သုံးရလွယ်ကူစေသည့် Link များ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံဟာ မတူကွဲပြားမှုတွေ သူတွေအကြား အပြန်အလှန် နားလည်သည်းခံမှုနဲ့ ထူထောင်လာခဲ့တဲ့ နိုင်ငံဖြစ်ပေ့မယ့် ပြည်ပက ကူးစက်ဝင်ရောက်လာတဲ့ အယူအဆတွေကြောင့် စိတ်ဝမ်းကွဲပြားပြီး ပဋိပက္ခတွေ ဖြစ်လာရတယ်လို့ အမေရိကန်ပြည်ထောင်စု Rutgers University က ဂုဏ်ထူးဆောင်ပါမောက္ခ မြန်မာ့အရေးကျွမ်းကျင်သူ Joseph Silverstein (ဆီးလ်ဗား ဆတိုင်း) က သုံးသပ်ပါတယ်။ ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်သမိုင်းကိုပြန်ကြည့်ပြီး သင်ခန်းစာယူသင့်တယ်လို့လည်း ဆိုပါတယ်။ ပါမောက္ခ Silverstein နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကြီး Silverstein ခင်များ … မြန်မာနိုင်ငံရဲ့  အမျိုးသားရေးစိတ်ဓါတ်မှာ ဗုဒ္ဓဘာသာဟာ ဘယ်လောက်အရေးပါသလဲ။ ဆိုလိုတာက မြန်မာ့အမျိုးသားစိတ်ဓါတ်သည် ဘာသာရေးနဲ့ ကင်းလွတ်သော အမျိုးသားရေးစိတ်ဓါတ်လား။ သို့တည်းမဟုတ် ဗုဒ္ဓဘာသာနဲ့ ဆက်စပ်မှု ရှိနေပါလား။ ဆရာကြီး ဘယ်လိုသဘောရပါသလဲ။

Prof. Silverstien ။ ။ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေး ဆက်စပ်နေပါသလား။ တခုနဲ့တခု ဆက်စပ်နေပါတယ်။ အတူတူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတယောက်ဟာ အမျိုးသားရေးဝါဒီကော၊ ဗုဒ္ဓဘာသာဝင်ကော အတူတူဖြစ်နိုင်ပါတယ်။ တခုနဲ့တခုဟာ ဖီလာဆန့်ကျင် မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာ့အမျိုးသားရေးစိတ်ဓါတ်ဟာ Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနဲ့ ကင်းလွတ်သော အမျိုးသားရေးဝါဒ မဟုတ်ဘူးပေါ့။

Prof. Silverstien ။ ။ ဗုဒ္ဓဘာသာဟာ ဘဝနေရေးအတွက် သိပ်အရေးပါတဲ့ နည်းလမ်းတရပ် ဖြစ်ပါတယ်။ ဒါဟာ အတွေးအခေါ် ယုံကြည်မှုတရပ်သာမကပါဘူး။ လူတွေဟာ တဦးနဲ့တဦး ဘယ်လိုဆက်ဆံနေထိုင်ရမယ်ဆိုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘဝလမ်းညွှန်ပါ။ ဒီအတိုင်း လိုက်နာမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်နိုင်တဲ့၊ တယောက်နဲ့တယောက် ပဋိပက္ခမဖြစ်ဘဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဘက်ကိုတဘက် လေးစားကြရမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက ဘာသာခြားတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့အတူတူ ယှဉ်တွဲနေထိုင်နိုင်တဲ့ လမ်းစဉ်ဆိုတဲ့သဘောပေါ့။

Prof. Silverstien ။ ။ လုံးဝမှန်ကန်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့  တစိတ်တဒေသလည်း ဖြစ်ပါတယ်။ ဒီကနေ့ ပြဿနာတခုကတော့ လူတွေဟာ သမိုင်းကို ပြန်မဖတ်ကြတော့တာပဲ ဖြစ်ပါတယ်။ လူတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ပြီး စတင်အခြေချ နေထိုင်ခဲ့ကြတာ အဲဒီအထဲမှာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ လူမှု့အသိုင်းအဝိုင်းတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ သူတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြပါတယ်။ တမျိုးနဲ့တမျိုး ဝင်ရောက်စွက်ဖက်တာလည်း မရှိခဲ့ကြပါဘူး။ ဘာသာအယူဝါဒ မတူတဲ့သူတွေကို အတင်းဘာသာပြောင်းစေဖို့ ကြိုးပမ်းခဲ့တာလည်း မရှိခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုရင် ဒီကနေ့ ဖြစ်လာတဲ့ ပဋိပက္ခတွေရဲ့  အကြမ်းဖက်မှုတွေကြတော့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေ ဖြစ်နေတယ်ပေါ့။

Prof. Silverstien ။ ။ အကြမ်းဖက်မှုတွေကလည်း ရေရှည်ဖြစ်ထွန်းလာခဲ့တဲ့ ကိစ္စတရပ်ပါပဲ။ တနည်းပြောရရင် အခုနောက်ဆုံး ရာစုနှစ်မှာပါ။ ဒါကိုလည်း နိုင်ငံတော် ဖြစ်ထွန်းလာမှုနဲ့ ယှဉ်ပြီးတော့ ရှုမြင်ကြရမှာပါ။ သမိုင်းကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် ဗမာတွေ မြန်မာအလယ်ပိုင်းတခွင်ကို အုပ်စိုးထားခဲ့စဉ်က ဒေသတနံတလျားက လူမျိုးစုတွေ၊ ဘာသာရေး အသိုင်းအဝိုင်းတွေ၊ လူမှုဝန်းကျင်တွေကို သူတို့ဟာသူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားခဲ့ပါတယ်။ နိုင်ငံတော်က ချမှတ်ထားခဲ့တဲ့ ဘောင်အတွင်း နေထိုင်သမျှကာလပတ်လုံး ဒီလိုပဲ ခွင့်ပြုထားခဲ့တာပါ။ ဒါဟာ (၂၀) ရာစု အစပိုင်းမှာ တစုနဲ့တစု သဘောထားမတူညီမှုတွေ ဖြစ်လာပြီး၊ စတင်ယိုင်းနဲ့လာခဲ့ပါတယ်။ တကယ်တော့ အိမ်နီးချင်းတွေအချင်းချင်း ရန်ဖြစ်တာ၊ စစ်တိုက်တာဟာ ဗုဒ္ဓဘာသာ အစဉ်အလာ မဟုတ်ပါဘူး။ အိမ်နီးချင်းတွေကြား ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တဲ့ အစဉ်အလာတွေသာ ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘာသာတရား နှစ်ခုစလုံးဟာ ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်တဲ့ အစဉ်အလာ ရှိတယ်ဆိုတော့ အခုပြဿနာတွေ ဖြစ်လာတာကြကော။ အဲဒီတုန်းက ကောင်းတဲ့အစဉ်အလာတွေ ဆိတ်သုဉ်းသွားခဲ့ပြီလား။ သို့တည်းမဟုတ် အခုအခါမှ တဘက်ကိုတဘက် လွှမ်းမိုးချင်တဲ့ စိတ်တွေများ ပိုမိုပေါ်လွှင်လာလို့လား။ ဘယ်လိုပြောမလဲ။

Prof. Silverstien ။ ။ အခုအခါ ကျနော်တို့ တွေ့ကြုံလာရတဲ့ ပြဿနာတွေ၊ တိုက်ခိုက်မှုတွေ၊ သဘောကွဲလွဲမှုတွေဟာ အဓိကအားဖြင့် ဗမာတွေအနေနဲ့ သြဇာအာဏာကို လူထုအသိုင်းအဝိုင်းတခုလုံးအတွက် မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွယ်ရာမှတဆင့် ပေါက်ဖွားလာတာပါ။ သမိုင်းမှာလည်း အုပ်စိုးသူဘုရင် မရှိတဲ့အခါ၊ ဒါမှမဟုတ် အုပ်စိုးတဲ့ဘုရင် အင်အားပျော့ညံ့တဲ့အခါမှာ လူတွေဟာ အုပ်စုလိုက် တခြားအုပ်စုတွေ လာရောက်တိုက်ခိုက်မှာစိုးလို့ ကာကွယ်ခုခံလာကြပါတယ်။ ဆိုတော့ ဒီကနေ့အခါမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ လူမှု့ဒုက္ခတွေဟာ ကောင်းမွန်တဲ့အုပ်စိုးမှု စနစ်တရပ်ကို မျိုးဆက်တခုကနေ မျိုးဆက်တခုကို နည်းလမ်းတကျ လွှဲပြောင်းချမှတ်ပေးနိုင်ခြင်း မရှိတဲ့ရလဒ်တွေလို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတရပ် ဖြစ်မလာဘဲ၊ တယောက်လည်းပင်ကို တယောက်ညစ်ဖို့ ကြိုးစားနေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေရတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီပဋိပက္ခတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲလာကြသူတွေရဲ့ အထဲက ပြောင်းလဲပေါ်ထွန်းလာတဲ့ သဘောပေါ့။ တနည်းပြောရရင် ငြိမ်းချမ်းရေးကတဆင့် ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေလို့ ဆိုရမှာပေါ့။

Prof. Silverstien ။ ။ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့လူမျိုးစုတွေအကြား ငြိမ်းချမ်းရေး မတည်တန့်နိုင်ဘူးဆိုတဲ့ အခြေအနေတွေ၊ အယူအဆတွေကတော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ စိန်ခေါ်မှု တစုံတရာမရှိဘဲ ငြိမ်းချမ်းရေး တည်တန့်ခဲ့တဲ့ကာလလည်း ရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ အရင်က မရှိခဲ့ဘဲ၊ အခုရှိလာခဲ့တာကြတော့ကော ဆရာကြီး။

Prof. Silverstien ။ ။ အခုတော့ အယူအဆသစ်တွေကို ပြင်ပက လူတွေကတဆင့် တင်သွင်းလာတာကို တွေ့မြင်နေရပါတယ်။ ပြင်ပက ဝင်ရောက်လာသူတွေဟာ သူတို့နဲ့အတူ စိတ်မချမ်းသာစရာတွေ၊ မုန်းတီးစိတ်တွေ၊ သဘောထား ကွဲလွဲမှုတွေကို သယ်ဆောင်လာပြီး၊ ပြည်တွင်းမှာ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်း လာသူတွေဆီ သွတ်သွင်းပေးနေကြတာကို တွေ့ရပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ငြိမ်းချမ်းမှု ပျက်ပြားစရာတွေ ဖြစ်လာရတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဖဆပလခေတ်တုန်းကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာတက်ခဲ့ရတယ်လို့ ဖတ်ရပါတယ်။ ဒါပေမဲ့ ဒီလို အကြမ်းဖက်မှုမျိုးတွေတော့ မဖြစ်ခဲ့ပါဘူး။

Prof. Silverstien ။ ။ ဒီအယူအဆမျိုးနဲ့ ပတ်သက်ပြီးတော့ ကျနော် စိုးရိမ်ပါတယ်။ နိုင်ငံတော်ဘာသာဆိုတဲ့ အယူအဆဟာ အတော်လေး နောက်ပိုင်းကျမှ ပေါ်ထွက်လာတဲ့ အယူအဆ ဖြစ်ပါတယ်။ အတိတ်ကာလ (၁၉) ရာစု (၁၈) ရာစုကို ပြန်ကြည့်မယ်ဆိုရင် ဘာသာကိုးကွယ်မှုမတူသူတွေဟာ နီးနီးကပ်ကပ် နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ခေါင်းဆောင်မှုနဲ့ သူတို့နည်းနဲ့ သူတို့နေထိုင်ခဲ့ကြတာပါ။ တယောက်အရေး တယောက် ဝင်စွက်ဖက်တာလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ခေတ်သစ်ရောက်လာတော့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေတချို့ က ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်ရမည်လို့ တောင်းဆိုလာကြပါတယ်။ တကယ်တော့ နိုင်ငံတော်ဘာသာဆိုတာ မရှိပါဘူး။ လူအများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ကြတော့ သူတို့ဟာ သူတို့ကျင့်ကြံလိုက်နာကြဖို့ပဲ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလိုဆိုတော့ ရှေ့ တုန်းက ဘာသာကွဲ၊ လူမျိုးကွဲ၊ ပြဿနာ မရှိဘဲ အတူယှဉ်တွဲ နေထိုင်လာကြတယ်။ အခုနောက်ပိုင်းကြတော့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာတယ်ဆိုတော့ မြန်မာနိုင်ငံသမိုင်းက ခေတ်သစ်ကြမှ တိုးတက်မလာဘဲ၊ နောက်ပြန်ဆုတ်နေတဲ့ သဘောပေါ့။

Prof. Silverstien ။ ။ ကျနော် အပြည့်အဝ သဘောတူပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေဟာ သူတို့အုပ်ချုပ်ရေးနဲ့ သူတို့ အတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင်ကို အကြီးအမှုးအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး အချင်းချင်း သဟဇာတရှိရှိ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင်ကလည်း သူတို့နည်းနဲ့သူတို့ နေခွင့်ပြုထားခဲ့ကြပါတယ်။ သူတို့ကိစ္စကို ဝင်မစွက်ခဲ့ကြပါဘူး။ ဒါကြောင့် မြန်မာ့သမိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပါတယ်။ လူမှု့စစ်ပွဲတွေ မရှိခဲ့ပါဘူး။ ပြည်ပတိုင်းပြည်တွေနဲ့တော့ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဥပမာ ထိုင်းနဲ့မြန်မာ စစ်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာလဲ ဘာသာကိုးကွယ်မှု ကွဲပြားခြားနားလို့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ရှေ့ ကိုမျှော်ပြီး ကြည့်မယ်ဆိုရင် ဒီလို သဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့စနစ်ကို ပြန်သွားဖို့အတွက်၊ အဲဒီစနစ်မျိုးကို ဖန်တီးဖို့အတွက် ဘာတွေကို ကျနော်တို့ ပြုပြင်ကြမလဲ။ စနစ်ကို ပြုပြင်ရမလား။ နိုင်ငံတော်ကို ပြောင်းလဲရမလား။ သို့တည်းမဟုတ် လူ့အဖွဲ့အစည်း၊ လူတွေရဲ့  စိတ်နေသဘောထား သဘာဝကို ပြောင်းလဲရမလား။

Prof. Silverstien ။ ။ ဒါကိုလည်း နောက်ပြန်လှည့်ကြည့်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူတွေကို ဦးဆောင်ပြီး ပင်လုံညီလာခံ လုပ်စဉ်တုန်းက လူမျိုးစုတွေ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်နေထိုင်ပိုင်ခွင့်ကို ပြောကြားခဲ့ပါတယ်။ မူစလင်တွေကိုလည်းကောင်း၊ တခြားအုပ်စုတွေကိုသော်လည်းကောင်း ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲဖို့ သူမလုပ်ခဲ့၊ မပြောခဲ့ပါဘူး။ ငြိမ်းချမ်းပြေပြစ်မှု ရှိနေသမျှ သူတို့ဘာသာသူတို့ နေကြဖို့သာ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကို လိုလားပါတယ်။ လူမျိုးစုတွေ တစုကိုတစု ဝင်မစွက်ဖက်ဘဲ ကိုယ်ဘာသာကိုယ် နေထိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဇစ်မြစ်ကို ပြန်မသွားကြတော့ပါဘူး။ နိုင်ငံတော်ဘာသာမျိုးတွေ လုပ်ချင်လာပါတယ်။ ကျန်လူမျိုးအပေါ် ကြီးစိုးချယ်လှယ်လာချင်ကြပါတယ်။ ဆိုတော့ ကျနော့်သဘောပြောရရင် သမိုင်းကို ပြန်ကြည့်ကြပါ။ လေ့လာကြပါ။ အဲဒီမှာ မြန်မာလူမျိုးတွေ၊ သဟဇာတရှိရှိ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။

သင့်အမြင်

မှတ်ချက်များပြပါ

XS
SM
MD
LG