ ဆုံးဖြတ်နိုင်မယ်လို့ ဆက်ပြောပါတယ်။

“ကျနော်တို့ ကြိုဆိုပါတယ် ။ နောက်ဆုံးမှာ ဘယ်လိုဖြစ်မယ်ဆိုတာ အစည်းအဝေးပြီးမှပဲ သိမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အစည်းအဝေးပြီးမှပဲ ကျနော်တို့ပြောနိုင်တယ်။ အခု မဆွေးနွေးခင် ကျနော်တို့ ဘာမှမပြောနိုင်ဘူး။”

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီရဲ့ အတွင်းရေးမှုး ဦးလှမောင်ရွှေကတော့ ဇွန်လ ၁၇ရက်ဒါမှမဟုတ် ၁၈ရက်နေ့မှာ ဝ၊ မိုင်းလား ခေါင်းဆောင်တွေနဲ့ ကျိုင်းတုံ ဒါမှမဟုတ် မိုင်းလားမှာ တွေ့ဆုံဖု့ိစီစဉ်ထားကြောင်း၊ တွေ့ဆုံမယ့် ဒေသရဲ့ ရာသီဥတုအပေါ်မူတည်မှာဖြစ်ကြောင်း ပြောဆိုထားတာကို ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၂ဟာ ဒီလ ၃ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သလို ဒီလ တတိယပတ်မှာ ဒုတိယအကြိမ်ထပ်မံဆွေးနွေးဖို့ရှိနေပါတယ်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ ညီလာခံ အကြိုပြင်ဆင်ရေးဆပ်ကော်မတီ ၁ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးရေးကို တာဝန်ယူထားပြီး ဒီလ ၉ရက်ကနေ ၁၂နေ့အထိ နိုင်ငံရေးဆိုင်ရာမူဘောင်ပြင်ဆင်ရေးကို ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကိုတော့ လာမယ့် ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG