သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ စီးပွားရေးဖွံ့ဖြိုးဖို့ အမေရိကန် ကုမ္ပဏီတွေ ကူညီမည်


မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
Charles Rivkin ။
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ။

မြန်မာနိုင်ငံမှာ အရင်က လက်တဆုပ်စာ လူတန်းစားက လက်ဝါးကြီးအုပ်ခဲ့တဲ့ အခွင့်အလမ်းနဲ့ သာယာဝပြောမှုတွေကို ထူးချွန်ထက်မြက်တဲ့ ကိုယ်ပိုင် အရည်အချင်းရှိတဲ့ မျိုးဆက်သစ် လူငယ်တွေကို လွှဲပြောင်းပေးဖို့ Caterpillar လို အမေရိကန် ကုမ္ပဏီကြီးတွေက လေ့ကျင့်ပျိုးထောင်ပေးနေပါပြီလို့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ Caterpillar ၊ Coca Cola စတဲ့ အမေရိကန် ကုမ္မဏီကြီးတွေက မြန်မာနိုင်ငံံမှာ ၂၀၁၂ ခုနှစ် တနှစ်တည်းမှာဘဲ ဒေါ်လာသန်း ၁၀၀၀ ဖိုး ရင်းနှီးမြှုပ်နှံခဲ့ကြတယ်လို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ ရှိတဲ့ Caterpillar ရဲ့ တဦးတည်း ကိုယ်စားလှယ်ရွှေမြန်မာ ထွန်စက်ကုမ္ပဏီ အလုပ်သင်တန်းကျောင်းကို လေ့လာရင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးက အခုလိုပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ရန်ကုန် ဗွီအိုအေ ရုံးခွဲကနေ ဒေါ်ခင်စိုးဝင်းက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ စီးပွားရေးနဲ့စီးပွားရေးလုပ်ငန်းများ ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ မြန်မာမျိုးဆက်သစ် လူငယ်တွေ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အမေရိကန်က ကူညီနေတဲ့အထဲမှာ ကမ္ဘာကျော် စက်ယန္တယားကြီးများ ထုတ်လုပ်တဲ့ Caterpillanကုမ္ပဏီကို နမူနာအဖြစ် ဂုဏ်ယူစွာ ပြောဆိုလိုက်ပါတယ်။

“Caterpillar ဟာ မြန်မာနိုင်ငံ သာယာဝပြောရေးအတွက် အားပေး ကူညီနေတဲ့ အမေရိကန် ကုမ္ပဏီတွေ အများကြီးထဲက နမူနာတခုဘဲဖြစ်ပါတယ်။ Ford, General Electric, GAP, Coca Cola, pepsi cola စတဲ့ ကုမ္ပဏီကြီးတွေကလည်း ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၁၂ သန်းဖိုး မြန်မာ့စီးပွားရေးကို ပါဝင် အားဖြည့်ပေး ခဲ့ကြတာပါ။ မနေ့ကဘဲ အမေရိကန် ACO စွမ်းအင်ကုမ္မဏီက အမေရိကန် ဒေါ်လာ သန်း၄၈၀ ဖိုး ရင်းနှီးမြှုပ်နှံဖို့ ကြေညာလိုက်ပါတယ်။ အကျိုးရှိမယ့် လုပ်ငန်းတွေ အတွက် ၂၀၁၂ ခုနှစ်တနှစ်ထဲမှာ အမေရိကန်ဒေါ်လာ သန်း တထောင် နီးပါး ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ General Motors, Chevron, Conoco Philips ကုမ္ပဏီကြီးတွေကလည်း မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်ထွန်းရေး နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။”

Caterpillar ကုမ္ပဏီကြီးဟာ မြန်မာလူငယ်တွေ စွမ်းရည်မြင့်မားရေးအတွက် အလုပ်သင် အစီအစဉ်တွေကို လုပ်ငန်းခွင်ထဲမှာ လက်တွေ့ကျကျ ဆည်းပူးနိုင်အောင် လေ့ကျင့် သင်တန်းတွေ ပေးနေတာဖြစ်ပါတယ်။ ဒီအလုပ်သင် သင်တန်း ပြီးသွားတဲ့အခါမှာလည်း Caterpillar ကုမ္ပဏီမှာ အလုပ်ပြန်ဝင်စရာ မလိုပဲ တခြား အခွင့်အလမ်းကောင်းတဲ့ လုပ်ငန်းတွေမှာ လွတ်လပ်စွာ သွားပြီး အလုပ်လုပ်နိုင်ကြတာဖြစ်လို့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း လက်ထောက်ဝန်ကြီး Rivkin က ထောက်ပြပါတယ်။

“မြန်မာလူငယ်တွေ စွမ်းရည်မြင့်မားဖို့အတွက် ကိုယ်တိုင်ရော၊ အမေရိကန်ပြည်ထောင်စု နဲ့ Caterpillar company တို့က တာဝန်ကိုယ်စီ ယူနေကြ ပါပြီ။ ဒီလို တာဝန်ယူတာမျိုးကို ကျနော်တို့က အထူး အလေးထား ဆောင် ရွက်နေတာပါ။ အမေရိကန်ကော်ပိုရေးရှင်းကြီးတွေဟာ လူမှုရေး တာဝန်သိမှုမှာ အလွန် ထက်မြက်ကြပါတယ်။ ဒါတင်မကပါဘူး ဒီမြန်မာနိုင်ငံမှာဆိုရင် အခုလို လေ့ကျင့်သင်တန်းတွေပေးတာ။ ပညာ သင်ပေးတာတွေကို ဂုဏ်ယူစွာနဲ့ ပံ့ပိုးပေးပါပြီ။ ဒီနိုင်ငံမှာ နှစ် အတော်ကြာအောင် လက်တဆုတ်စာလူတစုရဲ့ လက်ထဲမှာဘဲ အခွင့်အလန်းတွေနဲ့ သာယာဝပြောမှုကို လက်ဝါးကြီး အုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ ထက်မြက်တဲ့ မျိုးဆက်သစ် လူငယ်တွေ တွေ့နေ ရပါပြီ။ သူတို့တတွေ ပညာရေးအခွင့်အလမ်းတွေကို ဒီလို သင်တန်းတွေကနေ အခွင့်ကောင်းယူပြီး လေ့လာဆည်းပူးနိုင်ကြပါပြီ။”

အမေရိကန် Caterpillar ကုမ္ပဏီကြီးရဲ့ မြန်မာပြည်ဆိုင်ရာ တဦးတည်း ကိုယ်စားလှယ် မြန်ရွှေပြည် Tractors Ltd ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ တာဝန်သိရင်းနှီးမြုပ်နှံမှု အကောင်အထည်ဖော်ရတဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

"အမေရိကန်ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ရတယ် ဆိုတဲ့ ဥစ္စာက အထူးသဖြင့် Caterpillar အနေနဲ့ပေါ့နော် ကျနော်တို့ရဲ့ Corporate Value ပေါ့ ကျနော်တို့ရဲ့ ယုံကြည်တဲ့ဥစ္စာ၊ နောက်တခါ တာဝန်သိတတ်တဲ့ ဥစ္စာပေါ့။ ကျနော်ပြောသလို deep sense of responsibility ပေါ့ အလုပ်ဆိုတာ စီးပွားရေးအရ မြတ်အောင် လုပ်လို့ရတယ် ခင်ဗျ။ ဒါပေမဲ့လို့ ကိုယ်မြတ်တယ်ဆိုပြီး လုပ်ချင်တိုင်း လုပ်သွားလို့မရဘူးလေ။ ကျနော်တို့ ပြည်သူတွေကို ဘယ်လိုပြန်ပေးနိုင်ရမလဲ၊ ကိုယ်လုပ်တဲ့ အလုပ်ကလည်း ကိုယ်ရဲ့ပစ္စည်းတွေကလည်း ထိထိရောက်ရောက် ပေးနိုင်ရမယ်။ ဒါကြောင့်မို့လို့ ကျနော် အမြဲတမ်းပြောပါတယ်။ ကျနော်တို့က ပစ္စည်းတွေကို ရောင်းနေတာမဟုတ်ဘူးခင်ဗျ။ ကျနော်တို့က အဖြေကို ရှာပေးနေတာ ကျနော်တို့က Solution Provider ပေါ့။ အဲ့တော့ အဲ့လိုမျိုး ခံယူပြီးလုပ်တဲ့အတွက် တခါတလေကျရင် အခက်အခဲတွေ ရှိပါတယ်။ ဒီလိုမျိုး အခက်အခဲကလည်း နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကျနော်တို့နိုင်ငံက အပြောင်းအလဲတွေ သွားနေတဲ့အတွက် အခက်အခဲက ပိုများတာပေါ့လေ။”

နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ လက်ထောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Charles Rivkin ဟာ အာဆီယံ စီးပွားရေးကောင်စီနဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က တာဝန်ရှိသူတွေနဲ့ရော အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန်ရဲ့စီးပွားရေးမူဝါဒဟာ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်ဆိုတဲ့နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီရဲ့ အတွေးအခေါ် ကို ထပ်လောင်းပြောဆိုရင်း ကျင့်ဝတ်သိက္ခာနဲ့ ညီတဲ့ တာဝန်သိ ရင်းနှီးမြုပ်နှံမှု အကောင်အထည်ဖော်ရင်း လာမယ့် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ လက်ထေက်နိုင်ငံခြားရေးဝန်ကြီး Rivkin က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲကို ကျနော်တို့ အနီးကပ်စောင့်ကြည့်နေ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဒီကိုလာတုံးကပြောခဲ့သလိုပါပဲ။ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနဲ့ စနစ်တကျကျင်းပလိမ့်မယ်လို့ ကျနော်တို့မျှော်လင့်နေပါတယ်။ တကယ့်ကို ယုံကြည် ကိုးစားထိုက်တဲ့ ရွေးကောက်ပွဲ အထမြောက်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါဟာအမေရိကန်ပြည်ထောင်စုက အလေးအနက်ထားတဲ့ ဒီမိုကရေစီတန်ဖိုးလည်းဖြစ်ပါတယ်။”

သမ္မတ အိုဘားမား အစိုးရက အာရှနဲ့ပစိဖိတ်ဒေသတခွင် အနီးကပ်ဆက်ဆံရာမှာ တိုးတက်ကောင်းမွန်စေဖို့ အာရှဒေသတဝှမ်း အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု ချိန်ခွင်ညှာပြန်လည် ညှိနိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံမှု နဲ့ စီးပွားရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်ဖို့ ကြိုးပမ်းတဲ့ ခရီးစဉ်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများ ရေးရာ ဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပြထားပါတယ်။

XS
SM
MD
LG