သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေသစ်ပြဋ္ဌာန်း


ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေတရပ်ကို ဇူလိုင်လထဲ သမ္မတက လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပါတယ်။
ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဥပဒေတရပ်ကို ဇူလိုင်လထဲ သမ္မတက လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်ပါတယ်။

ဇူလိုင် ၂၆၊ ၂၀၁၀-အမေရိကန် ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဥပဒေကို သမ္မတ ဘရက်ခ် အိုဘားမား က လက်မှတ်ရေးထိုး တရားဝင် အတည်ပြုလိုက်ပါပြီ။

အမေရိကန် ဘဏ္ဍာရေးစနစ်မှာ ၁၉၃၀ ပြည့်လွန်နှစ်ကစလို့ အကြီးမားဆုံး အပြောင်းအလဲတွေကို ဖြစ်စေတဲ့ ဥပဒေတရပ်ကို သမ္မတ ဘရက်ခ် အိုဘားမား က ဇူလိုင်လထဲမှာ လက်မှတ်ရေးထိုးလိုက်ပြီးတဲ့နောက် တရားဝင် အတည်ဖြစ်သွားပါပြီ။ ပြုပြင်ပြောင်းလဲလိုက်တဲ့ ဥပဒေသစ်ဟာ အမေရိကန် ဝယ်ယူစားသုံးသူတွေအတွက် အဓိက အောင်ပွဲကြီး တခုအဖြစ်နဲ့လည်း သမ္မတက လက်မှတ်ရေးထိုးရာမှာ ပြောဆိုလိုက်တာပါ။ ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ အကျိုးထက် အဆိုးက ပိုလိမ့်မယ်လို့ ဆိုနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Mil Arcega ရဲ့ သတင်းပေးပို့ချက်နဲ့အတူ အမေရိကန် ဘဏ္ဍာရေး စနစ်က အပြောင်းအလဲတွေကို ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အချေအတင် ဆွေးနွေးမှုတွေ လပေါင်းအတော်ကြာ လုပ်ခဲ့ရပြီးတဲ့နောက်မှာတော့ လွန်ခဲ့တဲ့ နှစ်တွေမှာ ဘဏ္ဍာရေးကဏ္ဍမှာ ပြိုကွဲမှုတွေ ကြုံခဲ့ရတဲ့ အဖြစ်တွေကို ဦးတည်စေခဲ့တဲ့ လုပ်ရပ်မျိုးတွေ အဆုံးသတ်စေရေး ရည်ရွယ်ထားတဲ့ ဥပဒေကို သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) က လက်မှတ်ရေးထိုးပြီး တရားဝင် အတည်ဖြစ်လာခဲ့ပါပြီ။ ဥပဒေသစ်မှာ အိမ်မြေ ရောင်းဝယ်ရေး လုပ်ငန်း အပါအဝင် ငွေချေးငှားမှုတွေမှာ ပိုမိုစောင့်ကျပ် ကြည့်ရှုတာတွေ၊ ကျောင်းသားတွေ အတွက်ကစလို့ ရင်းနှီးမြုပ်နှံသူတွေ အဆုံး ငွေချေးတဲ့နေရာမှာ တိုးတက်မှုတွေ ရှိအောင်လုပ်လာတာ စတာတွေ ပါဝင်ခဲ့တာပါ။

အမေရိကန်မှာ ၁၉၃၀ ပြည့်လွန်နှစ်တွေက စီးပွားရေးချွတ်ခြုံကျခဲ့တဲ့ အဆိုးရွားဆုံး အချိန်ကစလို့ အကြီးမားဆုံး ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲမှုဟာ အမေရိကန် စားသုံးသူတွေအတွက် အောင်ပွဲတခု ဖြစ်တာမို့ သမိုင်းတွင်မယ့် လုပ်ရပ်အဖြစ် လွှတ်တော်အမတ် ရာပေါင်းများစွာ တက်ရောက်လာတဲ့ အခမ်းအနားအတွင်း လက်မှတ်ရေးထိုး ပြဋ္ဌာန်းချိန်မှာ သမ္မတက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“အခုဒီပြုပြင်ပြောင်းလဲမှုတွေဟာ စားသုံးသူတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု ပေးတဲ့ သမိုင်းမှာတော့ အခိုင်မာဆုံးပါ။”

အခုနောက်ဆုံး ပြုပြင်ပြောင်းလဲမှုက ဘဏ္ဍာရေးစနစ်မှာ အန္တာရာယ်ရှိမယ့် အခြေအနေတွေကို ရှာဖွေ စောင့်ကြည့်ဖို့ အစိုးရမှာ လုပ်ပိုင်ခွင့်တွေ ပိုရလာမှာ ဖြစ်ပါတယ်။ ဒီဥပဒေအရ စားသုံးသူတွေအတွက် ဌာနအသစ်တခု ဖန်တီးပေးသွားမှာဖြစ်ပြီး၊ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းတွေ၊ စားသုံးသူတွေအတွက် မမြင်သာတဲ့ ကုန်ကျစားရိတ်တွေ၊ ဒဏ်ကြေးငွေတွေကနေ အကာအကွယ် ပေးသွားနိုင်ဖို့ စီမံခန့်ခွဲ ကြီးကြပ်သွားမှာပါ။ ဘဏ္ဍာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အန္တာရာယ်များလှတဲ့ အလောင်းအစား အလုပ်တွေမှာ အမေရိကန် အခွန်ထမ်း လူထုအနေနဲ့ နောင်ကို အကုန်အကျခံစရာ မလိုတော့ဘူးလို့လည်း သမ္မတက ဆိုခဲ့တာ ဖြစ်ပါတယ်။
“အဆုံးမတော့ ဒီဥပဒေက၊ ဝေါလ်စထိရိက လုပ်ခဲ့တဲ့ အမှားတွေအတွက် အမေရိကန် လူထုက နောင်မှာ စိုက်ထုတ်ကုန်ကျဖို့ မလိုတော့ပါဘူး။ နောက်ကို အခွန်အတုပ်ကရတဲ့ ငွေကြေးနဲ့ ကူညီတာတွေ မရှိတော့ပါဘူး။ ဒါနောက်ဆုံးပါပဲ။”

သမ္မတ အိုဘားမား အတွက်ကတော့ လက်မှတ်ရေးထိုး အတည်ပြုလိုက်နိုင်တာဟာ ဥပဒေရေးရာမှာ မဟာအောင်ပွဲကြီးတခု ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လို့လည်း လက်မှတ်ထိုးလိုက်တဲ့ မှင်တောင်မှ မခြောက်သေးခင် အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကတော့ ဒါကို ဖျက်နိုင်ဖို့ နည်းလမ်းတွေ ရှာနေကြပါပြီ။ ရီပတ်ဘလစ်ကန် အမတ် အားလုံးနီးပါးက ဒါကို ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။ အောက်လွှတ်တော် လူနည်းစုအမတ်ခေါင်းဆောင် ဂျွန် ဘေနာ (John Boehner) ကတော့ ဒီဥပဒေဟာ အလုပ်မဖြစ်ဘူးလို့ ဆိုလိုက်တာပါ။
“ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု ဥပဒေမူကြမ်းဟာ ညံ့ဖျင်းလှတဲ့ အစီအစဉ်တခုလို့ ကျနော်ယူဆပါတယ်။ ဒါက အမေရိကန် လူထုအတွက် အကြွေးရဖို့ ပိုပြီးခက်ခဲအောင် လုပ်တာသာဖြစ်ပြီး၊ လုပ်ငန်းတွေအတွက်လည်း မလွယ်တော့ဘူးဆိုတာက ရှင်းပါတယ်။”

ဥပဒေသစ်ကို အကောင်အထည်ဖော်သွားဖို့ Securities and Exchange Commission (SEC) က အဓိက ဦးဆောင် ကြီးကြပ်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးကဏ္ဍအတွက် လုပ်ထုံးလုပ်နည်း အသစ် ၁၀၀ လောက်ကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းသွားဖို့ ရှိပါတယ်။ စားသုံးသူတွေကို အကာအကွယ် ပေးသွားဖို့အပြင်၊ ပြုပြင်ပြောင်းလဲလိုက်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေသစ်အရ အဆုံးအရှုံး ထိခိုက်မှုတွေ ကြီးမားနိုင်တဲ့ ဘဏ်တွေကို ပိတ်ပစ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေရှိမယ့် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်ရေး စောင့်ကြည့်မယ့် ကောင်စီတခုကိုလည်း ဖွဲ့စည်းသွားမှာပါ။ ဒါပေမဲ့လည်း ဥပဒသစ်ဟာ အလွန်အကျွံ စီမံခန့်ခွဲမှုတွေ ရှိနေနှင့်ပြီးဖြစ်တဲ့ ဘဏ္ဍာရေးစနစ်မှာ ဗျူရိုကရေစီယန္တာယားတွေ ပိုပြီးကြီးထွားလာစေဖို့သာ ဖြစ်လိမ့်မယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတာပါ။

Avalon Partners ကုမ္ပဏီက ဈေးကွက် ဆန်းစစ်လေ့လာသူ စီးပွားရေး ပညာရှင် ပီတာ ကာဒီလို (Peter Cardillo) ကတော့ ဥပဒေသစ်အရ အထက်အာဏာပိုင် အဆင့်ဆင့်က ကြီးကြပ်မှုတွေအောက်မှာ ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေအတွက်တော့ အနှုတ်လက္ခဏာပြမယ့် သဘောဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အထက်ကနေ ဖိအားပေးတာ ခံရမယ်ဆိုရင်၊ စီမံခန့်ခွဲသူတွေကလည်း အောက်ကို ဆက်ပြီး ဖိအားပေးလာကြမှာပါ။ ဒီလို အခြေအနေတွေက လုပ်ငန်းရှင်တွေအတွက် အနှုတ်လက္ခဏာပြတဲ့ ခံစားချက်တွေ ဖြစ်စေသလို၊ အောက်ခြေအဆင့်အထိ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း ကျနော် ယူဆပါတယ်။”

သမ္မတ အိုဘားမား ကတော့ သူလက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ ဥပဒေဟာ လူတိုင်း အကျိုးခံစားကြရမှာ ဖြစ်သလို၊ ဘဏ္ဍာရေးဈေးကွက်မှာ ပိုပြီးထင်သာမြင်သာ ရှိစေမယ့် အခြေအနေတွေကို ဖန်တီး ပေးနိုင်မှာဖြစ်တာမို့ စိုးရိမ်စရာ မရှိဘူးလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
“ခင်ဗျားတို့ လုပ်ငန်းတွေဟာ ဖြတ်လမ်းလိုက်တာ ဒါမှမဟုတ်ရင်လည်း စားသုံးသူတွေအပေါ် အကြံအဖန် လုပ်တာတွေအပေါ်မှာ ရပ်တည်နေတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုရင်၊ ဒီပြုပြင်ပြောင်းလဲမှုကို ဘာမှ ပူပမ်နေစရာ မလိုပါဘူး။”

လွန်ခဲ့တဲ့နှစ် ၂၀၀၈ ခုနှစ်ကစလို့ အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာငွေကြေး ပြဿနာတွေ ကြုံခဲ့ရပြီး ကမ္ဘာနဲ့အဝန်း စီးပွားရေး အကျပ်အတည်းတွေ ကြုံခဲ့ရတဲ့နောက် ဒီလို ငွေကြေးဈေးကွက်က အခြေအနေတွေကို ထိန်းချုပ်ဖို့ လိုမယ်ဆိုပြီး သမ္မတ အိုဘားမား အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ လုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဝင်တွေကတော့ သမ္မတ အိုဘားမား အစိုးရရဲ့ ဥပဒေသစ်ဟာ ဘဏ္ဍာရေးကဏ္ဍမှာ တိုးတက်ဖို့ အခြေအနေတွေကို မဖန်တီးနိုင်တဲ့အပြင် မလိုအပ်ပဲနဲ့ အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်မှုသာ ဖြစ်လိမ့်မယ်ဆိုပြီး ဝေဖန်နေဆဲ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG