သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ရေရှားပါးမှု အခက်အခဲ


ချင်းပြည်နယ် ဒေသခံများ။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)
ချင်းပြည်နယ် ဒေသခံများ။ ဓါတ်ပုံ - (AP Photo/Gemunu Amarasinghe)

ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် ချင်းပြည်နယ် အတွင်းမှာ ရေရှားပါးမှုပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထူး သဖြင့် တောင်ပေါ်ကျေးရွာဖြစ်တဲ့ တွန်းဇံမြို့နယ်ထဲက ရွာပေါင်း(၁၇)ရွာ ရှိတဲ့ ဆာဘောက်ကျေးရွာအုပ်စုမှာ ရေရှားပါးမှုူ ဒဏ်အပြင် မသန့်ရှင်းတဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါဒဏ်ကိုခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိအချိန် အထိတော့ ဒေသခံအာဏာပိုင်တွေအပါအဝင် ဘယ် အဖွဲ့အစည်းမှအကူညီမရရှိသေးတဲ့အခြေအနေကိုတော့ ဗီွံအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းတွန်းဇန်မြို့နယ် ရွာပေါင်း(၁၇)ရွာရှိတဲ့ ဆဲဘောက် ကျေးရွာအုပ်စုမှာ သောက်သုံးရေပြတ်လပ်မှု ပြဿနာ နဲ့ကြုံတွေ့နေရပြီး အကူအညီ မဲ့နေတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

“ဆဲဘောက်ကျေးရွာမှာ ရေအခက်အခဲ ရှိတယ်။ အဲဒီမှာ ရေမရနိုင်ဘူး။ သွယ်မယ့်နေရာကလဲ အဝေးကြီး။ ရေသွယ်နိုင်အောင် ဘယ်သူမှလဲ မလုပ်ပေးဘူး။ စောင့်ကြည့်နေလို့လဲ မဖြစ်ဘူး။”

လက်ရှိအိမ်ခြေ ၆၀၀ကျော် လူဦးရေ ၃၀၀၀ကျော်ရှိတဲ့ ဆဲဘောက်ကျေးရွာမှာ မသန့်ရှင်းတဲ့သောက်သုံးရေတွေကို သုံးစွဲနေရတဲ့အတွက် ဒေသခံတချို့မှာ ရောဂါဝေဒနာတွေကူးစက်ခံနေရတယ်လို့ လူမှုအကူညီ ပေးရေးအဖွဲ့တခု ဖြစ်တဲ့ဇီုမီးဒေသဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း ဥက္ကဌ ဒေါက်တာပေါ့ပါက အခုလိုပြောပါတယ်။

ဆဲဘောက် ကျေးရွာအုပ်စုဟာ စစ်ကိုင်းတိုင်းကလေးမြို့နယ်နဲ့ ချင်းပြည်နယ်တွန်းဇံမြို့နယ် စပ်ကြားမှာရှိနေတာဖြစ်ပြီး မနှစ်က သဘာ၀ ရေဘေးဒဏ်ကိုခံခဲ့ရတဲ့ကျေးရွာတွေလဲဖြစ်ပါတယ်။

ဒေသတွင်း ရေရှားပါးမှုပြဿနာကို လက်ရှိချင်းပြည်နယ်အစိုးရကိုတင်ပြထားပေမဲ့ အကူညီမရသေးဘူးလို့ ဒေါက်တာ ပေါ့ပါက အခုလိုပြောပါတယ်။

“ တခါတော့ ချင်းပြည်နယ် လူမှု ဝန်ကြီးကတော့ သွားတယ်။ ဒါပေမယ့် ဒီလိုပဲ မင်းတို့ ရွာကို ကိုယ့်ဟာနဲ့ကိုယ် တည်ထောင်တဲ့အတွက် ရွာနာမည်လေးတွေ သတ်မှတ်ပြီး နေပါ။ ငါတို့လည်း ကြိုးစားပေးမယ်။ အဲဒီလောက်ပဲ မှာထားတယ်။ ”

ဇီုမီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်းအနေနဲ့ ဒေသတွင်းသောက်သုံးရေရှိဖို့ ရန်ပုံငွေရှာဖွေပြီး အကူညီပေးသွား မယ်လို့ ဒေါက်တာပေါ့ပါက ပြောပါတယ်။

ချင်းပြည်နယ်မှာ နှစ်တိုင်းလိုလိုရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရပေမဲ့ ဒီနှစ်မှာတော့ ပူပြင်းတဲ့နွေရာသီဒဏ်ကြောင့် ယခင်နှစ်တွေထက်ဆိုးရွားစွာခံနေရပါတယ်။

ချင်းပြည်နယ်အတွင်း မြို့နယ်တိုင်းလိုလို တောင်ပေါ်ကျေးရွာတွေမှာရေအခက်ခဲနဲ့ကြုံတွေ့နေရပြီး ရေပြဿနာ ဖြေရှင်းဖို့ဟာ ချင်းပြည်နယ် အစိုးရသစ်အတွက် စိမ်ခေါ်မှုတခုလို ဖြစ်နေတယ်လို့ လူမှုရေးဝန်ကြီး ဦးပေါင်လွန် မင်းထန်က အခုလိုပြောပါတယ်။

“ရေကတော့ နည်းနည်းတော့ ရှားလာပြီပေါ့လေ။ တောင်ပေါ်မြို့တွေ တောင်ပေါ် ရွာတွေ နည်းနည်းတော့ အခက်အခဲရှိတယ်။ ကျေးလက်ကနေ ပိုက်တွေ သွယ်ပြီး၊ သွင်းဖို့တွေ ဘာတွေ လုပ်နေတယ်။ တချို့ ရေထွက်နည်းတဲ့ နေရာကျတော့ တော်တော်ကို အရမ်း အခက်အခဲရှိပါတယ်။ ပိုဆိုးသွားတာက တချို့ နေရာတွေမှာ ရေခမ်းသွားတာတွေ ဘာတွေ ဖြစ်လာနေတယ်။ လက်ရှိ အစိုးရ အနေနဲ့လည်း အများကြီး စိန်ခေါ်မှု ဖြစ်နေတယ်။ ဒီဟာကို ဘယ်လို ရင်ဆိုင်ကြမလဲ။ သဘောက ရေရှိတယ် ဘယ်လောက်ပဲ ဝေးဝေးဆိုရင် တမျိုး။ တချို့ကျတော့ သွယ်မယ့်နေရာတောင် အခက်အခဲ ရှိနေတယ်။ သွယ်မယ့် နေရာက အရမ်းဝေးတယ်။ ပိုက်ကြီးတိုင်းလည်း ရေမရဘူး ဖြစ်နေတယ်။ ”

မြန်မာနိုင်ငံမှာအယ်နီညိုရာသီဥတုကြောင့် မုတ်သုံအဝင်နောက်ကျပြီး ဇွန်လလောက်ထိ ပူပြင်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရဲ့ မတ်အကုန်ထိ စာရင်း ကောက်ယူချက်များအရ နေပြည်တော် ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၁၇၆ မြို့နယ်၊ ကျေးရွာပေါင်း ၁၇၀၀ ကျော်တွေမှာ ရေရှားပါးပြတ်လပ် နိုင်ခြေရှိကြောင်း ခန့်မှန်းထားပါတယ်။

ဒီနှစ်နွေရာသီမကုန်ခင် အစိုးရသစ်လက်ထက်မှာ ရက် ၁၀၀အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရေတွင်းတူးဖော် တာတွေ၊ ရေတွင်းရေကန်တွေ မွမ်းမံ တာတွေ၊ ရေပေးဝေမှုစနစ် ပြုပြင်တာတွေကို အရှိန်အဟုန်မြှင့်ပြီး စီမံချက်နဲ့ လုပ်ကိုင်သွားဖို့ စီစဉ်ထားပြီး နိုင်ငံတော်ထောက်ပံ့ငွေ သန်း ၁၀၀ ကျော်ကို အသုံးပြုပြီး ရေဖြန့်ဝေသွားမယ်လို့ ကျေး လက်ဒေသ ဖွံ့ဖြိုးရေး ဦးစီဌာနကနေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG