သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး ဆန်းစစ်ချက်


နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ မကြာခင်မှာ အာရှတိုက်က စီးပွားရေးအင်အား အတောင့်တင်းဆုံး တရုတ်နိုင်ငံကိုတောင် ကျော်လွန်သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းနေပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ သိသိသာသာ ဆက်လက် တိုးတက်သွားမယ့် လက္ခဏာတွေ ရှိနေတာကိုလည်း ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာတွေက ဖော်ပြခဲ့ကြတာပါ။ ဒါပေမဲ့လည်း တိုးတက်မှု အရှိန်အဟုန်တွေကို ထိန်းထားနိုင်ဖို့နဲ့ စိန်ခေါ်မှုတွေ ရှိနေတာတွေကိုလည်း သတိပေးနေကြတဲ့ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေရဲ့ စီးပွားရေးဟာ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ပျမ်းမျှ ၇.၂% ရှိမယ်လို့ အစောပိုင်းမှာ ခန့်မှန်းထားပေမဲ့ ဧပြီလဆန်း ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၄ စီးပွားရေး ဖွံ့ဖြိုးမှုခန့်မှန်းချက် နောက်ဆက်တွဲ အစီရင်ခံစာမှာတော့ ၇.၁% အဖြစ်နဲ့ လျှော့ချလိုက်ပါတယ်။ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာတဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုပမာဏဟာလည်း ၇.၇% ခန့်မှန်းချက်ကနေ ၇.၆% ကို လျှော့ချ တွက်ချက်ခဲ့တာပါ။ အရှေ့တောင်အာရှ ဒေသက နိုင်ငံတွေထဲမှာတော့ မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွေအတွက် ထူးထူးခြားခြား ခန့်မှန်းချက် အတက်အကျတွေကိုလည်း တွေ့ရပါတယ်။ နိုင်ငံရေး ပြဿနာတွေ ကြုံနေရတဲ့ ထိုင်းနိုင်ငံမှာတော့ မူလက ၂၀၁၄ ခုနှစ်ထဲ ဖွံ့ဖြိုးမှုပမာဏ ၄.၅% ရှိမယ်လို့ တွက်ထားပေမဲ့ ၃% အထိ လျှော့ချလိုက်သလို၊ ၂၀၁၅ ခုနှစ်အတွက် ၅% ခန့်မှန်းချက်ကနေ ၄.၅% ကို ပြောင်းလဲလျှော့ချခဲ့တာပါ။ မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်မှာတော့ ၂၀၁၄-၂၀၁၅ မှာ ၆.၉% ရှိမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ နောက်ဆက်တွဲ အစီရင်ခံစာမှာတော့ ၇.၈% အထိ တိုးမြှင့်ခန့်မှန်းထားပါတယ်။
Burma FDI share among ASEAN Countries 1995-2012
Burma FDI share among ASEAN Countries 1995-2012
ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အရာရှိချုပ် Bert Hofman ကတော့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းဟာ တရုတ်နိုင်ငံကိုတောင် ကျော်တက် သွားနိုင်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ထူးထူးခြားခြား အားကောင်းနေပါတယ်။ ဒီနှစ်အတွက် ကျနော်တို့ ခန့်မှန်းချက်ဟာ ဆိုရင်လည်း ဒေသတွင်းက ပျမ်းမျှတိုးတက်မှုနှုန်း ထက်တောင် များပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၇.၅% နှုန်း ရှိနေတာက ဒေသတွင်း ခန့်မှန်းချက် ပျမ်းမျှ ၇.၂% နှုန်းထက် ပိုများပါတယ်။ ရှေ့နှစ်မှာဆိုရင်လည်း ၇.၈% အထိ ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် ဒါဟာ အတော်မြင့်မားတဲ့ ပမာဏပါ။ ဒေသတွင်းမှာ တိုးတက်မှု ကျဆင်းတဲ့ အခြေအနေတချို့နဲ့ ကြုံနေရချိန်မှာ မြန်မာကတော့ တက်လာနေတာပါ။ ၇.၈% ဆိုတာဟာ ကျနော်သိသလောက်ဆိုရင် တရုတ်နိုင်ငံထက်တောင် ပိုများနေတာကြောင့် ရှေ့နှစ်မှာ တရုတ်နိုင်ငံကိုတောင် ကျော်တက်မယ့် အခြေအနေမျိုးပါ။”

မြန်မာနိုင်ငံက ပေးစရာရှိနေတဲ့ ကြွေးမြီတွေကို နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းတွေက လျော်ပေးခဲ့ပြီးနောက် အကြွေးပေးရာမှာ စိတ်မချရတဲ့ အခြေအနေ အနည်းအကျဉ်းလောက်သာရှိတဲ့ တိုင်းပြည်တခုအဖြစ် ကမ္ဘာ့ဘဏ်နဲ့ IMF တို့ကလည်း မကြာသေးခင်ကပဲ သတ်မှတ် လိုက်တာဟာလည်း အားသာချက် တခုအဖြစ်နဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ အပြောင်းအလဲတွေနဲ့အတူ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးခဲ့ကြတဲ့ အနောက်နိုင်ငံတွေထဲက ဥရောပသမဂ္ဂ (EU) ရဲ့ မကြာသေးခင်က အထူးကုန်သွယ်ခွင့် တိုင်းပြည်တခုအဖြစ်နဲ့ ပြန်လည် လက်ခံလိုက်တဲ့ ဆုံးဖြတ်ချက်ဟာလည်း မြန်မာနိုင်ငံအတွက် ကုန်သွယ်မှုတွေ အားကောင်းလာစေမယ့် လက္ခဏာတခုဖြစ်မယ်လို့ တွက်ဆထားတာပါ။
ကမ္ဘာ့ဘဏ်အရာရှိ Bert Hofman
ကမ္ဘာ့ဘဏ်အရာရှိ Bert Hofman
ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုတွေကို လတ်တလောမှာ ကျားကန်ပေးနေတဲ့ ကဏ္ဍတွေထဲက အဓိက တခုဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ် ရောင်းချမှုမှာ သတိထား စရာတွေလို စိန်ခေါ်မှုတွေ အများအပြား ရှိနေတာကိုလည်း ကမ္ဘာ့ဘဏ် အရာရှိ Hofman က သတိပေးပါတယ်။
“စိန်ခေါ်မှု ဆိုတာထက် အန္တာရာယ်လို့ ပြောချင်တာကတော့ ကြိုပြီးခန့်မှန်းနိုင်တဲ့ အနာဂတ်ကာလမှာ မြန်မာ့ စီးပွားရေးမှာ အဓိက နေရာယူထားတဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းပါ။ ဓာတ်ငွေ့ဈေးနှုန်းကို အတိုင်းအတာတခုအထိ နိုင်ငံတကာဈေးကွက်က ဆုံးဖြတ်သတ်မှတ်လေ့ ရှိပါတယ်။ ရေရှည်အတွက် ကန်ထရိုက်စာချုပ်ချုပ် သတ်မှတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ကုန်ဈေးနှုန်း ဈေးကွက်ကနေ သတ်မှတ်တာတွေလည်း ရှိနေတာကြောင့် အင်မတန်မှ အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါကြောင့်လည်း ဒီလို အတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေမျိုးကို ထိန်းထားနိုင်ဖို့က မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။”

မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု အရှိန်အဟုန်တွေ မပျက်အောင် ဆောင်ရွက်ရာမှာ ဗဟိုဘဏ်က အရန်ငွေကြေးတွေကို ပိုမို စုဆောင်းထားနိုင်ဖို့၊ အစိုးရက စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ဆက်လက် အာရုံစိုက်နိုင်ဖို့တွေဟာ အဓိကစိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာက သတိပေးထားတာပါ။ အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပဖို့ ရှိနေတဲ့ မြန်မာနိုင်ငံမှာ အုပ်ချုပ်မှု အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အခါ စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးတဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကနေ လမ်းချော်မသွားဖို့ လိုမယ်လို့လည်း သတိပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အရာရှိချုပ် Hofman ကတော့ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲလာရာမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရအောင် ဆောင်ရွက်သွားနိုင်မယ့် အခွင့်အလန်းတွေလည်း ရှိနေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံဟာ စီးပွားရေးမှာ သာမက နိုင်ငံရေးမှာပါ အသွင်ကူးပြောင်း လာခဲ့တာပါ။ ရှေ့နှစ် ရွေးကောက်ပွဲကတော့ မရေမရာ အခြေအနေတွေ ဖန်တီးကောင်း ဖန်တီးပေးနိုင်တာကြောင့် စိန်ခေါ်မှု တခုလည်း ဖြစ်လာနိုင်ပါတယ်။ အစိုးရသစ် အနေနဲ့ ဘယ်လို အစီအစဉ်မျိုးတွေနဲ့ တက်လာမလဲ ဆိုတဲ့အပေါ်မှာ မူတည်နေတာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲတွေ ကျင်းပကြတဲ့ နိုင်ငံတိုင်းမှာ ပြောင်းလဲနိုင်မယ့် အခွင့်အလန်း၊ စီးပွားရေး ဆက်လက် တိုးတက်လာအောင် ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်နိုင်မယ့် အခွင့်အလန်းတွေ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုအခွင့်အလန်းမျိုး ရှိနေတာပါ။ ဒါကြောင့်လည်း နောက်တက်မယ့် အစိုးရရဲ့ အစီအစဉ်တွေအပေါ် မူတည်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီထက်ပိုပြီး တောက်ပြောင် လာမလားဆိုတာကိုလည်း တွေ့လာရမှာပါ။”

ဧပြီလထဲမှာပဲ ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၂၀၁၄-၂၀၁၅ မှာ ၇.၈% ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ပြန်လည် နာလန်ထူလာတဲ့ ကမ္ဘာ့စီးပွားရေးကတော့ အရင်ထက် ပိုပြီး အားကောင်း လာနေသလို၊ ဒီနှစ်အတွက် ပျမ်းမျှဖွံ့ဖြိုးမှုနှုန်းဟာလည်း ၃.၆% ရှိနေရာက၊ ၂၀၁၅ ခုနှစ်မှာ ၃.၉% အထိ တိုးလာနိုင်တယ်လို့လည်း ဝါရှင်တန်အခြေစိုက် IMF က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း တိုးတက်တဲ့ နိုင်ငံတွေမှာ ဖွံ့ဖြိုးမှု အခြေအနေတွေ နှေးကွေးနေသလို၊ တက်သစ်စနိုင်ငံတွေမှာ ဖွံ့ဖြိုးမှုတွေ အားနည်းနိုင်တာတွေက စိုးရိမ်စရာတွေအဖြစ် ရှိနေဆဲပဲလို့လည်း သတိပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးထွားလာတာကလည်း ပြဿနာတခု ဖြစ်လာနေပြီး စီးပွားရေး ပြန်လည်နာလန်ထူလာတဲ့ အခြေအနေတွေဟာလည်း မညီမမျှ ဖြစ်နေတုန်းပဲလို့ IMF ရဲ့ ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာက ဖော်ပြခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG