သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ မူးယစ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေ


US နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါးထိန်းချုပ်ရေးနဲ့ တရားဥပဒေထိန်းကျောင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Brownfield (ယာ)၊ ၂၀၁၃၊ စက်တင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ၊ ဗွီအိုအေ (မြန်မာပိုင်း)
US နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါးထိန်းချုပ်ရေးနဲ့ တရားဥပဒေထိန်းကျောင်းရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Brownfield (ယာ)၊ ၂၀၁၃၊ စက်တင်ဘာ ၆ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ၊ ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ပြန်ပြီး ပူးပေါင်း ဆောင်ရွက်သွားတော့မှာဖြစ်ပြီး မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေအတွက်လည်း အမေရိကန်ပြည်ထောင်စုက သင်တန်းပို့ ချပေးမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။ သုံးရက်ကြာ ခရီးစဉ် တစ်ခုနဲ့ မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနဲ့ တရားဥပဒေ ထိန်းကျောင်း ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး William Brownfield က အဲဒီလို ပြောလိုက်တာပါ။ ခရီးစဉ်အဆုံးမသတ်ခင် လက်ထောက်ဝန်ကြီး Brownfield ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုဇော်ဝင်းလှိုင် က သတင်းပေးပို့ထားပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်ကြမယ့် အစီအစဉ်တွေကို ဝန်ကြီးအဆင့်ရှိသူတွေနဲ့ နေပြည်တော်မှာ ဆွေးနွေးဖြစ်ခဲ့သလို မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေအတွက် အမေရိကန်ပြည်ထောင်စုက သင်တန်းပို့ချပေးမယ့် အစီအစဉ်တွေကိုလည်း မြန်မာနိုင်ငံရဲချုပ်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ လက်ထောက်ဝန်ကြီး William Brownfield က ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းထောက်တွေကို ဖိတ်ကြားပြီး ပြောခဲ့တာပါ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေကို စတင်နေပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

"ပထမဆုံး ကျနော် ပြောချင်တာကတော့ အခုနှစ်အတွင်း နှစ်နိုင်ငံအကြားမှာ အကန့်အသတ်နဲ့ လုပ်ငန်းတွေကို စတင်နေပြီ ဖြစ်ပါတယ်။ အခုနှစ် အစပိုင်းတုန်းက အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာအစိုးရအကြား ဘိန်းစိုက်ပျိုးမှုနဲ့ဆိုင်တဲ့ လေ့လာရေး အစီအစဉ်တခုကို စတင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအစဉ်ဟာ မြန်မာအစိုးရအတွက်ရော အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ဘိန်းစိုက်ပျိုးမှု ဘယ်လောက်ရှိတယ်၊ ဘိန်းထုတ်လုပ်မှုဘယ်လောက်ရှိတယ်၊ ဘယ်နေရာက အဓိက ထုတ်လုပ်နေတယ်ဆိုတာကို အကြမ်းဖျဉ်း သိနိုင်ဖို့အတွက် ၁၀ နှစ်အတွင်း ပထမဆုံးကြိမ် ပြုလုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ခက်ခဲပြီး ရှုပ်ထွေးတဲ့ အစီအစဉ်တရပ် ဖြစ်ပါတယ်။"

ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးလုပ်ဆောင်တဲ့နေရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုလိုအပ်တာကိုလည်း လက်ထောက်ဝန်ကြီး Bownfield က ထောက်ပြ ပြောဆိုသွားပါတယ်။

"လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း ကျနော်တို့ ရရှိလိုက်တဲ့ သင်ခန်းစာကတော့ တိုင်းပြည်တခုတည်း ဒေသတခုတည်းကို အာရုံစိုက် လုပ်ဆောင်လို့ မရနိုင်သလို အကြောင်းအရာတခုတည်းကိုလည်း အာရုံစိုက်ပြီး လုပ်ဆောင်လို့ မရနိုင်ပါဘူး။ မူးယစ်ဆေဝါးမှောင်ခို ကူးသန်းမှုကို တိုက်ဖျက်တဲ့နေရာမှာ အတတ်နိုင်ဆုံး အများစုနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သလို တိုင်းပြည်တခုချင်းစီကလည်း ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

မြန်မာအစိုးရနဲ့ အမေရိကန်တို့ အသစ်တဖန် ပြန်လည် လုပ်ဆောင်ကြမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာတော့ အတိတ်သင်္ခန်းစာတွေကို နမူနာယူပြီး အစီအစဉ်သစ်တွေကို ချမှတ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လက်ထောက်ဝန်ကြီး Brownfield က ပြောပါတယ်။

အဓိကအားဖြင့် ဘယ်လုပ်ငန်းတွေကို လုပ်ဆောင်မယ် ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်နဲ့ မြန်မာအစိုးရ နှစ်ဖက်စလုံးက သဘောတူညီဖို့ လိုတဲ့အကြောင်း၊ စီမံချက်တွေ မအောင်မြင်ပဲ ဘေးချော်သွားတာမျိုး မဖြစ်ရလေအောင် သတိထားပြီး အကျိုးဖြစ်ထွန်းတဲ့ စီမံကိန်းဖြစ်ဖို့ ချဉ်းကပ် လုပ်ဆောင်မှာ ဖြစ်တဲ့အကြောင်း၊ အစိုးရအောက်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံက အဓိက ဘိန်းထွက်တဲ့နေရာလို့ သတ်မှတ် ပြောဆိုနေကြတဲ့ ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံတို့ နယ်နိမိတ်ခြင်း ထိစပ်နေတာက တကြောင်း၊ အခုနောက်ပိုင်း မူးယစ်ဆေးဝါးတွေကို တရုတ်နိုင်ငံဘက်ကလှည့်ပြီး နိုင်ငံတကာကို တင်ပို့နေတယ်ဆိုတဲ့ သတင်းတွေ အတော်များများ ထွက်ပေါ်နေတာတွေကြောင့် ဒီကိစ္စမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတာပါ။

"တရုတ်အစိုးရနဲ့ ကျနော်တို့အကြား ပြောဆိုဆွေးနွေးမှုတွေအရကတော့ နယ်စပ်ဒေသကနေ မူးယစ်ဆေးဝါး သယ်ယူနေမှုတွေ တိုက်ဖျက်ဖို့ အတွက် သူတို့အနေနဲ့ လိုလားတယ်ဆိုတာကို ပြောပါတယ်။ သူတို့ ပြောတယ်ဆိုတာကလည်း မြန်မာနိုင်ငံတခုတည်းအတွက် ကွက်ပြီး ပြောတာမဟုတ်ပါဘူး။ တရုတ်နယ်စပ်ဒေသ အားလုံးကို ခြုံပြီး ယေဘုယျအားဖြင့် ပြောတာဖြစ်ပါတယ်။ ဒီလို ပြောဆိုဆွေးနွေးမှုတွေဟာ ကောင်းမွန်တဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းက အစောပိုင်းက ကျနော် ပြောခဲ့ သလိုပဲ တနိုင်ငံတည်း လုပ်လို့မရပါဘူး။ နိုင်ငံတကာက အားလုံး ဝိုင်းဝန်းလုပ်ဆောင်မှ အောင်မြင်နိုင်မှာပါ။”

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ဘိန်းထုတ်လုပ်မှုလျော့ချနိုင်ရေးစတာတွေမှာ ပူးပေါင်းလုပ်ဆောင်ကြရုံတင်မကဘဲ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးအတွက်လည်း နည်းလမ်းသစ်တွေရှာပြီး ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ လက်ထောက်ဝန်ကြီး Brownfield က ပြောပါတယ်။

ဒါ့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ဆိုင်တဲ့ ကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့ အစီအစဉ်တွေ ချမှတ်နေပြီလို့လည်း သူက ပြောပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်အတွင်း ဆွေးနွေး ပြောဆိုမှုတွေဟာ ပထမအဆင့်သာရှိသေးပြီး အသေးစိတ် ဆွေးနွေးတာအပါအဝင် လုပ်ငန်း အကောင်အထည်ဖော်ရေးကိစ္စတွေ အများကြီး လုပ်ဆောင်ဖို့ လိုသေးတယ်လို့ သူက ပြောပါတယ်။ လက်ထောက်ဝန်ကြီး Brownfield ဟာ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပြီး ဒီကနေ့ မြန်မာပြည်က ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။
XS
SM
MD
LG