သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း ရေဘေး အကူအညီလိုအပ်


ဧရာဝတီတိုင်း ဟင်္သာတ ရေလွှမ်းမိုးနေပုံ-သတင်းဓာတ်ပုံ ဦးအောင်သူရိန်(Deputy Director at Ministry of Social Welfare, Relief and Resettlement)
ဧရာဝတီတိုင်း ဟင်္သာတ ရေလွှမ်းမိုးနေပုံ-သတင်းဓာတ်ပုံ ဦးအောင်သူရိန်(Deputy Director at Ministry of Social Welfare, Relief and Resettlement)

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်ပြီး စိုးရိမ်ရေမှတ်အထက် ရောက်နေတာကြောင့် အသုတ်၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ ရေကြီးပြီး အနိမ့်ပိုင်း လူနေအိမ်တွေ ရေမြုပ်နေသလို၊ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ဖက်မှာတော့ ဥတို-အဖျောက်ကားလမ်း ရေမြုပ်နေပြီး တံတားတစင်း ကျိုးသွားတာကြောင့် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။ အခြေအနေ အသေးစိတ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဧရာဝတီမြစ်အောက်ပိုင်းဒေသတတောက်လုံး ရေကြီးခဲ့တာမှာ ဧရာဝတီတိုင်း ဇလွန်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ရေအနည်းငယ်ပြန်ကျသွားပြီ ဆိုပေမယ့် အဲဒီမြို့တွေရဲ့မြစ်အောက်ပိုင်းကျတဲ့ အသုတ်၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်တွေ မှာ ရေကြီးပြီး နေအိမ်တချို့ရေမြုပ်နေတာပါ။

အသုတ်မြို့နယ်က ကားလမ်းမတွေမှာ အနည်းဆုံး(၄)ပေလောက်ရေမြုပ်နေပြီး မြု့ိပတ်ဝန်းကျင်တဝိုက် ရွာတွေမှာနေအိမ်တွေရေမြုပ်နေပြီလို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အသုတ်မြို့ခံ ကိုတူးဘောက်က ပြောပါတယ်။

" ကျနော်တို့အိမ်ဆိုရင် အသုတ်ရဲ့ မြို့လည်ခေါင်တည့်တည့် အခုဆိုရင် အိမ်အထဲထိ ဝင်သွားပြီ တခါမှ အိမ်ထဲအထိ မရောက်ဖူးဘူး။ ကားလမ်းမကြီးပေါ်မှာဆိုရင် ၄ပေကျော်လောက်အထိဖြစ်သွားပြီ။ အိမ်တွေဆို ခေါင်တွေပဲရှိတော့တယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ ၄၊ ၅၊ ၆ ခုလောက်ဖြစ်သွားပြီ။ ကျနော်တို့ အသုတ်အပိုင်ဆိုရင် ရွာတွေကတော့ ခေါင်မြုပ်တဲ့သူက မြုပ်၊ ဒါပေမဲ့ ဓနုဖြူ ဇလွန်မှာ ဆိုးတယ် ဒါပေမဲ့ ဇလွန်က အခုတော့ ပြန်ကျသွားပြီ။ သူတို့က ကျတော့ ကျနော်တို့ အသုတ်က ရေပြန်တက်နေတယ်။ ကျကို မကျတာ။"

အသုတ်မြို့ခံတွေက တပိုင်တနိုင် ကူညီကယ်ဆယ်ရေးလုပ်နေပေမယ့် မနှစ်တုန်းကလို ကူညီကယ်ဆယ်ရေးတွေ ရောက်မလာဘူးလို့ ကိုတူးဘောက်က ပြောပါတယ်။

" ကိုယ့်ရပ်ကွက်တွေ ရပ်ကွက်တွေမှာ ကယ်ဆယ်ရေးစခန်းတွေရှိတယ်။ ကျန်းမာရေးက လူတွေ လာပြီး နေပေးတယ်။ သူနာပြု၊ နပ်စ်မတွေ သားဖွားတွေ နပ်စ်မတွေ နေပေးတယ်။ ကျနော်တို့ ကူညီကယ်ဆယ်ရေးသမားတွေက ထမင်းထုပ်ချိန်ဆို ထမင်းထုပ် လိုက်ဝေတယ်။ ဆန်တွေ လိုက်ဝေတယ်။ မီးဘာညာ မရှိတော့ ဆန်တို့ ပေါင်မုန့်တို့ အသင့်စားနိုင်တဲ့ဟာတွေပေါ့ လောလောဆယ်တော့ အဝတ်အစားမလာဘူး။ မနှစ်ကလောက်တော့ ကူညီကယ်ဆယ်ရေး မ လာတော့ဘူး။ မနှစ်ကဆို ကားတွေတောင် ကျပ်တောက်ပြီး လာတာ။ ဒီနှစ်က ကူညီကယ်ဆယ်ရေး လုံးဝ မရှိဘူး။ "

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာတော့ ဥတို-အဖျောက်ကားလမ်း ရေမြုပ်ပြီး တံတာတစင်း ကျိုးသွားလို့ လမ်းပမ်းဆက်သွယ်ရေး ပြတ် တောက်နေတယ်လို့ ကူညီကယ်ဆယ်ရေး သွားဖို့ပြင်နေတဲ့ မမိုးသူဇာကပြောပါတယ်။

" အဖျောက်ကိုသွားနိုင်တာကတော့ အဲ့ကားလမ်းတခုပဲ ရှိတာ။ အခုပြတ်ကျသွားတဲ့ တံတားက ပန်းတောရွာနားမှာပေါ့နော် ပြတ်ကျသွားတာ၊ တံတားပြတ်ပါ သွားတဲ့အတွက်ကို အခုက အဖျောက်ကို လုံးဝ သွားလို့မရတော့ဘူး။ လမ်းတွေက အဖျောက်ကနေ ဒီဘက်ကိုလည်း လာလို့မရတော့ဘူး။ ကုန်းလမ်း ဆက်သွယ်ရေးအနေနဲ့ လုံးဝ ပြတ်သွားပြီ။ စက်လှေနဲ့ပဲ သွားလို့ရတော့တယ်။"

အဖျောက်မြို့နယ်တခုထဲမှာတင် ရေဘေးဒုက္ခသည် ၃သောင်းကျော်ရှိနေပြီး ကယ်ဆယ်ရေးစခန်း ၈ခုဖွင့်ထားပေမယ့် အကူအညီတွေ အလုံ အလောက် မရသေးဘူးလို့ မမိုးသူဇာကပြောပါတယ်။

" အဖျောက်အနီးနားပတ်ဝန်းကျင်မှာ ချောင်းကြီး၊ ပိတုံးပိတ်တို့ သာရဝေါတို့ရွာတွေ ရှိတယ်။ ဒါတွေလည်း ရွာကြီးတွေပဲပေါ့။ ရွာတွေ အကုန်လုံး က ရေတွေမြုပ်နေပြီ။ မြုပ်နေသမျှ ရေဘေးဒုက္ခသည်တွေ အားလုံး အဖျောက်မှာရှိတဲ့ တန်ဆောင်းတို့ ဘုန်းကြီးကျောင်းတို့မှာ ဘယ်လိုပြောမလဲ ဒုက္ခသည်စခန်းတွေ ၈ခုဖွင့်ထားတယ်ပေါ့နော်။ အခုကယ်ဆယ်ရေးစခန်းကိုရောက်တာက တစ်ထောင့်ရှစ်ရာ ဆယ့်တစ်ယောက်ရောက်တယ်။ ဒါပေမဲ့ တကယ့်ဟိုမှာ ရေဘေး ဒုက္ခသည်က သုံးသောင်းကျော်ရှိနေတယ်။ ၈ခုဖွင့်ထားတဲ့နေရာမှာ ထားထားတယ်။ ဒါပေမဲ့ သူတို့ကို ကယ်ဆယ်ရေးအနေနဲ့ စားနပ်ရိက္ခာပို့ဖို့တို့ ဘာတို့ပေါ့နော်။ အသွားအလာက အခက်အခဲတွေရှိနေတယ်။ စိုးရိမ်နေတာကတော့ အဓိက စားရေးသောက်ရေးထက်ဆေးဝါးက အဓိက လိုအပ်တယ်။"

နောက်(၂)ရက်အတွက် မိုးလေဝသခန့်မှန်းချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုများပြီး ။ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက် ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ကာ လှိုင်းကြီးနိုင်ပါတယ်။

ဧရာဝတီတိုင်း ရေဘေး အကူအညီလိုအပ်
please wait

No media source currently available

0:00 0:03:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG