သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် တိုက်လေယာဉ် လစ်ဗျားမှာ ပျက်ကျ


အမေရိကန် တိုက်လေယာဉ် လစ်ဗျားမှာ ပျက်ကျ
အမေရိကန် တိုက်လေယာဉ် လစ်ဗျားမှာ ပျက်ကျ

ဒီကနေ့ လစ်ဗျားမှာ လေကြောင်းကနေ ထိုးစစ်ဆင်နေတဲ့ အမေရိကန် တိုက်လေယာဉ် F-15 Eagle တစီးပျက်ကျသွားခဲ့ပါတယ်။ ဒါဟာ မြေပြင်ကနေ ကဒါဖီရဲ့ တပ်တွေက တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ စက်ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ အာဖရိကဆိုင်ရာ အမေရိကန် စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ဗင့်စ် ခရော်လေ (Vince Crawley) က ပြောပါတယ်။

ဒီလေယာဉ် ဘယ်နေရာမှာ ပျက်ကျခဲ့တယ်ဆိုတာကို ပြောကြားခြင်းမရှိပေမဲ့ ဒဏ်ရာရခဲ့တဲ့ လေသူရဲ တဦးကတော့ ပြန်လည်သက်သာလာပြီးတော့ နောက်တဦးကတော့ ဒဏ်ရာတွေကနေ သက်သာဖို့ ကြိုးပမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေက ကဒါဖီ တပ်ဖွဲ့တွေရဲ့ စစ်စခန်းတွေပေါ် လေကြောင်းက တိုက်ခိုက်မှု တွေ စတုတ္ထမြောက်နေ့အဖြစ် ဆက်လက် လုပ်ဆောင်ခဲ့တာမှာ မြို့တော် ထရီပိုလီ (Tripoli) ရဲ့ အရှေ့ဘက် ၆ မိုင်အကွာက ဘူဆက်တာ (Bussetta) ရေတပ်စခန်း ဌာနချုပ်နဲ့ အနီးက တံငါရွာတရွာ ပျက်စီးသွားခဲ့တယ်လို့ လစ်ဗျားအစိုးရ ပြောရေးဆိုခွင့်ရှိသူ မူဆာ အီဘရာဟင်မ် (Moussa Ibrahim) က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ကဒါဖီရဲ့ ဘပ်ဘ် အယ်လ် အဇီယာ (Bab-al-Azziya) နေအိမ်အနီးမှာ ပေါက်ကွဲသံတွေနဲ့ လေယာဉ်ပစ် အမြောက်တွေရဲ့ ပစ်ခတ်သံတွေ ကြားခဲ့ကြရပါတယ်။

ဒီကနေ့မှာ အရှေ့ခြမ်းက ကဒါဖီတပ်တွေ သိမ်းယူခဲ့တဲ့ အက်ဂျ်ဒါဘီယာ (Ajdabiya) မြို့ပြင်မှာ မြို့ကို ပြန်ပြီးသိမ်းယူဖို့ ကြိုးပမ်းခဲ့ကြတဲ့ အတိုက်အခံတွေရဲ့ တပ်တွေကို ကဒါဖီတပ်တွေက တွန်းလှန် တိုက်ထုတ်ခဲ့ပါတယ်။ အတိုက်အခံတွေ ပြန်ပြီးသိမ်းယူခဲ့တဲ့ အနောက်ခြမ်းက လစ်ဗျားရဲ့ တတိယ အကြီးဆုံးမြို့ မီစ်ရာတာ (Misrata) မှာတော့ ကဒါဖီရဲ့တပ်တွေ ဒီနေ့ မနက်ပိုင်းကစပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အတိုက်အခံ တပ်ဖွဲ့တွေက ဆိုပါတယ်။

တောင်အမေရိကကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က လစ်ဗျားကို လေကြောင်းက ထိုးစစ်ဆင်မှုမှာ ဦးဆောင်မှု ကဏ္ဍကို အမေရိကန်က ဥရောပက မဟာမိတ် နိုင်ငံတွေကို ရက်ပိုင်းအတွင်း လွဲှပြောင်းပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) က Oddessey Dawn စစ်ဆင်ရေးရဲ့ ဦးဆောင်မှုကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) ကို ရယူစေလိုပြီးတော့ ၂၀၀၉ ခုနှစ်ကမှ NATO အဖွဲ့ထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ ပြင်သစ်နိုင်ငံရဲ့ သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarcozy) ကတော့ ဒီစစ်ဆင်ရေးမှာ NATO ကို အဓိက အခန်းကဏ္ဍကနေ ပါဝင်စေလိုခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို လစ်ဗျားခေါင်းဆောင် အဖြစ်က ဖယ်ရှားပစ်ရေးဟာ လိုအပ်မှု ဖြစ်ပေမဲ့ အခု Oddessey Dawn စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဟာ ကဒါဖီရဲ့ တပ်တွေကို ချေမှုန်းပစ်ဖို့ မဟုတ်ဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ အရ လစ်ဗျား အရပ်သား ပြည်သူတွေကို ကဒါဖီရဲ့ တပ်တွေက တိုက်ခိုက်နေမှုကနေ အကာအကွယ် ပေးရေးသာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

လစ်ဗျားက တိုက်ခိုက်မှုတွေမှာ ပါဝင်နေကြသူတွေ အားလုံး ချက်ချင်း အပစ်အခတ် ရပ်စဲကြပြီး ပြဿနာတွေ ဖြေရှင်းရေးအတွက် တွေ့ဆုံဆွေးနွေးတာတွေကို စတင်ကြဖို့ တရုတ်နိုင်ငံက လိုလားတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ်စ် ကျန်းယု (Ms. Jiang Yu) က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

အာရပ်နိုင်ငံ တနိုင်ငံဖြစ်တဲ့ ယီမင်နိုင်ငံမှာတော့ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ရဲ့ ကာလရှည်ကြာ အနီးကပ်လူယုံ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် အလီ မိုဆန် အယ်လ်-အာမာ (Ali Mohsen al-Ahmar) နဲ့ တခြားသော တပ်မှူးကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ် မိုဟာမက် အလီ မိုဆန် (Mohammad Ali Mohsen)၊ ဗိုလ်မှူးချုပ် ဟာမိဒ် အယ်လ် ကူဆိုင်ဘီ (Hameed al-Qusaibi) တို့က သမ္မတ ဆာလေး ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ကြပြီး သူတို့ဟာ ဆန္ဒပြ ပြည်သူတွေကို ထောက်ခံ ပူးပေါင်းမယ်လို့ ကြေညာခဲ့ကြပါတယ်။

XS
SM
MD
LG