သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင် မောင်တော နိုင်ငံတကာအဖွဲ့တွေ သွားခွင့်ပေးဖို့ Yanghee Lee တောင်းဆို


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့တွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ က မနေ့က နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမတိုင်ခင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းခဲ့တဲ့ သူ့ရဲ့အစီရင်ခံစာမှာလည်း - တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒုက္ခသည် တွေ အရေးပြဿနာတွေကိုလည်း အလေးပေး ပြောကြားခဲ့တာဖြစ်တဲ့အကြောင်း - အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

ဒေသစံတော်ချိန် ကြာသပတေးနေ့ နေ့ခင်းပိုင်းက နယူးယောက်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လက်ရှိ ရခိုင်ပြည် နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ စိုးရိမ်စရာ အခြေအနေမှာရှိနေပြီး၊ အောက်တိုဘာလ ၉ ရက်နေ့က မောင်တောနဲ့ ဘူးသီးတောင် ဒေသတွေ မှာဖြစ်ခဲ့တဲ့ နယ်ခြားစောင့်ရဲစခန်း ၃ ခု တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတာ၊ လက်ရှိ အဲဒီဒေသမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့အတွက် သောင်းနဲ့ချီတဲ့ ဒေသခံအရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာတွေကို သူက ပြောဆိုခဲ့တာပါ။

အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် မောင်တော ဒေသတဝိုက်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဒေသလုံခြုံရေးရှင်းလင်းမှု စီမံချက်အတွင်း ဒေသခံအရပ်သားတွေအပေါ် အထူးသဖြင့် မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ သတင်းမှန်ကို သေသေချာချာ သိရှိခွင့် မရတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် အဲဒီဒေသကို နိုင်ငံတကာအဖွဲ့တွေ ဝင်ရောက်ခွင့်ပြုဖို့ မြန်မာအစိုးရကို မစ္စစ် ယန်ဟီးလီက တောင်းဆိုခဲ့ပါတယ်။

“အစိုးရပိုင်သတင်းမီဒီယာတွေနဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေကလွဲလို့ နိုင်ငံခြားသတင်းမီဒီယာတွေကို သွားရောက် သတင်းယူခွင့် မပြုပါဘူး။ ဒါ့အပြင် ပုဂ္ဂလိက သတင်းမီဒီယာဆိုရင်လည်း ရခိုင်ပြည်နယ်အခြေအနေကို ရေးသားဖော်ပြခွင့် မပေးပါဘူး။ ကျမကိုယ်တိုင်လည်း အဲဒီက အခြေအနေတွေကို ဘာမှ မသိရသလို၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အလားတူပါပဲ။ ဘာဖြစ်နေသလဲဆိုတာ မသိပါဘူး။ လောလောဆယ်မှာ အရပ်သားတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးမှုတွေလို ဆိုးရွားလှတဲ့ သတင်းတွေကိုပဲ ကြားနေရပါတယ်။ ဒါတွေနဲ့ ပတ်သက် လို့လည်း အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့် မကြာသေးခင်က အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့ အဲဒီဒေသတွေကို အကန့် အသတ်မရှိ ဝင်ရောက်ခွင့်နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။”

မြန်မာအစိုးရကတော့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေဟာ ဖန်တီးလုပ်ကြံမှုသာဖြစ်ပြီး၊ မြန်မာအစိုးရက ဥပေဒနဲ့အညီ ဆောင်ရွက်နေကြောင်းကို တုံ့ပြန်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ၁ သန်းကျော် ရှိပြီး၊ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက် မူဆလင်တွေအနေနဲ့ လွတ်လပ်စွာ သွားလာခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်လို အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးနေရတာကိုလည်း မစ္စစ် ယန်ဟီးလီ က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို လက်ရှိ အစိုးရအနေနဲ့ ပြင်ဆင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။

“ကျမအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ထပ်ခါတလဲလဲ ဖိအားပေး တိုက်တွန်း ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၂ နိုင်ငံသားဥပဒေက အသက်ဝင် နေဆဲ ဖြစ်တာကြောင့် ဒီဥပဒေအရ သူတို့ကို အသိအမှတ်မပြုပါဘူး။ ၁၉၈၂ မတိုင်ခင်က ရိုဟင်ဂျာတွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ကဒ်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်ကစလို့ လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒီကဒ်တွေကို အရင်အစိုးရလက်ထက်က ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေအဖြစ်သာ လက်ခံထားတာပါ။ လက်ရှိ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ရေးဆွဲ တာ ဒါမှမဟုတ် ပယ်ဖျက်တာမျိုး လုပ်လိမ့်မယ်လို့ မျှော်လင့်ထားပေမဲ့ - ဒီဥပဒေပြင်ဆင်ဖို့ကို လက်ရှိအစိုးရက မရည်ရွယ်ထားဘူးဆိုတာ ရှင်းရှင်းလင်း လင်း ပြောထားပါတယ်။”

ကြာသပတေးနေ့ မနက်အစောပိုင်းက နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ မစ္စစ် ယန်ဟီးလီ တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး အစီအရင်ခံစာမှာလည်း - မကြာသေးခင်က မြန်မာနိုင်ငံမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ခဲ့တာကို သူက ကြိုဆိုပေမဲ့ လက်တွေ့အခြေအနေမှာ ငြိမ်းချမ်းရေဖို့ အလှမ်းဝေးနေဆဲဆိုတာကိုလည်း သူက ထောက်ပြခဲ့တာပါ။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ ဆက်လက်ဖြစ်ပွားနေတာပါ။ အဓမ္မတပ်သားသစ်စုဆောင်းမှု၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ပါဝင်ပါတယ်။ အဲ့လိုပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးက ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာ့တပ်မတော်လည်း ပါဝင်ပါတယ်။ တချို့ဒေသတွေ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် မကြာသေးခင်ကနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဒုက္ခသည်တွေ ထွက်ပြေးနေကြရဆဲပါ။ ဒီပဋိပက္ခတွေက ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်လို တခြားဒေသတွေကိုပါ ပျံ့နှံ့လာ နေပါတယ်။”

ဒါ့အပြင် NLD ဦးဆောင်တဲ့အစိုးရသစ်လက်ထက် လူ့အခွင့်အရေး တိုးတက်လာဖို့မှာ စိန်ခေါ်မှုတွေ ရှိနေပြီး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးအကျဉ်းသား ကိစ္စ၊ တရားဥပဒေစိုးမိုးရေနဲ့ ဥပဒေပြင်ဆင်ဖို့မှာ လိုအပ်ချက်တွေရှိတာတာတွေကိုလည်း ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ မစ္စစ် ယန်ဟီးလီ က ထည့်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG