သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယန်ဟီးလီ ရှမ်းပြည်နယ် ရောက်


ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ဂျွန်လ ၂၄ရက်က ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ms Yanghee Lee ဂျွန်လ ၂၄ရက်က ကချင် ပြည်နယ် မြစ်ကြီးနားမြို့ ရှိ စခန်းကို သွားရောက်စဉ်။ ဓါတ်ပုံ - (UN Information Center)

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ အာရုံစိုက်မှု အားနည်းနေတဲ့ ရှမ်းပြည်နယ် တွင်းက စစ်ပြေး ဒုက္ခသည်တွေ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို ကုလသမဂ္ဂအနေနဲ့ ကူညီ ဖြေရှင်းပေးဖို့ နဲ့ ရှမ်းပြည်နယ်တွင်းက စစ်ရေး ပဋိပက္ခတွေ ပြေလည်ရေး ကြားဝင် ညှိနှိုင်းပေးဖို့ ရှမ်း ဒုက္ခသည် အရေး ကူညီပေးနေသူတွေက တောင်းဆိုနေကြပါတယ်။

ရှမ်းပြည်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့ မှာတော့ ကချင်ပြည်နယ်ကနေ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆိုက်ရောက် လာပြီ ဖြစ်ပါတယ်။ ကုလ အထူးကိုယ်စားလှယ် Ms Yanghee Lee ရဲ့ မြန်မာပြည် ခရီးစဉ် နောက်ဆုံးရ အခြေအနေကို မဆုမွန်က စုစည်းတင်ပြပေးပါမယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် လက်ထက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကိုယ်တိုင် လာရောက် လေ့လာနေတာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟာ စစ်ရေး ပဋိပက္ခတွေ နဲ့ လူမျိုးရေး တင်းမာမှုတွေ ရှိနေဆဲ ရခိုင် ပြည်နယ်ကိုလည်း သွားရောက် လေ့လာခဲ့ပြီးဖြစ်သလို Ms Yanghee Lee ဟာ မနေ့ကတော့ စစ်ရေး ပဋိပက္ခတွေ ရှိနေဆဲ ကချင်ပြည်နယ်ကို သွားရောက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ကချင်အရပ်ဖက် အဖွဲ့အစည်းတွေ၊ ကချင် ရပ်မိရပ်ဖတွေနဲ့ ကချင် စစ်ပြေးစစ်ရှောင် ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့တာပါ။

ဒီကနေ့ စနေနေ့ မနက်ပိုင်းမှာတော့ ကချင်ပြည်နယ်တွင်းက ရှမ်းလူမျိုးစု ရေးရာ အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Leeရဲ့ ခရီးစဉ်မှာ အတူ လိုက်ပါနေတဲ့ မြန်မာနိုင်ငံက ကုလသမဂ္ဂ ပြောခွင့်ရ ဦးအေးဝင်းကပြောပါတယ်။

“ကချင်မှာတော့ ဒီနေ့မနက် ရှမ်း လူမျိုးစု ရေးရာ အဖွဲ့နဲ့၊ ကျွန်တော် နာမည်တော့ အတိအကျ မပြောနိုင်ဘူး။ သူတို့နဲ့တော့ မနက်က တွေ့ခဲ့တယ်။ လားရှိုးမြို့ မလာခင်မှာ။”

မေး။ “အဓိက ဘာတွေ ဆွေးနွေးဖြစ်ပါသလဲ အန်ကယ်။”

“ရှမ်းလူမျိုးစု ကိစ္စတွေပါ။”

မေး။ “ကချင်မှာ ရှိတဲ့ ကိစ္စပေါ့နော်။”

“ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ။”

အဲဒီနောက်မှာတော့ ကချင်ပြည်နယ်က ထွက်ခွာလာပြီး ညနေပိုင်းမှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆိုက်ရောက် လာနေပြီ ဖြစ်တယ်လို့ နောက်ဆုံး အခြေအနေကို ဦးအေးဝင်းက အခုလိုပြောပြပါတယ်။

“ အခု ကျွန်တော်တို့ လားရှိုးရောက်နေတာပါ။ ဒီနေ့တော့ ဘာမှ အထွေအထူး မရှိပါဘူး။ ဒီက ဒေသခံ အာဏာပိုင်တွေနဲ့ တွေ့ပြီးတော့ ဒီနေ့တော့ ဘာမှ အထွေအထူး မရှိပါဘူး။ ဒီနေ့ည လားရှိုးမှာ အိပ်မှာပါ။ လားရှိုးကို စောစောက ရောက်တယ် ခင်ဗျ။ ”

အခုလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရှမ်းပြည်နယ်ကို လာရောက်ချိန်မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ ရှမ်းပြည်သူ လူထုနဲ့ ရှမ်း ရပ်မိရပ်ဖတွေ ရှမ်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိတဲ့အကြောင်း မြန်မာနိုင်ငံက ကုလသမဂ္ဂ ပြောခွင့်ရ ဦးအေးဝင်းကပြောပါတယ်။

“ဒီက ဒေသ အဖွဲ့တွေနဲ့ပဲ တွေ့ဖို့ပဲ ရှိပါတယ် ခင်ဗျ။”

မေး။ “ဟုတ်ကဲ့ လားရှိုးက သူ ဘာအတွက် သွားတာလဲ အန်ကယ်။ ”

”အဲဒါက ကျွန်တော် နောက် မှ ပြောလို့ရမယ်။ သူ ဒီက တွေ့တဲ့ သူတွေနဲ့လေ။ လောလောဆယ်တော့ ပြောလို့ မရသေးပါဘူး။ ဒီက အဖွဲ့တွေနဲ့ပဲ တွေ့ဖို့ ရှိပါတယ်။ ဟုတ်ကဲ့။“

မေး။ “ဒုက္ခသည်တွေနဲ့ကော တွေ့ဖို့ ရှိပါသလား အန်ကယ်။ ရှမ်းမှာလေ။”

“မသိပေးပါဘူးခင်ဗျ။ အဲဒါကတော့”

မေး။ “ဒါပြီးရင်ကော ဘယ်ကို ဆက်သွားမှာလဲ အန်ကယ်။”

“ရန်ကုန် ပြန်မှာပါ။ ကျွန်တော်တို့။”

ဒါကြောင့် အခုလို ရှမ်းပြည်နယ်ကို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် လာရောက်ပြီး ရှမ်း လူ့အခွင့်အရေး အခြေအနေကို လာရောက် လေ့လာချိန် မှာတော့ ရှမ်းစစ်ပြေး ဒုက္ခသည် အရေးတွေကို အဓိက အလေးပေး ကူညီ ဖြေရှင်း ပေးစေချင် ပါတယ်လို့ ရှမ်းအရေး လှုပ်ရှားသူတွေ ကပြောပါတယ်။

အိုးအိမ် စွ့န်ခွာ ထွက်ပြေးနေကြရတဲ့ ရာချီတဲ့ ရှမ်းစစ်ဘေး ဒုက္ခသည်တွေ မိမိတို့နေရပ်ရင်း ပြန်နိုင်ရေးနဲ့ ခေတ္တ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရချိန် အရေးပေါ်လိုအပ်တဲ့ နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူသားချင်း စာနာမှုအကူအညီတွေကို ကုလသမဂ္ဂ အနေနဲ့ ကူညီဖြေရှင်း ပေးစေချင်ပါတယ်လို့ ရှမ်း စာပေနဲ့ ယဉ်ကျေးမှုအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းဖုက ပြောပါတယ်။

“တောင်းဆိုချင်တာကတော့ ဒီ ဒုက္ခသည်တွေ ဌာနေ ကိုယ့်အိမ် ကိုယ့်ယာ ပြန်နိုင်ဖို့ရာ။ ဒါကလဲ ငြိမ်းချမ်းရေး ကိစ္စပဲ လိုမှာပေါ့။ ဒါက တစ်ခု အကြီးမားဆုံး ပဲပေါ့။ နောက်တစ်ခုက ပြန်လို့ မရသေးဘူး ဆိုရင်လဲ စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့ရာ။ တကယ်လို့သာ ကူညီပေးလို့ ရှိရင်လဲ ကျွန်တော်တို့ ဘက်က ပိုပြီး အဆင်ပြေတာပေါ့။ အခု ကျွန်တော်တို့ ဘက်က ဒီ အဖွဲ့အစည်းငွေဆိုတာ နည်းနည်းပါးပါးပဲ ရှိတယ်။ ကျွန်တော်တို့ ပြည်သူ လူထု တွေနဲ့ ဟောပြောပြီးတော့မှ ပြောဆိုပြီးမှ တတ်နိုင်တဲ့ သူတွေက လာလှူပေးတာ ဒါပဲ ရှိမှာပေါ့။ အခု ကျွန်တော်တို့ ရှမ်းတွေလဲ ကချင်ဘက် ကတော့ ပိုပြီးတော့ အဆင်ပြေတယ်။ ကျွန်တော်တို့ ရှမ်းဒုက္ခသည်တွေက အခွင့်အရေးတွေ နည်းတာပေါ့နော်။ ဒါမျိုးတွေ ဖြစ်နေတယ်။ ”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီကနေ့ မှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး မနက်ဖြန်မှာတော့ ရှမ်းပြည်နယ် အတွင်းက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိပြီး တွေ့ဆုံမယ့် အထဲ ရှမ်း ဒေသခံ ပြည်သူတွေ၊ ရှမ်းလူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ ရှမ်းလူငယ် ကွန်ရက်အဖွဲ့ ကိုယ်စားလှယ် သုံးဦးလည်း ရှမ်းပြည်နယ် အရေး ဆွေးနွေးတင်ပြနိုင်ဖို့ သွားရောက် တွေ့ဆုံမှာဖြစ်တယ်လို့ ရှမ်းလူငယ် ကွန်ရက်အဖွဲ့ကလည်း ဗွီအိုအေကို ပြောပါတယ်။

ရှမ်းပြည်နယ်ဟာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အပစ်မရပ် ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲတွေဖြစ်နေသလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပြီး စစ်ရေး တင်းမာနေတဲ့ ပြည်နယ်တခုဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ဒေသခံရှမ်းပြည်သူ လူထုတွေဟာ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးကနေ ထွက်ပြေး တိမ်းရှောင်နေကြရဆဲ အနေအထားဖြစ်ပါတယ်။

ယန်ဟီးလီ ရှမ်းပြည်နယ် ရောက်
please wait

No media source currently available

0:00 0:04:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG