သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား မြန်မာ့ရုပ်သံမှာ ကြည့်လို့မရ


မြဝတီနဲ့ မြန်မာ့အသံက တိုက်ရိုက်ပြသနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ ထုတ်လွှင့်တာတွေ မနေ့က ရပ်ဆိုင်းသွားတဲ့အတွက် မြန်မာ ဘောလုံးဝါသနာရှင်တွေ အကြားမှာ မကျေမနပ်နဲ့ ညည်းတွားသံတွေ ထွက်ပေါ်လာနေပါတယ်။ ဒီလိုမျိုး ထုတ်လွှင့်မှု ရပ်တန့်လိုက်တာက နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်တယ်၊ ဒီနေ့လည်း ထုတ်လွှင့်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့ ဒီဘောလုံးပွဲစဉ်တွေကို စီစဉ် ထုတ်လွှင့်ပေးနေတဲ့ မိုးဆန်းပန်း မီဒီယာက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီနှစ်ကျင်းပတဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကို မိုးဆန်းပန်း မီဒီယာက တာဝန်ခံပြီး အစိုးရ ရုပ်သံလိုင်း ၂ ခုကနေ အခမဲ့ တိုက်ရိုက် ထုတ်လွှင့် ပြသပေးတာကြောင့် မြန်မာ့ ဘောလုံး ဝါသနာရှင်တွေအတွက် အထူး ဝမ်းမြောက်ဖွယ် ဖြစ်ခဲ့ရပါတယ်။ မနေ့ကတော့ ဒီနှစ်ပွဲစဉ်မှာ ဆုဖလားရမယ်လို့ နာမည်ကြီးနေတဲ့ စပိန်အသင်းရဲ့ ခြေစွမ်းကို အားခဲ စောင့်ကြည့်နေကြသူတွေဟာ အစီအစဉ်တွေ ရပ်တန့်သွားတာကြောင့် မကျေမနပ် ဖြစ်ခဲ့ကြရတယ်လို့ မြန်မာ ဘောလုံးဝါသနာအိုး တယောက်က အခုလို ပြောပါတယ်။

“မနေ့က ပွဲကြီးပွဲကောင်းတွေပေါ့ဗျာ၊ ဒီမှာ ပရိသတ်တွေကလည်း စပိန်တို့ ဘာတို့ဆို တအားကို Crazy ဖြစ်နေကြတာ။ ပွဲကတော့ စနေပြီ၊ ဘယ်လိုမှ ဖမ်းလို့မမိဘူး။ ဖမ်းလို့မမိတော့ ကိုယ့်အိမ်တအိမ်တည်း ဖြစ်တာလားဆိုပြီး တခြားအိမ်တွေ လိုက်ကြည့်တော့ ဘယ်အိမ်မှ ဖမ်းလို့မမိဘူး။ ပထမပိုင်း ပြီးသွားတဲ့အချိန်ကြတော့ လက်ဖက်ရည်ဆိုင်တွေက စလောင်းတွေမှာ သွားကြည့်ရတဲ့ အခြေအနေ ဖြစ်တာပေါ့။

“နောက်ပွဲကျတော့လည်း အဲဒီလိုပဲ ဖမ်းလို့မရဘူး။ အဲတော့ ဘယ်လိုဖြစ်တာလဲပေါ့၊ တို့အစိုးရတော့ လုပ်ချလိုက်ပြန်ပြီ၊ ဒီဘောလုံးပွဲလေးတောင်မှ အဆင်ပြေအောင် လုပ်မပေးနိုင်ဘူး ဆိုပြီး ညည်းတွားကြတာပေါ့ဗျာ။ ဒီမနက်ကျတော့ လက်ဖက်ရည်ဆိုင်မှာ အဲဒီကိစ္စကို လက်ဖက်ရည် လာသောက်တဲ့ ဘောလုံးဝါသနာရှင်တွေက ပြောကြ ဆိုကြတာ ပွက်လောကို ရိုက်နေတာပဲ။”

တခြား ဘောလုံးဝါသနာရှင် တယောက်ကလည်း သူ့ရဲ့ မကျေနပ်ချက်ကို အခုလို ထုတ်ဖော် ပြောဆိုပါတယ်။

“ရေးထားတာ ဖီဖာက Signal မရပါသဖြင့် Signal ရတော့မှ ပြန်ထုတ်လွှင့်ပေးမယ့်အကြောင်း အနူးအညွတ် တောင်းပန်အပ်ပါသည်ဆိုပြီး စာတမ်းက ခဏတဖြုတ်လားဆိုပြီး စောင့်တယ်။ ခဏတဖြုတ်လားဆိုပြီး စောင့်တဲ့ဟာမှာ မနေ့က ညနေ ကန်တဲ့ပွဲ တပွဲ လွတ်သွားတော့ မဟုတ်သေးပါဘူးပေါ့၊ မြန်မာ့အသံမို့ မမိတာ၊ မြဝတီတော့ မိမှာပဲဆိုပြီး မြဝတီကို စောင့်ကြည့်တယ်၊ မမိဘူး။ မဟုတ်တော့ဘူး၊ ပိုက်ဆံပေးရမယ့်အလုပ် လုပ်မှ ရတော့မှာဆိုပြီး အခု စက်တွေပြန်ဖွင့်ပြီးမှ ကြည့်ရတာပေါ့ဗျာ။

“ကျန်တဲ့လူတွေကတော့ ပိုက်ဆံအကုန်ခံပြီး လုပ်ထားတဲ့ ဆိုင်တွေမှာ သွားကြည့်တဲ့လူတွေ၊ အဲလိုမျိုးတွေပဲ ရှိတယ်။ ကိုယ့်အိမ်ထဲကနေပြီးတော့ ထိုင်ရာမထ ကြည့်ရမယ့်ဟာတော့ ဘယ်သူမှ မကြည့်ရတော့ဘူး။ အဲတော့ တဗျစ်တောက်တောက်နဲ့ မယုံရတဲ့လူကို ယုံတာ မင်းတို့မှားတာလို့ ကိုယ့်အချင်းချင်းပဲ အပြစ်တင်ခံရတာပေါ့ဗျာ။”

မြန်မာပြည်က ဘောလုံးဝါသနာရှင်တွေဟာ ဥရောပ ကလပ်အသင်း ပွဲစဉ်တွေကို ၂ ပေစလောင်း၊ ၈ ပေစလောင်း စတာတွေနဲ့ စောင့်ကြည့်လေ့ ရှိပေမဲ့ ကမ္ဘာ့ပွဲစဉ်တွေကိုတော့ ပြည်တွင်း ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်တာကြောင့် အများစုဟာ မိမိတို့နေအိမ်ကပဲ စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပွဲစဉ်တွေကို အခမဲ့ကြည့်နိုင်အောင် စီစဉ်ပေးတဲ့ မိုးဆန်းပန်း မီဒီယာက တာဝန်ရှိသူ တယောက်ကတော့ တိုက်ရိုက်ထုတ်လွှင့်တာတွေ ရပ်ဆိုင်းခဲ့ရတာဟာ နည်းပညာ ချို့ယွင်းချက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီ့အတွက် မနေ့ညက ထုတ်လွှင့်ပြသရမယ့် ပွဲစဉ် ၃ ခုလုံးကို ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

မိုးဆန်းပန်း မီဒီယာက ဘာကြောင့် ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ရတယ် ဆိုတာကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ အစီအစဉ်တွေကိုလည်း ပြသနိုင်မှာ မဟုတ်သေးကြောင်းနဲ့ နောက်ပွဲစဉ်တွေကိုတော့ ဆက်လက် ထုတ်လွှင့်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

မိုးဆန်းပန်း မီဒီယာဟာ တပြည်လုံး အခမဲ့ ကြည့်ရှုနိုင်ဖို့အတွက် ကမ္ဘာ့ဖလားပွဲစဉ် ၆၄ ပွဲလုံးကို ဝယ်ယူခဲ့တာဖြစ်ပြီး မြန်မာ့အသံက ၂၄ ပွဲ၊ မြဝတီလိုင်းက ၄၆ ပွဲ ပြသဖို့ ရည်ရွယ်ထားပါတယ်။ နောက်ဆုံးပွဲတွေဖြစ်တဲ့ ဖိုင်နယ်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲနဲ့ တတိယလုပွဲတွေကို နှစ်လိုင်းလုံးက ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG