သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန် ကမ္ဘာ့ဖလား ဖိုင်နယ်တက်ပြီ


ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ဂျာမဏီနိုင်ငံက ရေဘဝဲလေး ကြိုတင်နိမိတ်ဖတ်တဲ့အတိုင်း ဂျာမဏီအသင်း ရှုံးနိမ့်ပြီး စပိန်အသင်း အနိုင်ရသွားပါတယ်။ ဒီအတွက် စပိန်အသင်းဟာ နယ်သာလန်အသင်းနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

တောင်အာဖရိကမှာ ကျင်းပတဲ့ မနေ့ကပွဲ ပထမပိုင်း တခုလုံးမှာတော့ စပိန်က ဖိကစားထားပါတယ်။ စပိန်ဘက်က ဂိုးရမယ့် အခွင့်အလမ်း အတော်များများ ကြုံခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ စပိန်နိုင်ငံဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တခါမှ မရောက်ဖူးဘဲ အခုတကြိမ် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ကစားရမှာပါ။

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တလျှောက် ဂျာမဏီအသင်းဟာ သြစတြေးလျနဲ့ ဂါနာကို အနိုင်ရမယ်၊ ဆာဘီးယားကို ရှုံးမယ် စသဖြင့် ရေဘဝဲလေး ပေါလ်က ကြိုတင် နိမိတ်ပေးခဲ့ပါတယ်။ သက်ဆိုင်ရာ ဘောလုံးအသင်းရဲ့ နိုင်ငံတော်အလံပုံတွေ ပါတဲ့ ပုံးနှစ်ပုံးကို ယှဉ်ချထားပြီး ရေဘဝဲလေး တက်သွားတဲ့ ပုံးကို အနိုင်ရမယ့် အသင်းလို့ ကြိုတွက်ကြတာပါ။ ပုံးထဲမှာ ရေဘဝဲအတွက် အစာ ယောက်သွားတကောင်စီ ထည့်ပေးထားပါတယ်။

အင်္ဂလန်အသင်း၊ အာဂျင်တီးနား အသင်းတွေနဲ့ ဂျာမဏီအသင်း ကစားတဲ့ ပွဲစဉ်တွေမှာလည်း ရေဘဝဲလေး ပေါလ်က အနိုင်အရှုံးကို မှန်မှန်ကန်ကန် နိမိတ်ဖတ်ပေးခဲ့ပါတယ်။

အရင် ဥရောပဖလား ဘောလုံးပွဲတွေရဲ့ ၇၀% လောက် အရှုံးအနိုင်ကိုလည်း ရေဘဝဲလေး ပေါလ် ခန့်မှန်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိမိတ်ဖတ်တာတွေ အမြဲတမ်း မှန်ခဲ့တာတော့ မဟုတ်ပါဘူး။ အရင် ၂၀၀၈ ခုနှစ် ဥရောပဖလား ပြိုင်ပွဲမှာ စပိန်နဲ့ ဂျာမဏီအသင်း ယှဉ်ပြိုင်ကစားတဲ့အချိန် ဂျာမဏီအသင်း နိုင်မယ်ဆိုပြီး ပေါလ်က မှားယွင်း နိမိတ်ဖတ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း အခုတခါ စပိန်အသင်း နိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ မှားနိုင်တယ်ဆိုပြီး ဂျာမန် ဘောလုံးဝါသနာရှင်တွေ မျှော်လင့်ခဲ့ကြတာပါ။ မျှော်လင့်တဲ့အတိုင်း မဖြစ်ဘဲ ရေဘဝဲရဲ့ နိမိတ်ဖတ်တာကပဲ မှန်သွားခဲ့ပါတယ်။

ရေဘဝဲလေး ပေါလ်အဖို့ လူသိများလာတဲ့ တချိန်တည်းမှာ အသက်အန္တရာယ်အတွက် စိုးရိမ်ရလောက်တဲ့ ခြိမ်းခြောက်မှုတွေလည်း ရင်ဆိုင်လာနေရပါတယ်။ ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားအသင်းကို ဂျာမဏီက နိုင်မယ်ဆိုပြီး ခန့်မှန်းခဲ့တာကြောင့် ခန့်မှန်းတဲ့အတိုင်း ရှုံးခဲ့ရတဲ့ အာဂျင်တီးနား နိုင်ငံသားတွေ ရေဘဝဲလေးကို အကြီးအကျယ် ဒေါသဖြစ်ခဲ့ကြပါတယ်။

အာဂျင်တီးနားနိုင်ငံထုတ် သတင်းစာတစောင်မှာဆိုရင် ရေဘဝဲလေးကို ဘယ်လို ချက်ပြုတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် ရေးသားထားသလို တချို့ အာဂျင်တီးနား စားဖိုမှူးတွေက ရေဘဝဲချက်နည်းဆိုပြီး ကြော်ငြာတွေ ရေးနေကြပါတယ်။

အခုထိတော့ ရေဘဝဲလေး ပေါလ် ဘေးမသီ ရန်မခ ဂျာမဏီနိုင်ငံ အိုဘာဟူဆန် (Oberhusan) ငါးပြတိုက်မှာ ရှိနေပါတယ်။

XS
SM
MD
LG